ဗမာဘုရင်တချို့ဟာ တကယ့် အညံ့စား ဘုရင်တွေဆိုတာကို ဗမာ့သမိုင်းမှာ ဘာလို့ မသင်ခဲ့ကြသလဲ

ဦးစီးချုပ်ဘုရင်ညံ့ရင် ဘာဖြစ်သလဲ.. ဗမာဘုရင်တချို့ဟာ တကယ့် အညံ့စား ဘုရင်တွေဆိုတာကို ဗမာ့သမိုင်းမှာ ဘာလို့ မသင်ပါလိမ့်? ညံ့တာကို ညံ့တယ်လို့ သမိုင်းက ဘာလို့မရေးရဲသလဲ? မသင်ရဲသလဲ?

ဘကြီးတော် လက်ထက်မှာ ရှင်မဖြူကျွန်းကိစ္စနဲ့ ပတ်သက်ပြီး အင်္ဂလိပ်နဲ့ ပထမဆုံး စစ်စဖြစ်တယ်။ မဟာဗန္ဓုလကိုယ်တိုင်ပဲ နတ်မြစ်ဝအထိ စစ်ချီပြီး ထွက်တိုက်တယ်။ အင်္ဂလိပ်တွေ တပ်လှန်တော့ ပန်းဝါအထိ ဆုတ်ပေးရတယ်။ ပန်းဝါအထိ လိုက်တိုက်တယ်။ ပန်းဝါကို ရလိုက်တယ်။ ဘကြီးတော်တို့က စစ်တကောင်းထိ ဆက်သိမ်းစေချင်တယ်။ စစ်တကောင်းကနေ ကာလကတ္တားအထိပေါ့။

မဟာဗန္ဓုလ က အင်္ဂလိပ်ရဲ့အကြံကိုသိတော့ စစ်တကောင်းအထိ လိုက်မတိုက်ဘူး။ ပေခံနေတယ်။ သူ့စိတ်ထဲမှာ ရန်ကုန်ကို ကာကွယ်ဖို့ပဲ စိတ်ရောက်နေတယ်။ ရန်သူရဲ့ ရေတပ်ကောင်းတာကို သိတယ်။ ဒါ ကြောင့်.. ဘုရင့်ဆီ အထပ်ထပ်လှမ်းမှာတယ်။ ရန်ကုန်ကို အခိုင်အမာလုပ်ပါ.. ရန်ကုန်ကို လာပါလိမ့်မယ်။ ဘုရင်က ဂရုမစိုက်ဘူး။ အင်းဝမှာ မယ်နုနဲ့ နှပ်နေတယ်။ ဘုရားတည်သလိုလို ကျောင်းဆောက်သလိုလို အနုပညာချစ်သလိုလုပ်တယ်။

ရန်ကုန်ကို အင်္ဂလိပ်က တကယ်လာတိုက်မှ အထိတ်အထိတ် အလန့်လန့်နဲ့ မဟာဗန္ဓုလကို ဇွတ်ပြန်ခေါ်တယ်။ အောက်ခြေစစ်သားဘဝကနေ စစ်သေနာ ပတိချုပ်ထိ အဆင့်ဆင့်ထိတက်လာတဲ့ မဟာဗန္ဓုလခင်ဗျာ.. ဂန်းတိဂန်းတမ်း ဘုရင်ရဲ့ နေပြည်တော်က ညွှန်ကြားစာတွေကို လိုက်လုပ်ရတာ ဘယ်လောက် ကျက်သရေတုံးလိုက်မလဲ..?

သမိုင်းဟာ သင်ခန်းစာဖြစ်စေတယ်။ တချို့အရာတွေက ကိုယ့်မှာ အာဏာရှိနေရင် ကယ်လို့ရတာ လုပ်နိုင်တာ အများကြီးဆိုတာ.. သမိုင်းက ပြတယ်။ မဟာဗန္ဓုလ သာ.. ဘုရင်ဖြစ်ခဲ့ရင်..? သမိုင်းက တဖုံ လှသွားနိုင်တာပဲ..။ ထားတော့..။ မဟာဗန္ဓုလကြီးလည်း မနားနိုင်ရှာ။ ပန်းဝါကနေ ရန်ကုန်အထိ အပြင်းချီရရှာတယ်။ မိုးတွင်းကာလ.. တကယ့်ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်အချိန်ကြီး..။ ပန်းဝါလိုနေရာမျိုးကနေ ရန်ကုန်ကို ချီရတာ စဉ်းစားသာကြည့်။

ဒါပေမယ့်.. စစ်သူကြီးကောင်း ပီသရှာပါတယ်။ စစ်ပန်းနေတဲ့ကြားထဲက သူ့ခင်ဗျာ.. ဓနုဖြူလိုခံတပ်ကြီးကို တည်သွားခဲ့ရှာသေးတယ်။ ဓနုဖြူတိုက်ပွဲမှာ အင်အားမမျှတဲ့ ရန်သူကို ကြံ့ကြံ့ခံရင်း အသက်ပေးသွားခဲ့ရတယ်။ ဒါပေမယ့်.. သူနဲ့ရင်ဆိုင်ခဲ့ရတဲ့ အင်္ဂလိပ်တွေကတော့ မဟာဗန္ဓုလကို စစ်သူကြီးဟန်နီဘောလို့ ဂုဏ်ပြုသွားခဲ့ကြတယ်။

သမိုင်းသင်ရတဲ့အချိန်မှာ.. မဟာဗန္ဓုလဟာ ဗုံးဆံ၊ အမြောက်ဆံကြောင့် အသက်ပေးသွားရတယ်လို့ပဲ.. ပေါ့ပျက်ပျက် သင်ရတယ်။ တိုင်းပြည်အတွက် အသက်ပေးရဲတယ်ဆိုတဲ့ ဂျင်းကိုထည့်တယ်။ ဒီလောက်တော်တဲ့ သူရဲကောင်းမျိုး၊ စစ်သူကြီးမျိုးကို ဘာကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှူံးရလဲဆိုတာ မသင်ဘူး။ ခေါင်းဆောင်ဖြစ်တဲ့ ဘုရင်ရဲ့ညံ့ဖျင်းမှုကို မသင်ဘူး။ ဘကြီးတော် ကျက်သရေယုတ်တာ တစက်မှမပါဘူး။ သမိုင်းဆိုတာ.. သင်ခန်းစာယူရအောင် နိုင်ခဲ့သမျှ ရှုံးခဲ့သမျှကို ချိန်ထိုးတွက်ဆနိုင်အောင် သင်ပေးရတဲ့ ဘာသာရပ်ပါ။ (စိုင်းထွန်းအေး)

Leave a Reply

Your email address will not be published. Required fields are marked *