News

ဆီတင်သင်္ဘောများ ရုရှားက ထွက်လာနေပြီ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ အဓိကသုံးမည်

စက်သုံးဆီတင်သင်္ဘောများ ရုရှားနိုင်ငံက ထွက်လာနေပြီဖြစ်သောကြောင့် ရက်ပိုင်းအတွင်း ရန်ကုန်မြို့ကို ရောက်ရှိမည်ဖြစ်ကြောင်း၊ ရောက်ရှိလာမယ့် စက်သုံးဆီတွေကို အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ အဓိကထားပြီး ဖြန့်ဖြူးပေးသွားမယ်လို့ စကစ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဇော်မင်းထွန်းက ပြောပါသည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ ခရီးသည်တင်ကား၊ ရထားလိုင်းတွေ၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေကို အဓိကထားဖြန့်ဖြူးပေးသွားမယ်လို့ ဆိုပါတယ်။ ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်က နေပြည်တော်၌ ပြုလုပ်သော အကြိမ် ၂၀ မြောက် သတင်းစာရှင်းလင်းပွဲအတွင်း သတင်းမီဒီယာ၏ မေးမြန်းချက်အပေါ် ယင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဖြန့်မှာကတော့ အများပြည်သူကို ဖြန့်မှာ၊ ရုရှားနိုင်ငံက ထွက်လာပါပြီ။ လမ်းခုလတ်မှာရောက်နေပါပြီ။ ဘယ်နေ့ဆိုတာရက် တိတိကျကျ မပြောတတ်ဘူး။ ရက်ပိုင်းအတွင်းရောက်မှာပါ” ဟု ဇော်မင်းထွန်းက ပြောသည်။

ရုရှားနိုင်ငံက စက်သုံးဆီတွေ စက်တင်ဘာလအတွင်း ရောက်ရှိမယ်လို့ စကစ က‌ ပြောထားပြီး ဘယ်လောက်ပမာဏ မှာယူထားတယ်ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဒါ့အပြင် ရုရှားနိုင်ငံကနေ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာများကိုလည်း တင်သွင်းသွားဖို့ နားလည်မှုစာချွန်လွှာလက်မှတ်ထိုးခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဇော်မင်းထွန်းက ပြောပါတယ်။

စကစ အနေဖြင့် ရုရှားက ပထမအသုတ်ရောက်လာမည့် စက်သုံးဆီမှာ တန်ချိန် ၁၅,၀၀၀ ဆံ့ သင်္ဘာ (၂) စီး ဖြစ်၍ စုစုပေါင်း စက်သုံးဆီတန်ချိန် ၃ သောင်းဖြစ်ကြောင်း၊ ရုရှားစက်သုံးဆီများရောက်လာပါက ဈေးနှုန်းမှာ စင်ကာပူကသွင်းနေသော ဈေးနှုန်းထက်လျော့မည်ဖြစ်၍ ပြည်တွင်း စက်သုံးဆီဈေး ကျဆင်းနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် လဆန်းပိုင်းက ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ် (၁၂၇/ ၂၀၂၂) ဖြင့် ဖွဲ့စည်းထားပြီး ဖြစ်သည်။

“ရုရှားနိုင်ငံကတော့ ရေနံမူရင်းထွက်တဲ့ နိုင်ငံဖြစ်ပါတယ်။ မူရင်းထွက်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်တဲ့နေရာမှာ နံပါတ် (၁) က ဈေးနှုန်းသက်သာရမယ်။ နံပါတ် (၂) က အရည်အသွေး ပြည့်မီပြီးတော့ လျင်လျင်မြန်မြန်ရနိုင်ရမယ်။ ဒီအချက်နှစ်ချက်အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ဇော်မင်းထွန်းက ပြောကြားခဲ့သေးသည်။

Leave a Comment

You cannot copy content of this page