News

ရွှေသင်္ကန်းကပ်ရန် ဘဏ္ဍာငွေလိုအပ်နေသဖြင့် ဆူးလေစေတီကို တနေ့ (၂) ကြိမ် ပြန်ဖွင့်မည်

ရွှေသင်္ကန်းကပ်ရန် ဘဏ္ဍာငွေလိုအပ်နေသဖြင့် ဆူးလေစေတီကို တနေ့ (၂) ကြိမ် ပြန်ဖွင့်မည်..

ဆူးလေစေတီအား ရွှေသင်္ကန်းကပ်ရန် ဘဏ္ဍာငွေလိုအပ်နေသည့်အတွက် နိုဝင်ဘာ ၁၈ ရက် တန်ဆောင်မုန်းလပြည့်နေ့မှစတင်ကာ တစ်နေ့နှစ်ကြိမ်ပြန်လည်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါစေတီဂေါပကအဖွဲ့ထံမှ သိရပါတယ်။

နေ့စဉ်နံနက် ၇ နာရီမှ ၁၁ နာရီထိတစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိတစ်ကြိမ် တစ်နေ့လျှင် နှစ်ကြိမ်ဖွင့်လှစ်ရန်စီစဉ်ထားမည်ဖြစ်ကြောင်း သိရပါသည်။

“ဘုရားမှာ ဘတ်ဂျက်ကလည်း သိပ်မရှိတော့ဘူး။ ရွှေသင်္ကန်းကပ်ဖို့ကလည်း ရက်ကကျော်နေပြီ။ ဘတ်ဂျက်က လိုလာပြီ။ ပိတ်ထားတာလည်း တော်တော်ကြာနေပြီဆိုတော့ ပြန်ဖွင့်တာပါ။ ဘဏ္ဍာငွေလည်း တော်တော်အားနည်းနေပြီ။ အဲဒီအကျိုးအကြောင်းတွေကြောင့် မဖြစ်မနေပြန်ဖွင့်တာပါ” ဟု ဆူးလေစေတီဂေါပကအဖွဲ့မှ တာဝန်ခံက ပြောပါတယ်။

ဘုရားဖူးဧည့်သည်များအနေဖြင့် စေတီပေါ်သို့မတက်ရောက်မီ မှတ်ပုံတင်နှင့်နေရပ်လိပ်စာကို စာရင်းပေးသွင်းရမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ နိုဝင်ဘာလ ၁၇ ရက်နေ့က နံနက် ၇ နာရီမှ နေ့လယ် ၁၁ နာရီအထိ အကြိုအနေဖြင့် စမ်းသပ်ဖွင့်လှစ်ခဲ့ရာ ဘုရားဖူးလာရောက်သူ ၂၃၁ ဦးရှိခဲ့ကြောင်း သိရသည်။

Leave a Comment

You cannot copy content of this page