Knowledge

ပုဂ္ဂလိက ဆေးရုံတွေမှာ ကိုဗစ် စစ်ခွင့်၊ ကုသခွင့် ပေးခြင်းဖြင့် ဖြစ်လာမယ့် အကျိုးဆက်များ

ပုဂ္ဂလိက ဆေးရုံတွေမှာ ကိုဗစ် စစ်ခွင့်၊ ကုသခွင့် တကယ် အကောင်အထည် ပေါ်ပါ့မလား။

အစိုးရက ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်ကို စစ်ဆေးခွင့်၊ ကုသခွင့်ကို မူအားဖြင့် သဘောတူတယ်ဆိုပြီး သတင်းတွေမှာပါလာတော့ လူတွေက ဝမ်းသာကြပါတယ်။

အခုလက်ရှိအခြေအနေကတော့ အဖျားရှိတဲ့ လူနာ၊ မောနေတဲ့လူနာ၊ အောက်စီဂျင် ကျနေတဲ့ လူနာ၊ ရင်ဘတ်ဓါတ်မှန်မှာ အဆုတ်ရောင်တာ တွေ့နေတဲ့လူနာ၊ သွေးအဖြေ မကောင်းတဲ့ လူနာတွေကို ကိုဗစ်သံသယလူနာဆိုပြီး ပုဂ္ဂလိက ဆေးရုံတွေက လက်မခံရဲဘဲ အစိုးရဆေးရုံကို လွှဲနေတာပါ။ ဒီလို လွှဲတာက ပုဂ္ဂလိကဆေးရုံတွေက မကုချင်လို့ လွှဲတာမဟုတ်ဘဲ ချမှတ်ထားတဲ့ ပေါ်လစီကြောင့် လွှဲနေရတာပါ။ အစပိုင်းမှာ ပိုးတွေ့လူနာတွေ့ရင် ဆေးရုံတွေကို လော့ဒေါင်းချပစ်တာ၊ ဆရာဝန် ဆရာမတွေကို တသီတသန်းကြီး Q ဝင်ခိုင်းတာတွေကြောင့် ပုဂ္ဂလိကဆေးရုံတွေက လူနာတွေကို လက်ခံဖို့ ငြင်းဆန်လာကြပြီး သံသယရှိတာနဲ့ အကုန်လွဲ ဆိုတာလို ဖြစ်လာတာပါ။

ကိုဗစ်ရောဂါ ရှိ မရှိ စစ်ခွင့်ကိုလဲ အစိုးရက လုံးဝချုပ်ကိုင်ထားတာကြောင့် ဘယ်သူမှ စစ်ခွင့် မရှိပါဘူး။

စစ်ခွင့် မပေးတာကြောင့် ကိုဗစ်တကယ် ဟုတ်မဟုတ် မသိ၊ သံသယရှိရင် လွှဲလိုက်ဆိုတာလို ဖြစ်နေခဲ့တာပါ။ အခု ပိုးတွေ့နှုန်း အကြမ်းဖျင်း ၁၀% ရှိတာကြောင့် လူနာ ၉၀% က ပိုးကို မြန်မြန်မစစ်နိုင်တာရယ်၊ ပုဂ္ဂလိကကို ပေးမစစ်တာတွေရယ်ကြောင့် အစိုးရဆေးရုံ အရေးပေါ်ဌာနမှာ သံသယလူနာ PUI အနေနဲ့ ပုံနေပြီး ကြမ်းပေါ်ဖျာခင်း၊ ပက်လက်ကုလားထိုင်နဲ့ ဒုက္ခရောက်နေပုံ အမြင်မတော်တာတွေ ဖြစ်လာတာပါ။

အခု ကိုဗစ်ကို ပြင်ပ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေကို ပေးစစ်မယ်ဆို ဒီဒုက္ခတွေ အတော်ငြိမ်းသွားမှာပါ။ လုပ်သင့် သွားသင့်တဲ့ ပေါ်လစီပါ။ ကြိုဆိုပါတယ်။

ဒီပေါ်လစီ တကယ်အလုပ်ဖြစ်ခဲ့ရင် ကြပ်ညပ်နေတဲ့ အစိုးရဆေးရုံတွေ ချောင်သွားနိုင်လို့ အခြေခံလူတန်းစားတွေအတွက် အတန်ငယ် ချောင်ချိသွားနိုင်ပြီး တတ်နိုင်တဲ့လူတန်းစား အတွက်လဲ ပုဂ္ဂလိကဆေးရုံမှာ သက်တောင့်သက်သာ ဆေးရုံတက် ကုသခွင့်ရမယ်ပေါ့လေ။ ပုဂ္ဂလိက ဆေးရုံတွေကနေ တခြားရောဂါကုရင်း အဆုတ်ရောင်လာလို့ ကိုဗစ်သံသယ PUI ဆိုပြီး အစိုးရဆေးရုံကို လွှဲရတဲ့ ဒုက္ခလဲ မရှိတော့ဘဲ ပုဂ္ဂလိကဆေးရုံမှာပဲ ကိုဗစ်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ဆေးကုသခွင့် ရတော့မည်ပေါ့။ တကယ် ကုသခွင့်ရခဲ့ရင် လူနာတွေ အတော်အဆင်ပြေသွားမှာ အသေအချာပါပဲ။

