News

မော်လမြိုင်ဆေးရုံကြီးမှ စိတ်ဝေဒနာရှင် ကိုဗစ်လူနာ (၁) ဦး အပြင်ထွက်သွားသဖြင့် ပြန်လိုက်ခေါ်ခဲ့ရ

မော်လမြိုင်မြို့နယ် ဆေးရုံကြီး ကိုဗစ် ကုသရေးစင်တာ Ward 3 မှ စိတ်ဝေဒနာရှင် ကိုဗစ်လူနာတစ်ဦးသည် ယမန်နေ့မနက် အစောပိုင်း ၂ နာရီခန့်က အပြင်ထွက်သွားသဖြင့် လူမှုကူညီရေးအသင်း တာဝန်ရှိသူများက ပြန်လိုက်ခေါ်ခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာ ၂၀ ရက်နေ့ မနက် ၂ နာရီ အဆိုပါ အသက် ၄၀ ခန့်အရွယ် စိတ်ဝေဒနာရှင် အမျိုးသား ကိုဗစ်လူနာသည် အပြင်ထွက်သွားသဖြင့် ပြန်လိုက်ရှာဖွေခေါ်ယူခဲ့ရခြင်းဖြစ်ကြောင်း Mawlamyine Rescue Organization အသင်းမှ သိရသည်။

အသင်းတာဝန်ရှိသူတစ်ဦးက “ဆေးရုံမှာ လုံခြုံရေးမရှိလို့ပဲ သူ ဒီလိုထွက်သွားနိုင်တာပေါ့ဗျာ။ ထွက်သွားတဲ့အမျိုးသားက စိတ်သိပ်မနှံ့ဘူး။ ထွက်ပြေးတာတော့ မဟုတ်ဘူး။ သူ့ကို ပြန်လိုက်ရှာတော့ ကျနော်တို့ သံလွင်ဥယျာဉ်ပန်းခြံထဲမှာ ပြန်တွေ့တယ်။ အကိုဘယ်သွားတာလဲ မေးတော့ သူလမ်းပျောက်နေတာပါတဲ့ ပြန်ပြောတယ်” ဟု ပြောသည်။

ပြန်ခေါ်ခဲ့ရာတွင်လည်း တည်တည်ငြိမ်ငြိမ်ပင် ပြန်လည်လိုက်ခဲ့သဖြင့် ဆွဲလားရမ်းလား တစ်စုံတစ်ရာမဖြစ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်တွင် ညဘက်အပြင်မထွက်ရအမိန့်ထုတ်ပြန်ထားသဖြင့် အဆိုပါ အမျိုးသားအပြင်ထွက်သွားချိန် လမ်းပေါ်၌ တစ်စုံတစ်ရာမရှိသောကြောင့်ထိတွေ့မှုရှိသူလည်း တစ်စုံတစ်ဦးမှ မရှိခဲ့ကြောင်း အဆိုပါလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

Leave a Comment

You cannot copy content of this page