ဒုတိယကမ္ဘာစစ်မှာ ထင်ရှား အရေးပါခဲ့တဲ့ “ဘေလီတံတား” နှင့် ဒီဇိုင်း ရေးဆွဲခဲ့သူ

ညီတယောက်က‌ “ကျနော်အကြိုက်ဆုံးက ဘေလီလှမင်းအေး” တဲ့။ ဘေလီဆိုတော့ “ဘေလီတံတား” သတိရမိတယ်။ “ဘီလီ (Billy) လမင်းအေး” မှမှန်မယ်။ “ဘေလီ (Bailey) လမင်းအေး” မဟုတ်ဘူး။ Billy နဲ့ Bailey ကို နာမည်အနေနဲ့ အဖိုအမ နှစ်မျိုးသုံးနိုင်တယ်။

၁၉၈၈ အရေးတော်ပုံမတိုင်ခင် ရန်ကုန်တဝိုက်မှာရှိတဲ့ ” ဘေလီတံတား ” က အခုအမှတ် (၂) လမ်းမကြီးခေါ်တဲ့ တိုးကြောင်လေး – ရွာသာကြီးလမ်းမှာ တစ်စင်းပဲရှိတယ်ထင်တယ်။

တံတားကို ရန်ကုန်-မန္တလေး မီးရထားလမ်းနဲ့အပြိုင် ဆောက်ထားတာ။ ငမိုးရိပ်ချောင်းဖြတ်ပြီး ဆောက်ထားတဲ့ အင်္ဂလိပ်ခေတ်လက်ကျန် ဘေလီတံတား။ အခု ဘေလီတံတားကို ဖျက်ပြီး RC ကွန်ကရစ်တံတားအသစ် ဆောက်ထားတာကြာပြီ။

၁၉၈၉ မြောက်ဒဂုံမြို့သစ်တည်တော့ ပါရမှီဘေလီ တံတားဆိုတာ ပေါ်လာတယ်။ တောင်ဥက္ကလာ – မြောက်ဒဂုံကို ဆက်ပေးထားတာ။ ဒီဘေလီတံတားကို ဖျက်သိမ်းပြီး ၂၀၁၂ မှာ RC ကွန်ကရစ်တံတား အသစ်ဖွင့်လိုက်ပြီ။ ဘတ်စ်ကားခရီးသည်အခုထိ ” ပါရမှီဘေလီ ” ခေါ်နေကြတုံးပဲ။

“ဘေလီတံတား” ဆိုတာ တံတားဒီဇိုင်းဆွဲတဲ့ ဒုတိယကမ္ဘာစစ်တွင်းက အင်္ဂလိပ်စစ်တပ်အရပ်သားအင်ဂျင်နီယာ “Donald Bailey” ကို အစွဲပြုခေါ်တာပါ။ ဖြုတ်တပ်လွယ်ပြီး ကြိုတင်ပုံစံထုတ်ထားတဲ့သံမဏိသံဘောင်တံတားပါ။ စစ်အတွင်းမှာ စစ်သုံးယာဉ်များ မြစ်ချောင်းကို အလွယ်တကူဖြတ်ကျော်နိုင်အောင် ပုံစံထုတ်ထားတာ။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များ အမြန်စစ်ချီနိုင်တာ “ဘေလီတံတား” ကြောင့်ပါ။

မဟာမိတ် စစ်သေနာပတိ ဗိုလ်ချုပ်ကြီးမောင်ဂိုမာရီက Sir ဘွဲ့ချီးမြင့်ခံရတဲ့ ဘေလီတံတားဒီဇိုင်းအင်ဂျင်နီယာ Donald Coleman Bailey (၁၉၀၁-၁၉၈၅) ကို ဒီလိုချီးကျူးခဲ့တယ်။ “ဘေလီတံတားသာ မရှိခဲ့ရင် ဒုတိယကမ္ဘာစစ်ကို ငါတို့မနိုင်ဘူး”

မြန်မာနိုင်ငံအနှံ့အပြားမှာ ဘေလီတံတား အများကြီးရှိပါသေးတယ်။ အပေါ်ဓါတ်ပုံက အိန္ဒိယ မြန်မာနယ်ခြား တမူး – မိုးရေး ဘေလီတံတားပါ ထင်ရှားအ‌ရေးပါ ပါတယ်။ လွင်ဦး (ရန်ကင်း)

Leave a Reply

Your email address will not be published. Required fields are marked *