Knowledge

မြန်မာပြည်က လူယုတ်မာများ အမြင်မှန် မရခြင်း၏ အဓိက အကြောင်းအရင်း

မြန်မာပြည်က လူယုတ်မာများ အမြင်မှန် မရခြင်း၏ အဓိက အကြောင်းအရင်း..

နာမည်ကျော်ဘုန်းကြီးအတော်များများ အာဏာရှိလူကြီးအတော်များများ ထိပ်တန်းသူဌေးကြီးအတော်များများ နည်းမျိုးစုံနဲ့လေ့လာကြည့်တဲ့အခါ စဉ်းစားဖွယ်ရာအဖြေတစ်ခုရခဲ့ပါတယ်…။

မြန်မာအားလုံးနဲ့ သက်ဆိုင်ပြီး မြန်မာနိုင်ငံသားအားလုံးပိုင်ဆိုင်တဲ့ သယံဇာတတွေ အခွင့်အလန်းတွေကို ရာထူးအာဏာအသုံးချပြီးတော့ မတရားချမ်းသာကြီးပွားနေသူတွေ မြန်မာနိုင်ငံမှာအများကြီးရှိပါတယ်။ မြန်မာထိပ်တန်း သူဌေးအများစုဟာ ရာထူးအာဏာကို ခုတုံးလုပ်အသုံးချပြီး မြေတွေ နေရာတွေသိမ်းယူ ပြန်ရောင်း အငှားချ.. သယံဇာတတွေ တူးဖော်ထုတ်ရောင်းစားလို့ ကြီးပွားချမ်းသာလာကြသူတွေနဲ့ အရက်ဘီယာ မူးယစ်ဆေးတွေ အကြီးအကျယ် ထုတ်လုပ်ရောင်းချပြီးတော့ (ငြိမ်ချမ်းရေးယူ) ကြီးပွားချမ်းသာသူတွေသာ များပါတယ်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်ပါလျက် သူတို့အနေနဲ့ ယခုတိုင်အမြင်မှန်မရသေးတာ ဝိသမလောဘစိတ်တွေနဲ့ မတရားလုပ်ရဲတာ အအိပ်မပျက်/အစားမပျက်/သွားလာမပျက် သူတော်ကောင်းကြီးတွေပမာ နေနိုင်ကြတာ ဘာဖြစ်လို့ဆိုတာ အဖြေရှာချင်လို့ ကာလရှည်စွာလေ့လာအကဲခတ်ကြည့်ရာမှာတော့ သူတို့ကိုးကွယ်နေတဲ့ ဆရာတော်အများစုက အဲ့ဒီအာဏာရှိသူတွေနဲ့တွေ့တဲ့အခါတိုင်း သူတို့တတွေဟာ အခုလိုဘဝရတာ ရှေးဘုန်းကံကြောင့် ချမ်းသာရလာသလို လက်ရှိအလုပ်တွေကပဲ မှန်ကန်နေသလို ပြည်သူလူထုကပဲ အသိဉာဏ်နည်းနေသလို ပစ္စည်းမွဲလူတန်းစားကို ကွန်မြူနစ်လို့သမုတ် သူတို့တတွေကိုတော့ သာသနာပြုပုဂ္ဂိုလ်တွေပမာ ဟောပြောနေကြတာတွေ့ရပါတယ်။

မတရား မလုပ်သင့်ကြောင်း/ မအပ်စပ်ကြောင်း လမ်းမှားနေကြောင်း ဟောပြောခြင်း မရှိတာ ကိုယ်တွေ့များစွာကြုံဘူးသလို.. တဆင့်စကားလည်း များစွာကြားဘူးပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအပေါ် ဘယ်လောက်အထိ ယုတ်မာနေပါစေ တိုင်းပြည်ဘဏ္ဍာကို ဘယ်လောက်အထိ မတရားခိုးယူနေပါစေ ကိုယ့်ကျောင်းတိုက်ကိုလာတယ် ကိုယ့်ကိုလှူဒါန်းပေးတယ်ဆို ဘာတစ်ခွန်းမှမပြောကြတာ အများဆုံးတွေ့ရပါတယ်။

အဆိုးဆုံးက သာသနာပြုသူတော်ကောင်းလို့တောင် ဝမ်းမြောက်ဝမ်းသာ ပြောဆိုကြခြင်းဖြစ်ပါတယ်။ (အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်)

ဒီလူတွေ အမြင်မှန်မရပဲ (သတ်ဖို့ဝန်မလေး/ ခိုးဖို့ဝန်မလေး/ လိမ်ညာဖို့ဝန်မလေး/ အရက်သေစာအထူးပြောဖို့မလို) သီလတွေချိုးဖောက်ပြီး ဒီလောက်အထိ မိုက်တွင်းနက်နေကြတာ သူတို့အမြဲဆည်းကပ်ကိုးကွယ်နေကြတဲ့ ဘုန်းကြီးတွေကြောင့်လည်း ပါနိုင်ပါတယ်။ မြန်မာတွေ အဖက်ဖက်မှာဆင်းရဲတာ အဲ့သလိုဘုန်းကြီးတွေကြောင့်လဲ အကြောင်းအရင်းတခု ဖြစ်နိုင်ပါတယ်။ အားလုံးကို မဆိုလိုပါ။

အမိမြေမှာ သစ္စာပန်းများ ပွင့်လန်းနိုင်ပါစေ..

အရှင်တေဇနိယ (မန်းတောင်ခြေ)

Leave a Comment

You cannot copy content of this page