ပထမသမီးတော် (သို့) အချစ်အတွက် တစ်သက်တာ ဘဝတစ်ခုလုံးကို ရတနာဂီရိမှာ အကျဉ်းချထားသူ..
ကျွန်မစာအုပ်တစ်အုပ် ရလာလို့ ဖတ်လိုက်ရပါတယ်။ SUDHA SHAH ရေးသားထား တဲ့ The King in Exile The Fall of Royal Family of Burma စာအုပ်ကို ဆရာဝင်းငြိမ်းက ဘာသာပြန်ထားပါတယ်။ ဒီစာအုပ်မှာ သီပေါမင်း၊ စုဖုရားလတ်၊ စုဖုရားလေးတို့ ရတနာဂီရိ ရောက်ရှိသွားပြီးနောက်ပိုင်းအခြေအနေနဲ့ ကျွန်မတို့ မသိမမြင်မဖတ်ဖူးသေးသော သမီးတော်များအကြောင်း၊ မြေးတော်များမြစ်တော်များ အကြောင်းပါသိလာပါတယ်။
ဆရာဝင်းငြိမ်းဘာသာပြန်တာကို ဆရာမောင်သန်းဆွေ (ထားဝယ်) နှင့် ကနောင်မင်းသားကြီးမြစ်တော် သူ၏ခင်ပွန်းဦးစိန်မောင်ဦး (ရှေးဟောင်းသုတေသန (ငြိမ်း) တို့က ကူညီကြီးကြပ်ပေးပါတယ်။ မူရင်းစာရေးသူ (၇) နှစ်ကြာသုတေသနလုပ်ပြီး ရေးဖွဲ့ထားခြင်းဖြစ်တယ်။ သူ့သဘောနှင့်သူ ရေးသားထားခြင်းမဟုတ်ပဲ သူ့စာကြောင်းတစ်ကြောင်းတိုင်း အကိုးအကားအပြည့်အစုံရှိပါတယ်။
ပထမသမီးတော်အကြောင်းဖတ်ရတာ ဝမ်းနည်းကြေကွဲစရာ ကောင်းပါတယ်။ သမိုင်းဆိုတာ လုပ်ယူလို့မရသလို ပြောင်းလဲလို့လဲမရဘူး။ သမိုင်းကို ကျွန်မတို့ မသိမကြုံဘူးတဲ့အကြောင်းအရာတွေ ဗဟုသုတအနေနဲ့ ဖတ်ရပါမယ်။ ဒေါက်တာသန်းထွန်းပြောသလို မအ အောင်လည်းဖတ်ရပါတယ်။ သင်ခန်းစာယူဖို့ ဖတ်ရပါမယ်။ ထိုမှတပါး ကံနည်း၊ ဥာဏ်နည်းရှာသူ ပထမသမီးတော်အကြောင်းကိုလည်း စာနာစိတ်လေးနဲ့ ဖတ်စေချင်ပါတယ်။
ပထမသမီးတော်ဟာ ၁၈၈၆ ခုနှစ်မှာ ရတနာဂီရိကို ရောက်လာခဲ့ပြီး ၁၉၄၇ ခုနှစ် ဇွန်လ ၃ ရက်နေ့ အသက် ၆၇ နှစ်မှာ ကံတော်ကုန်ခဲ့တယ်။ ၁၉၂၀ ခုနှစ်မှာ မယ်တော်စုဖုရားလတ်၊ တတိယသမီးတော်၊ စတုတ္ထသမီးတော်တို့နှင့်အတူမြန်မာပြည်ကို တစ်နှစ်ပြန်ခဲ့တာကလွဲလို့ သူ့ဘဝတစ်လျှောက်လုံး ရတနာဂီရိမှာပဲ ကုန်ဆုံးခဲ့တယ်။ ပထမသမီးတော်ဟာ ခမည်းတော်၊ မယ်တော်တို့နဲ့ ရတနာဂီရိစံအိမ်တော်မှာ စံနေစဥ်ကတည်းက အိမ်တော်တံခါးစောင့်ဂိုပါးလ်နှင့်ရနေပြီး သမီးလေးတုတုရနေပြီဖြစ်တယ်။ မြန်မာပြည်ကိုပြန်တော့တုတုက ၁၂ နှစ်သမီးရှိနေပြီး ဘိုးတော်သီပေါမင်းကို ကောင်းစွာမီလျက် အဖိုးရဲ့အချစ်တော်မြေးလည်းဖြစ်တယ်။
ပထမသမီးတော်မြန်မာပြည်ကို ခေတ္တသာပြန်လာပြီး ရတနာဂီရိကို ပြန်သွားလိုတဲ့ဆန္ဒကတော့ ဂိုပါလ်းက ပြန်လာဖို့ခေါ်တာကတစ်ကြောင်း မြန်မာပြည်မှာသူဟာ အမျိုးဘာသာမတူတဲ့သူနဲ့ လက်ဆက်ထားလို့ အသိုင်းအဝိုင်းမှာ မျက်နှာမလှတော့မနေလိုပဲ သူကြီးပြင်းကျဥ်လည်ရာ ရတနာဂီရိမှာပဲနေမယ်လို့ ဆုံးဖြတ်ထားတယ်။
