မျက်မမြင်အသင်းနဲ့ အရူးအသင်း ဘောလုံးကန်ကြတဲ့ “ဘောလုံးပွဲ ပုံပြင်” (ဆရာလူထု ဦးလှ)

“ဘောလုံးပွဲပုံပြင်”

တခါက မျက်မမြင်အသင်းနဲ့ အရူးအသင်း ဘောလုံးကန်ကြမယ်ဆိုလို့ ပရိသတ်ကလည်းကြိတ်ကြိတ်တိုး လာပြီးအားပေးကြတယ်။ ဘာတွေကို ဘယ်လိုကန်ကြလေမလဲပေါ့။

ပြိုင်ပွဲမစခင်မှာ မျက်မမြင်အသင်းရဲ့နည်းပြက သူ့ရဲ့အသင်းသားတွေကိုမှာတယ်။ “မင်းတို့က မျက်မမြင်တွေဆိုတော့အကြားနဲ့ ကန်ကြရမယ်။ မင်းတို့ကန်သွင်းရမယ့်ဂိုးပေါက်မှာ ငါခေါင်းလောင်းချိတ်ထားပေးမယ် အဲဒီနေရာကို ဘောလုံးသယ်လာပြီး သွင်းကွာ။ ဘောလုံးမှာလည်းချူတပ်ပေးထားမယ်ကွာ။ ပြီးတော့မင်းတို့အချင်းချင်း သိရအောင်မင်းတို့ ဖိနပ်တွေမှာလည်း ချူ တပ်ပေးထားမယ်ကွာ၊ ရပြီလား”

“ရပြီဆရာ၊ဒါဆိုရင်တော့ အဆင်ပြေပြီဆရာ ”

မျက်မမြင်အသင်းကို သူ့နည်းပြမှာနေတာတွေ့တဲ့ အရူးအသင်းနည်းပြကလည်း ကွင်းထဲမှာ ထင်ရာလုပ်နေကြတဲ့သူ့ရဲ့အသင်းသားတွေကို လှမ်းခေါ်လိုက်တယ်။ အရူးတွေက အားလုံးကိုယ်လက်အင်္ဂါ ကောင်းကြပြီး ဗလကောင်းကောင်းနဲ့ ထောင်ထောင်မောင်းမောင်းတွေချည်းပဲ။ ဒါပေမဲ့ ဦးနှောက်မကောင်းကြဘူး။ သူ့အသင်းသားတွေကို မှာတာက “မှတ်ထားကြကွ ဘောလုံးကိုဂိုးပေါက်ထဲကို များများသွင်း ဖြစ်နိုင်ရင် မင်းတို့ (၁၁)ယောက်လုံး တစ်ယောက်တစ်ဂိုးသွင်းကြကွာ ဒါဆိုရင်ငါတို့နိုင်ပြီ မသွင်းနိုင်ရင်တော့ ငါရိုက်မှာနော်”

“ဟာ ! စိတ်ချဆရာ တစ်ယောက်တစ်ဂိုး ရအောင်သွင်းမှာ”

ဒီလိုနဲ့စကန်ကြတာ ငါးမိနစ်နဲ့ ပွဲကပြီးသွားတယ်။ ပြီးမှာပေါ့။ အဖြေကလည်း ကြည့်လေ။ (၁၁)ဂိုး ဂိုးမရှိ။ နိုင်သွားတာက မျက်မမြင်အသင်း။ နိုင်သာသွားရတယ် မျက်မမြင်တွေက ဂိုးသွင်းဖို့နေနေသာသာ ဘောလုံးတောင် မထိလိုက်ကြရဘူး။ အရူးတွေကဘဲ ကိုယ့်ဂိုးကိုယ် ပြန်သွင်းသွားကြတာ။

ဘာဖြစ်လို့လဲဆိုတော့ မျက်မမြင်တွေက စမ်းစမ်းစမ်းစမ်းနဲ့ ချူ သံကြားရာနောက် ပြေးလိုက်နေကြလို့ ရှုပ်ထွေးနေလေတော့ ဟိုဘက်ကို မကန်တော့ဘဲ ဆရာမှာထားတဲ့အတိုင်း နီးလည်းနီး ရှင်းလည်းရှင်းတဲ့ ကိုယ့်ဂိုးမှန်းလည်း ကိုယ်မသိကြလေတော့ ကန်ထည့်လိုက်တာ ဂိုးတာပေါ့။ညအဓိက,က ဂိုးဝင်ဖို့ မဟုတ်လား။ ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် ကိုယ့်ဂိုးကိုယ်သွင်းလိုက်ကြတာ (၁၀)ဂိုးဖြစ်သွားတယ်။ ဂိုးသမားကလည်း မင်းတို့အလှည့် ပြီးပြီလား ငါ့အလှည့်လာထားဆိုပြီး ဘောလုံးလေးကို ဂိုးရှေ့ချပြီး နောက်ပေါက်လေးနဲ့ ကန်ထည့်လိုက်တာ ဂိုးတာပေါ့။ တစ်သင်းလုံး ထခုန်ကြတယ်။ ပျော်လိုက်ကြတာ။ သူတို့တစ်သင်းလုံး ဂိုးသွင်းကြရလို့လေ။

ဒီလိုနဲ့ပဲ မျက်မမြင်အသင်းကအရူးအသင်းကို တစ်ဂိုးမှ မသွင်းရဘဲ (၁၁)ဂိုး ဂိုးမရှိနဲ့နိုင်သွားတော့တယ်။

ဒီပုံပြင်လေးက ရလိုက်တာကတော့ လောကမှာ ဘယ်အရာတွေနဲ့ ဘယ်လိုပဲပြည့်စုံနေပါစေ အကြောင်းအကျိုး၊ အကောင်းအဆိုး ၊ အမှားအမှန်၊ ဓမ္မနဲ့အဓမ္မ ကို ခွဲခြားသိမြင်နိုင်သော အသိဉာဏ်ပညာ မရှိလျှင် ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ဂိုးကိုယ်သွင်းမိပြီး ကိုယ်ကျိုးနည်းသွားနိုင်တယ် ဆိုတာပါပဲ။ “ခွဲခြားသိမြင်နိုင်သော အသိဉာဏ်ရှိကြပါစေ”

ဆရာလူထု ဦးလှပုံပြင်များ

Leave a Reply

Your email address will not be published. Required fields are marked *