Knowledge

အတိတ်တစ္ဆေ ခြောက်လန့်ခံခဲ့ရသည့် နေ့ရက်များနှင့် ပလပ်စတစ် ထိုင်ခုံတလုံး၏ တန်ဖိုး

“တခါက တဘဝ” (စောဝင်းနောင်)

ပလပ်စတစ် ထိုင်ခုံတလုံး၏ တန်ဖိုးသည် ယခုပေါက်စျေးနှင့် ဆိုလျှင် ထောင်ဂဏန်း သာသာ မျှသာ ရှိမည် ထင်၏.. သာမန် လူတန်းစားတယောက်ပင်လျှင် ဝယ်ယူ၍ အသုံးပြုနိုင်ပေသည်.. မညီမညာ ကိုးလို့ကန့်လန့် ဖြစ်နေသော ကြမ်းပြင်ပေါ်တွင် တနေကုန်ထိုင် တနေကုန်အိပ် ထိုင်လိုက် ထလိုက် လှဲလိုက်နှင့် ကာလကြာမြင့်စွာ နေရပါများလာတော့ နေရထိုင်ရ မသက်သာလှ နေထိုင်မကောင်းသည့်အခါများ၌ ကြမ်းပြင်ပေါ်တွင် နေရသည်မှာ ပို၍ပင် မသက်သာလှပါ..

အဆောက်အဦး အဟောင်းမှ ​ပျဥ်ပြားများကို ခင်ထားသဖြင့် ခုံးတဲ့နေရာက ခုံးနေသည်.. ကော့သည့်နေရာက ကော့နေသည်.. နှစ်ကုံး တကော့ထက် ပိုဆိုးသော နေရာတွင် လှဲလောင်း၍နေရသည် ချေထောက်ကို အပြည့်ဆန့် ထား၍ မရ.. ချေရင်းတွင် ကန့်လန့် အိပ်နေသည့် အဖွဲ့ တဖွဲ့ရှိသည်.. အချို့ အရပ်ရှည်သူများ၏ ချေထောက်သည် ချေရင်းရှိ ကန့်လန့် အိပ်နေသော သူ၏ မျက်နှာနှင့်ရံဖန်ရံခါ ထိနေတတ်သည်.. အကျဥ်းသား အချင်းချင်းမို့ တဦးကို တဦး ခွင့်လွှတ်၍ နေကြသည်..

ကျန်းမာရေးကောင်းနေသည့် အချိန်များတွင် ကုံးကုံး ကော့ကော့ အပေါ် အိပ်ရ စားရသည်မှာ မထူးဆန်းပေမယ့် နေထိုင်မကောင်းသည့်အခါများတွင် နေရ မသက်သာလှပါ.. စာရေးသူနေထိုင်ရသော အဆောင်တဆောင်လုံး ဖျားကြသည်.. စာရေးသူလည်း ဖျားသည်။ စာရေးသူနှင့် ကပ်လျှက်နေသော ကိုခင်မောင်ကြည် (ဝိတိုရိယ) သည်လည်း ဖျား၏.. ဝေဒနာနှင့်ငါ မကွဲးပြားဘဲ အချို့ ညတို့ ကုန်ဆုံးရ၏..

ဝေဒနာကို အံကြိတ်ခံရင်း မှေးစက်၍ မပျော်နိုင်ဘဲ ဗာယာစောင့်သည် လူသာ တယောက်ပြီး တယောက်ပြောင်းသည် စာရေးသူကား မှေးစက်၍ မပျော်ခဲ့.. ဦးစော အစောကြီး နိုးနေဒါလား တာဝန်ကြ ဗိုလ်လေးမှ ကျနော့ကို မြင်သဖြင့် အပြင်ဘက်မှ လှမ်း၍ မေး၏.. အချိန်ကား နံနက် ငါးနာရီ မဟုတ်ဖူး ဗိုလ်လေး ကျနော်နေမကောင်းလို့ ခုထိ မအိပ်ရသေးဒါ.. ဟုတ်လား ဒါဆို ဆေးခန်းဖွင့်ရင် ဆေးခန်း ပြလေ တာဝန်ကြ ဗိုလ်လေးမှ ဆေးခန်းပြဘို့ ပြော၏..