ဗြိတိသျှအစိုးရက ရတနာဂီရိကိုပြန်ရင် တော်ဝင်မင်းသမီးဘဝကို စွန့်လွှတ်ရမယ်။ သာမန်အရပ်သူလိုပဲ နေထိုင်ရမယ်ပြောတာသိရက်နဲ့ ရန်ကုန်မြို့မှာ မင်းသမီးအဖြစ်မှ စွန့်လွှတ်ကြောင်းလက်မှတ်ရေး ထိုးလိုက်တယ်။ သူကဂိုပါလ်းရဲ့အချစ်ကိုယုံကြည်သလို သူငယ်ငယ်လေးထဲက နေထိုင်ခဲ့ရတဲ့ ရတနာဂီရိမှာနေမှ စိတ်ရောကိုယ်ပါလုံခြုံလိမ့်မယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် သူထင်သလိုမဖြစ်ပါဘူး။ ဂိုပါလ်းက သမီးတော်ပြန်လာရင် အိမ်တစ်လုံးသီးသန့်ငှားပေးမယ် ဆိုလို့ပြန်လာတာ အိမ်ကသူငယ်ငယ်ကနေထိုင်ခဲ့တဲ့ စံအိမ်တော်လိုမျိုး မျှော်လင့်ခဲ့ပေမယ့် အိမ်သေးသေးလေးတစ်လုံးသာဖြစ်တယ်။ ခမည်းတော်သီပေါဘုရင် မြုပ်နှံထားတဲ့ ဂူသင်္ချိုင်းနှင့် မဝေးလှတဲ့နေရာမှာ ရှိတယ်။
အင်္ဂလိပ်အစိုးရက ပထမသမီးတော်ကို ရူးပီး ၂၀၀ ထောက်ပံ့ကြေးပေးတယ်။ ရတနာဂီရိနေရာမျိုးမှာ ရူးပီး ၂၀၀ က သင့်တင့်အောင်သုံးစွဲနိုင်ပေမယ့် ငွေကြေးကို စနစ်တကျမသုံးစွဲတတ်တော့ မလောက်မငှ ဖြစ်ရတယ်။ ဂိုပါးလ်က ပထမသမီးတော်ဆီက ပင်စင်ငွေကို လာရောက်ယူတတ်တာလည်းပါတာပေါ့။ အိမ်ငှားခကိုလည်း ပင်စင်ငွေမှ ပေးရတယ်။ ဂိုပါလ်းဟာ ဟိန္ဒူတို့၏ ယဥ်ကျေးမှုဓလေ့ထုံးစံအတိုင်း ပထမသမီးတော်ကို တရားဝင်ယူထားခြင်းမရှိဘူး။ ဒါကြောင့် ရတနာဂီရိအသိုင်းအဝိုင်းမှာ ဝင်ဆန့်ခြင်း မရှိပါဘူး။
အင်္ဂလိပ်အစိုးရကလည်း တော်ဝင်မင်းသမီးအဖြစ်စွန့်လွှတ်ထားတဲ့ ပထမသမီးတော်ရဲ့ တရားဝင်အချက်အလက်များကို မှတ်တမ်းတင်ထားတာမရှိဘူး။ သူဟာရတနာဂီရိမှာ သမီးလေးတုတုကို အဖော်ပြုပြီးနေရတယ်။ တုတုအိမ်ထောင်ပြုသွားတော့ တစ်ကိုယ်တည်းနေထိုင်တယ်။
ပထမသမီးတော်ဟာ ဗုဒ္ဓဘာသာဝင်ပီပီ ကံနှင့်ကံ၏အကျိုးတရားကို ယုံကြည်လက်ခံတယ်။ ယခုဘဝမှာ ကြုံတွေ့နေရသော ဒုက္ခများသည် ယခင်ဘဝက ဆိုးကျိုးများကို ပြန်လည်ခံစားနေရဖြစ်တယ်။ နောင်ဘဝကောင်းကျိုးချမ်းသာရဖို့ ဒီဘဝမှာပေးဆပ်ပြီး ဘာသာရေးကို ဦးစားပေးလုပ်ဆောင်နေတယ်။ နေ့စဥ် တရားရှုမှတ်ခြင်း၊ ပုတီးစိတ်ခြင်းတို့ပြုလုပ်ပြီး ကောင်းမှုကုသိုလ်အတွက် စားသောက်ဖွယ်ရာများကို နှမြောတွန့်တိုစိတ်မရှိပဲ အမြဲပေးကမ်း လှူဒါန်းခဲ့တယ်။ တရားဓမ္မမှာမွေ့လျှော်ပြီး အလှူအတန်းရက်ရောသော ပထမသမီးတော်ကို ရတနာဂီရိမြို့သူမြို့သားများက ချစ်ခင်နှစ်သက် ကရုဏာထားကြတယ်။
