မီးလင်းရွှေ ဆိုတာ ဘာလဲ..? စတိထည် ဆိုတာ ဘာလဲ..?
မီးလင်းဆိုတာ.. ၁၆ ပဲရည်ပြည့် အခေါက်ရွှေကို မီးဖုတ်လိုက်ပြီးလည်း အရောင်မပြောင်းဘဲ သဘာဝရွှေသားအရောင်လေး ဖြစ်နေတာကို တင်စားပြောတာ.. ဘာဒြပ်စင်မှ မရောထားတဲ့ ၁၀၀% ရွှေသားစစ်စစ်ပေါ့..
(ဒီနေရာမှာ ကြုံလို့ ပြောပြချင်တာက တချို့တွေ ၁၅ ပဲရည်ရွှေထည်ကို မီးထိလိုက်လို့ မည်းသွား/အရောင်ပြောင်းသွားတဲ့အခါ စိတ်ထဲ တစ်မျိုးထင်တတ်ကြလို့ပါ.. ရွှေကို အခြားဒြပ်စင် ရောထားတဲ့အခါ မီးဖုတ်လိုက်ရင် အရောင်ပြောင်းပါတယ်.. ၁၅ ပဲရည်ဖြစ်ဖို့ဆိုတာ ရွှေသားကို ကြေးနဲ့ဘော် ဒြပ်စင်တို့ အချိုးကျ ရောစပ်ရပါတယ်..)
စတိအကြောင်း ဆက်ပြောပါ့မယ်.. စတိလို့ခေါ်ရတာက လက်ကောက်ဖြစ်ရုံ လက်စွပ်ဖြစ်ရုံ စတိသဘော ကွင်းထားတယ်လို့ အဓိပ္ပါယ်ရပါတယ်.. ဂဟေမသုံးပါဘူး.. ချောမွေ့မနေပါဘူး.. အကြမ်းထည်ဆိုတဲ့ အဓိပ္ပါယ်ပါ.. ကဲဒါဆို စတိထည်ဆိုတာ ဘာလဲ သိကြပြီနော်.. ဒါကြောင့် စတိထည်တွေကို အလျော့မယူဘဲ လက်ခသာ ယူကြပါတယ်.. ပြန်ဝယ်တဲ့အခါ အခေါက်တုံးတွေနဲ့ စျေးတူပေးဝယ်ကြပါတယ်..
အင်္ကျီချုပ်တဲ့အခါ ပုံဆန်းရင် ဆန်းသလို ချုပ်ခ စျေးကြီး ပေးရပါတယ်.. လိုသလိုပုံညှပ်ရဖို့ ပိတ်စလည်း ပိုပေးရပါတယ်.. ပုဆိုး/ထမီ တို့လို အထည်လေးတွေ အတွက်ကတော့ ပိတ်အလေအလွင့်လည်း နည်းပါတယ်.. ချုပ်ရတာလည်း လွယ်ကူလျင်မြန်ပါတယ်.. ဒါကြောင့် ပုံဆန်းတွေထက် ချုပ်ခ သက်သာပါတယ်.. အလျော့တွက် ယူခြင်း မယူခြင်း၊ အလျော့တွက် နည်းခြင်းများခြင်း တွေဟာလည်း ဒီသဘောလေးပေါ့နော်..
လက်မှုအနုပညာ လုပ်သားလေးတွေ အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း အားပေးချီးမြှင့်တဲ့သဘော.. ကိုယ်တိုင်လည်း ပုံစံဆန်းပြားဝတ်ချင်တာ မဟုတ်ဘဲ စုရင်းဝတ်တဲ့ သဘောမျိုးအတွက် စတိထည်ဆိုတာ မြတ်နိုးစရာ ရွှေသားအနုပညာလေးပါရှင်..
(ရွှေစင်အကယ်ဒမီ, ပုံ – မြန်မာချမ်းသာ အကယ်ဒမီအခေါက်ရွှေဆိုင်)