ပုဂ္ဂလိက ဆေးရုံမှာ လူနာတွေကို ကိုဗစ်စစ်ခွင့်ပေးမယ်ဆိုရင် ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေ အတွက်လဲ ကြိုတင် အကာအကွယ်ယူလို့ရတော့ အထိုက်အလျောက် အန္တရာယ်ကင်းသွားတာပေါ့။ အစိုးရဆေးရုံဖက်က ကျန်းမာရေးဝန်ထမ်းတွေလဲ လပေါင်းများစွာ တစ်ယောက်ထဲ ကုန်းရုန်းထမ်းရတဲ့ဝန် ကူထမ်းမယ့်သူပေါ်လာတော့ သက်သာသွားတာပေါ့။

ဒါပေမယ့် ပေးစစ်ရုံနဲ့ မပြီးသေးဘဲ လွတ်လွတ်လပ်လပ်ပေးစစ်ရင် ပေါ်ထွက်လာမယ့် လူနာအသစ် တပြုံတခေါင်းကြီးအတွက် သင့်တော်မယ့် ပေါ်လစီပြောင်းဖို့ လိုလာပါတယ်။ အကန့်အသတ်နဲ့ပဲ ပေးစစ်အုန်းမယ်ဆိုရင်တော့ မပြောတတ်ပါဘူး။

အခု အားလုံးသိတဲ့အတိုင်း ပိုးတွေ့လူနာက တစ်ထောင်ပတ်ခြာလည်မှာ ငြိမ်နေပါတယ်။ တကယ်သာ containment ပေါ်လစီ အောင်မြင်ရင် stay at home တစ်လကျော် လုပ်အပြီးမှာ လူနာဦးရေ ကျသင့်ပေမယ့် မကျပါ။ အောင်မြင်လား မအောင်မြင်လား အားလုံး ကိုယ့်ပတ်ဝန်းကျင်မှာ ကြားသိနေရတာမို့ မပြောတော့ပါဘူး။ လူတွေက ဆေးရုံရဲ့ ဒုက္ခတွေကို ကြောက်ကြလွန်းလို့ မပြင်းထန်ရင် အိမ်မှာပဲ နေလိုက်ကြပါတော့တယ်။ သွားမစစ်ကြတော့ပါဘူး။

ပုဂ္ဂလိကဆေးရုံကို နိုင်ငံခြားက test kit ကို တကယ်လွတ်လွတ်လပ်လပ်ပေးဝယ်ပြီး ပေးစစ်ရင် လူနာတွေ တရကြမ်းတွေ့မှာ အသေအချာပါပဲ။ လူတွေကလဲ အပြင်ဆေးရုံမှာ စစ်ပေးမယ်၊ ဆေးရုံတက်စရာမလိုဘဲ စစ်ပေးမယ်ဆို အများကြီး မိသားစုလိုက် အစစ်ခံကြမှာပါ။

အဲ့လို တိမ်မြုပ်နေတဲ့လူနာတွေ အများကြီးပေါ်ထွက်လာရင် အခုသွားနေတဲ့ ပိုးတွေ့သူမှန်သမျှ ဆေးရုံတင် (သို့) ကုသရေးစင်တာလို့ခေါ်တဲ့ နေရာတွေကိုပို့ဆိုတဲ့ ပေါ်လစီအရဆို ဘယ်လိုမှ တိုးချဲ့လို့လောက်မှာ မဟုတ်ပါဘူး။ ဒါက နိုငံငံရေးပါပါလာပါတယ်။ ပေးစစ်လို့ ပိုးတွေ့လူနာ အများအပြားထွက်လာရင် containment မအောင်မြင်ဘူးဆိုတာ အစိုးရဖက်က ဝန်ခံရတော့မယ့် ကိစ္စဖြစ်လာပါတယ်။ ကိုဗစ် ပေါ်လစီ လုံးဝပြောင်းသွားနိုင်ပါတယ်။

အဲ့တော့ လွတ်လွတ်လပ်လပ်ပေးစစ်မယ်ဆိုရင် ရောဂါလက္ခဏာမပြတဲ့ မပြင်းထန်တဲ့ ပိုးတွေ့သူတွေကို အိမ်မှာပေးနေမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ အိမ်ရဲ့ အခြေအနေဘယ်လိုမှ သီးသန့်မနေနိုင်တဲ့သူနဲ့ ကုသမှုလိုတဲ့သူကိုသာ ဆေးရုံကို ခေါ်မှ အဆင်ပြေပါလိမ့်မယ်။ ဒါက home Q ကိစ္စပါ။