သို့သော် သမီးတော်ကို မည်သူမှ မေးမြန်းပြောဆိုခြင်းတော့ မပြုကြပေ။ ပထမသမီးတော်က လူမှုရေးနယ်ပယ်မှာ မည်သူနဲ့မျှထွေးရောယှက်တင် နေထိုင်တတ်တာမရှိခြင်း။ ရတနာဂီရိပြည်သူများရဲ့ ယဥ်ကျေးမှုဓလေ့ ထုံးစံများနှင့်အကျွမ်းတဝင်မရှိတာတွေကြောင့် ပတ်ဝန်းကျင်မှာ အဆက်အစပ်မရှိတာဟာ မထူးဆန်းပါဘူး။
ဒီလိုနဲ့ ပထမသမီးတော်ဟာ သူ့ရဲ့လက်ကျန်သက်တမ်းများကို အထီးကျန်စွာဖြတ်သန်းပြီး ဘဝရဲ့နိဂုံးအဆုံးသတ်ချိန် ရောက်ရှိလာပါတယ် ၁၉၄၇ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ ကံတော်ကုန်သွားသော ပထမသမီးတော်ရဲ့ စျာပနကို ဇွန်လ ၅ ရက်နေ့ မှာပြုလုပ်ပါတယ်။ စျာပနအခန်းအနားကို ရတနာဂီရိ၏ အဓိကလမ်းမကြီးမှ မီးသင်္ဂြိုလ်မည့် နေရာသို့ သယ်ဆောင်လာတယ်။ ပထမသမီးတော်ရဲ့ တစ်ဦးတည်းသောသမီးတုတုက ပူဆွေးသောက ရောက်နေရှာတယ်။ မူဆလင်အဖွဲ့အစည်း၏ ဥက္ကဌက ရုပ်အလောင်းကို ပန်းများဖြင့်ဖုံးလွှမ်းပေးတယ်။ ရတနာဂီရိရှိကုန်သည်များ၊ အဖွဲ့အစည်းများက လိုက်ပါပို့ဆောင်ကြတယ်။ ဒိစကြိတ်ပုလိပ်အဖွဲ့က ဂုဏ်ပြုတပ်ဖွဲ့နှင့် ဂုဏ်ပြုပေးတယ်။
တရားသူကြီးနှင့် မြို့မျက်နှာဖုံးတို့က ဝမ်းနည်းစကားပြောကြတယ်။ ပုလိပ်တပ်ဖွဲ့က ဘင်ခရာနှင့်တီးခတ်ပေးပြီး ဂုဏ်ပြုသည့်အနေနဲ့ သေနတ်ပစ်ဖောက်ပေးခဲ့တယ်။ အိန္ဒယအစိုးရက ရူပီး ၅၀၀၀ ကုန်ကျခံကာ ပထမသမီးတော်အတွက် အုတ်ပြသာဒ်ကို ခမည်းတော်သီပေါဘုရင်၏ ဂူပြသာဒ်နံဘေးမှာ တည်ဆောက်ပေးခဲ့တယ်။ ဂူပြသာဒ်မှာ အရိုးပြာထည့်ရန် အပေါက်ငယ်လေးဖောက်ထားပေမယ့် အထဲမှာအရိုးပြာအိုးက ရှိမနေခဲ့ပါဘူး။ ပထမသမီးတော်ရဲ့အရိုးပြာအိုးကိုမြန်မာပြည်ကို ပြန်ပို့ပေးရမလား။ ဂူအတွင်းမှာပဲ မြုပ်နှံရမလား အပြီးသတ် မဆုံးဖြတ်ရသေးခင် သစ်သားသေတ္တာထဲထည့်ထားသော အရိုးပြာအိုးကို ရတနာဂီရိငွေတိုက်မှာ ထိမ်းသိမ်းထားခဲ့တယ်။
နောက်တော့ ပထမသမီးတော်ရဲ့ အရိုးပြာအိုးဟာ ပျောက်ဆုံးသွားတယ်။ အဲဒီအချိန်က အိန္ဒိယနိုင်ငံမှာရော မြန်မာနိုင်ငံပါ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေချိန်ဖြစ်လို့ အရိုးပြာအိုးပျောက်ဆုံးသွားတာ မှေးမှိန်သွားတယ်။ ဝမ်းနည်းစရာကောင်းတာက ပထမသမီးတော်ဟာ ကွယ်လွန်ပြီးချိန်အထိ ကံဆိုးလျက်ရှိနေတာပါပဲ။