ဗိုလ်လေး ကျနော်ရော ပြမယ် ကျနော့် ဘေးမှ တညီးညီး တညူညူဖြင့် လှဲလောင်းနေသော ကိုကြည်သည်လည်း ဆေးခန်းပြဘို့ ထ၍ ပြော၏.. လုံလုံခြုံခြုံ ကာရံထားသော နေရာ မဟုတ်သဖြင့် လေတဝူးဝူး အောက်တွင်လည်း အဖျား ရှိလျှက်နှင့် နေရသည်.. ဖျားလိုက် အအေး ပါတ်လိုက် လေစိမ်းတိုက်လိုက်နှင့် လုံးချာ လိုက်နေသည်.. မိုးရွာလျှင် မိုးပက်သည်.. ခေါင်မိုးက မိုးမလုံ လေကတိုက် မိုးကရွာသည့် ညများတွင် ငုတ်တုတ်နေရသည်..

ဦးစော နှင့် ဦးကြည် ဆေးခန်းပြမှာဆို ဆရာဝန် ဆေးခန်းဖွင့်ပြီ.. အပြင်ဘက်မှ တာဝန်ကျ ဗိုလ်လေးမှ ဆေးခန်းပြဘို့ ပြောသံအဆုံး မျိုးမြင့်ဦးရေ ဦးစောတို့ကို ဆေးခန်းပြဘို့ တံခါးဖွင့် ပေးလိုက်အုံး.. ဟုတ်ကဲ့ဗိုလ်လေး တာဝန်ကျ ရဲဘော် ဆရာ မျိုးမြင့်ဦးမှ သော့တွဲသံတညံညံဖြင့် ထောင်တံခါးဖွင့်ရင်း ဦးစော ထနိုင်လား မက်တပ်ခဲ့အုံး.. ဦးကြည်ရော ထနိုင်လား.. အေး ငါကတော့ ထနိုင်တယ် ဦးကြည်က တွဲရမယ်ထင်တယ်.. ဟုတ်လား ဒါဆိုရင် ဦးကြည်ကို နှစ်ယောက်တွဲခဲ့..

စာရေးသူတို့ အပြင်းဖျားနေသော သတင်းကြားသဖြင့် ထောင်ပိုင်လည်း ရောက်ရှိ၍ လာ၏.. ဆေးဆရာ ဘယ်လို ဖြစ်တာလဲ ပြောပြောဆိုဆို ထောင်ပိုင်မှ စာရေးသူအား မေး၏.. ကျနော်က မဆိုးဘူး ဦးကြည်က တော်တော်ဆိုးနေတယ်.. ဟုတ်လား ကိုခင်မောင်ကြည် ခင်ဗျား ဘယ်လို ဖြစ်တာလဲ အိမ်ပြန်ရက် နီးနေပြီ ကျန်းမာအောင်နေပါ.. ကျနော်တော့ မရတောဘူး ထောင်ပိုင်ကြီး..

လူနှစ်ယောက်တွဲ၍ လာသော ဦးကြည်သည် ပြောပြောဆို အနားရှိ ကွပ်ပျစ်ပေါ်သို့ အရုပ်ကြိုး​​ပြတ် လှဲချလိုက်သည်.. မျက်တွင်း ဟောက်ပတ်နှင့် အရိုးအပြိုင်းပြိုင်း ထနေသော ဦးကြည်အား ကြည့်၍ အနားရှိ လူအားလုံး စိတ်မကောင်းကြပါ.. အသက်ရှင်လျှက် အိမ်ပြန်နိုင်ပါ့မလားဟု စိုးရိမ်စိတ်ဝင်မိသည်..