နောက်တခုက ပုဂ္ဂလိကဆေးရုံမှာ ကုသခွင့်ပါ။ ကုသခွင့်ပေးမယ်ဆိုတာကို ဝမိးသာပြီး ထောက်လဲထောက်ခံပါတယ်။

ဒါပေမယ့် အစိုးရဖက်က လက်တွေ့ကျပြီး တည်ငြိမ်တဲ့ ပေါ်လစီ ရှိမှ ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာ ကုသရေးဟာ အကောင်အထည် ပေါ်ပါလိမ့်မယ်။ မတည်ငြိမ်ရင် လက်တွေ့ မကျရင် ဒီကိစ္စက အကောင်အထည် မပေါ်နိုင်လောက်ပါဘူး။

နံပါတ်တစ်က တည်ငြိမ်တဲ့ ကုသမှုပေါ်လစီပါ။ ဒီနေ့ ပေးကုမယ် ခွင့်ပြုလိုက်၊ နောက်နေ့ ပြန်ပြောင်းပြီး ခွင့်မပြုဘူးလုပ်လိုက် လုပ်လို့မရပါဘူး။ ခွင့်ပြုပြီဆို တသမတ်ထဲ ခွင့်ပြုရမှာပါ။ ဒါက ပထမအချက်။

နောက်တခုက လက်တွေ့ကျတဲ့ ပေါ်လစီပေါ့။

ကိုဗစ်လူနာကို ပုဂ္ဂလိကဆေးရုံက လက်ခံမယ်ဆိုရင် ဆေးရုံက သူရဲ့ အဆောင်တစ်ခု သို့မဟုတ် အထပ်တစ်ထပ်ကို ကိုဗစ်အတွက် သီးသန့်ပေးရတော့မှာ ဖြစ်ပါတယ်။ ကိုဗစ်လူနာ လက်ခံကုသမှုပေးတယ်ဆိုတာ ကြေငြာရတော့မှာ ဖြစ်ပါတယ်။

ဒီလိုကြေငြာတဲ့ အခါမှာ ပုဂ္ဂလိကဆေးရုံဖက်က အမြတ်အနေနဲ့ ဒီဆေးရုံဟာ ကိုဗစ်တိုက်ဖျက်ကုသရေးမှာ တတပ်တအားပ့ါဝင်တယ်ဆိုတဲ့ နာမည်ကောင်းရနိုင်ပါတယ်။ ဆေးရုံလုံးဝ အခန်းပြည့်ပါမယ်။ တက်ချင်ကြလွန်းလို့ တန်းတောင်စီပြီး တိုးဝှေ့လုယက်ကြအုန်းမှာပါ။ ကိုဗစ် စစ်ဆေးမှုကနေပြီးတော့လဲ အမြတ်ရမှာပါ။

ဘာတွေ အခက်အခဲရှိနိုင်သလဲဆိုတော့ ကိုဗစ်လူနာကို လက်ခံကုသပြီဆိုတာနဲ့ ကိုဗစ်မဟုတ်တဲ့ လူနာတွေက အဲ့ဒီဆေးရုံကို ရှောင်ကြမှာပါ။ ဒါ သေချာပါတယ်။ လူနာတွေကသာမက ဆရာဝန်တွေပါ ဆေးခန်းထိုင်ကြဖို့ ခက်သွားနိုင်ပါတယ်။ ဆရာဝန်အားလုံးက ကိုဗစ်ဆရာဝန်တွေချည်း မဟုတ်ပါဘူး။ ပြင်ပလူနာဌာနမှာ ကိုဗစ်လူနာက လွဲလို့ ကျန်တဲ့လူနာလာဖို့ မဖြစ်နိုင်သလောက်ပါပဲ။

ကိုဗစ်ကုသတဲ့ဆေးရုံရဲ့ ပြင်ပလူနာဌာန၊ ဓါတ်မှန်ဌာန၊ ဓါတ်ခွဲခန်း၊ ခွဲခန်း အစရှိတဲ့ ဌာနအသီးသီးက ဝင်ငွေဟာ ကျဆင်းမှာဖြစ်ပါတယ်။ ကိုဗစ်လူနာအတွက် အသုံပြုရတဲ့ ဓါတ်ခွဲခန်း၊ ဓါတ်မှန်ဟာ တခြားလူနာတွေလောက် မရှုပ်ထွေးလှပါဘူး။ ဘာမှ ရောဂါပြင်းပြင်းထန်ထန်မဖြစ်ဘဲ နားချင်တဲ့ လူနာတွေအတွက်ဆို ပုဂ္ဂလိကဆေးရုံက အခန်းခပဲ ရမှာပါ။ အဲ့ကျဆင်းတဲ့ ဝင်ငွေကို ပုဂ္ဂလိကဆေးရုံက ပြန်ရှာမှာလား၊ မရှာဘူးလား။ ဒါက ပုဂ္ဂလိကဆေးရုံရဲ့ မူဝါဒပါပဲ။ ပြန်ရှာမယ်ဆို အခန်းခတွေ မြှင့်ယူရမှာပါ။ အဲ့တော့ လူနာက ပိုပေးရဖို့ ရှိပါတယ်။