ကိုခင်မောင်ကြည် အားတင်းပါဗျ အိမ်ပြန်ရတော့မှာပါ ဆရာဝန်ကို ဒီခေါ်လိုက်.. ထောင်ပိုင်ကြီး၏ စီမံမှုဖြင့် စာရေးသူတို့ ဆေးခန်းသို့ သွားစရာ မလိုဘဲ ဆရာဝန် ရောက်လာပြီး စမ်းသပ် စစ်ဆေး၍ လိုအပ်သည့် စားဆေးများဖြင့် စာရေးသူတို့ နှစ်ယောက်ကို ကုသပေးခဲ့သည်.. တရှောင်ရှောင် တမှေးမှေးဖြင့် နေ့တို့ညတို့ ကုန်ခဲ့ပြီ..

ဗိုလ်လေး ကျနော်တို့ ကျန်းမရေး မကောင်းလို့ပါ ငုတ်တုတ်လေး ထိုင်နေချင်လို့ ခုံလေး တခုံလောက် သွင်းချင်ပါတယ် (ထောင်ထဲသို့ ထိုင်ခုံ သွင်းခွင့်မပြုပါ) ထောင်တာဝန်ကျ ဗိုလ်လေးနှင့် ဦးကြည် ခပ်တိုးတိုးပြောနေသော အသံကို စာရေးသူ လည်းကြားနေရ၏.. အင်းလေ ဦးကြည်တို့ ဦးစောတို့ နေထိုင် မကောင်းလို့ ခနတဖြုတ် ထိုင်ခုံလေးနှင့် နေချင်လည်း တခုံတော့သွင်းပေါ့..

ဦးကြည်၏ ကြိုးပမ်းကြောင့် စာရေးသူတို့ ထိုင်ခုံတလုံးတော့ သွင်းခွင့်ရ၏.. ရံဖန် ရံခါ ထိုင်ခုံလေးပေါ်နေရသဖြင့် သက်တောင့် သက်သာတော့ ရှိလှသည်.. ထိုင်ခုံတလုံးတည်း ဖြစ်သဖြင့် အလှည့်ကြထိုင်ရသည်.. ပြင်ပ လောကတွင် ထိုင်ခုံနှင့် ထိုင်ရသည်မှာ မထူးဆန်းလှပါ.. ဒုက္ခ ငရဲ အိုးထဲ ထောင်ထဲတွင် ထိုင်ခုံတလုံး၏ တန်ဖိုးသည် အဖိုးတန်လွန်းလှသည်..

ကိုစော လာလာ ထိုင်ထိုင် စိတ်သဘောထားကောင်းလွန်း လှသည့် ကိုကြည်သည် စာရေးသူ အပေါ် အမြဲ ဂရုစိုက် ဦးစားပေးတတ်သည်.. သူထိုင်နေရာမှ စာရေးသူအား ထိုင်ခုံပေါ် ထိုင်ဘို့ ခေါ်သည်.. တလုံးတည်းသော ထိုင်ခုံပေါ်တွင် နေရ ထိုင်ရ သက်တောင့် သက်သာ ရှိစေရန် ထိုင်ခုံအား အလှည့်ကြ ထိုင်ခဲ့ရသည်.. သူ့ဦးစားပေး ကိုယ့်ဦးစားပေးနှင့် အိမ်ပြန်ရက်များကို လက်ချိုး၍ ရေခဲ့ရသည်.. ဝဋ်ကြွေး ကုန်အောင် ဆပ်ခဲ့ရလေသော အတိတ်တစ္ဆေ ခြောက်လန့်ခံခဲ့ရသည့် နေ့ရက်များသည်ကား ကြောက်မက် ဖွယ်ရာအတိ ကောင်းလေစွ..

Author Saw Win Naung – “တခါက တဘဝ”

Leave a Comment

You cannot copy content of this page