နောက်တခုက လူအင်အားပါ။ အပြင်ဆေးရုံက ဝန်ထမ်းတွေက အစိုးရဆေးရုံလို မဟုတ်ဘဲ ကိုဗစ်လူနာဆောင်မှာ လုပ်ချင်တဲ့သူ မလုပ်ချင်တဲ့သူ မျိုးစုံရှိနိုင်ပါတယ်။ အစိုးရဝန်ထမ်းလို အတင်းအကျပ်လုပ်လို့ မရနိုင်ပါဘူး။ ဆုကြေးငွေ၊ လစာ၊ ခံစားခွင့် ပိုပေးရတာလဲ ရှိနိုင်ပါတယ်။

ပုဂ္ဂလိကဆေးရုံရဲ့ ကျန်းမာရေးဝန်ထမ်းအင်အားကို အစိုးရက စီမံထောက်ပံ့မှာလား၊ ပုံမှန်အချိန်လိုပဲ လူနာရွေးချယ်တဲ့ စိတ်ကြိုက်သမားတော်တွေနဲ့ ဆက်ကုကြမလားဆိုတာလဲ အစိုးရနဲ့ ပုဂ္ဂလိက ညှိုကြ နှိုင်းကြးအုန်းမှာပါ။

နောက်တစ်ခုက အထူးကြပ်မတ်ခန်း ICU ကိစ္စပါ။ ကျန်တဲ့ ကိစ္စ ကိုဗစ်ကို သီးသန့်ပေးထားလို့ ရနိုင်ပေမယ့် ပြင်ပဆေးရုံမှာ ICU နှစ်ခြမ်းခွဲဖို့ကတော့ လူရော စက်ရော မလွယ်ကူတဲ့ အနေအထားမှာ ရှိပါတယ်။ ရောထားဖို့လဲ အဆင်မပြေတော့ ဘယ်လိုလုပ်ကြမလဲ အတော် ဦးနှောက်ခြောက်စရာပါပဲ။

ဒီကိစ္စတွေကတော့ ကျွန်တော် ဥာဏ်မှီသလောက် ပြင်ပ ပုဂ္ဂလိကဆေးရုံတွေ ကိုဗစ်လူနာ လက်ခံရင် ကြိုတင်ပြင်ဆင်ပြီး အစိုးရနဲ့ အကြေအလည် ညှိနိုင်းရမယ့် အရာတွေလို့ မြင်မိပါတယ်။ အစိုးရဖက်ကလဲ တကယ် ပုဂ္ဂလိကဆေးရုံတွေကို ကိုဗစ်မှာ ပါစေချင်ရင် အစိုးရရော၊ လူနာရော၊ ပုဂ္ဂလိကဆေးရုံရော သုံးဦး သုံဖလှယ် အဆင်ပြေမယ့် ခိုင်ခိုင်မာမာ ပေါ်လစီလေး ချမှတ်ညှိနှိုင်းပေးဖို့ လိုအပ်မယ်ထင်ပါတယ်။

ကျွန်တော်ကတော့ ပုဂ္ဂလိကဆေးရုံတွေ ကိုဗစ်ကုသခွင့်ရရေး ၊ စစ်ဆေးခွင့်ရရေး၊ ကိုဗစ်မှာ ပါဝင်ရေးကို အထူးကြိုဆိုပါတယ်။

အထက်မှာ ထောက်ပြခဲ့တဲ့ အချက်တွေဟာ အနစ်နာခံတယ်ဆိုတဲ့ ရေရှည်လက်တွေ့မကျတဲ့နည်းထက် ဘက်လိုက်မှု မပါဘဲ လက်တွေ့ကျတဲ့ စဉ်းစားတွေးခေါ်နည်းကို သုံးပြီး ရေးသားထားတာပါ။

လူနာ၊ ပုဂ္ဂလိကဆေးရုံ၊ အစိုးရ သုံးဦး အကျိုးရှိမယ့် လက်တွေ့ ပေါ်လစီ ပေါ်ထွက်ပါစေ ဆုတောင်းရမှာပါပဲ။ (Dr. Myo)

Leave a Comment

You cannot copy content of this page