ထိုင်းမှာရှိတဲ့ အကြီးဆုံး ဘုရား၊ ပုဂံပိသုကာဟန် လွှမ်းမိုးမှုအပြည့်နဲ့ တည်ခဲ့ကြ‌တဲ့ ဘုရား

ထိုင်းနိုင်ငံမှာရှိတဲ့ အရွယ်စားအကြီးဆုံးဘုရားဟာ မြန်မာတို့ရဲ့ ပုဂံပိသုကာဟန်လွမ်းမိုးမှုအပြည့်နဲ့ တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ထို့အတူ ထိုင်းနိုင်ငံရဲ့ ဉာဏ်တော်အမြင့်ဆုံး အရွယ်စားအကြီးဆုံးဘုရားဟာလည်း ဘန်ကောက်မှာမဟုတ်ဖဲ ချင်းမိုင်မှာဖြစ်နေတာဟာ သတိထားမိသူနည်းပါလိမ့်မယ်။

အရုဒ္ဓယ နှင့် ဘန်ကောက်မှာရှိတဲ့ ဗုဒ္ဓသာသနိက ပိသုကာဟန်တွေက ဟိန္ဒူသာသနာ ပိသုကာဟန်ပိုလွမ်းတယ်ဆိုတာ ဒီနေ့ မျက်မြင်နဲ့တင်သိနိုင်ပါတယ်။ ဇင်းမယ် ၊ လန်းနားကတော့ မြန်မာပုဂံနဲ့ ပိုနီးတယ်။ အဲ့လိုအကြမ်းနားလည်ထားစေချင်တယ်။

ဗုဒ္ဓကျမ်းဂန်တွေ နှင့် သာသနာရေးဘက်မှာ ထိုင်း နှင့်မြန်မာရဲ့ ဆရာဟာ သီဟိုဠ်ဖြစ်ပါတယ်။ သို့ပေမယ့် ပိသုကာပညာမှာတော့ ဆရာကွဲတယ်။ ပိသုကာပညာ မှာ မြန်မာရဲ့ ဆရာဟာ အင်ဒိယရဲ့ ပါလ နှင့် သီဟိုဠ်။ ဆရာနှစ်ဦး။ ပုဂံဘုရားတွေမှာ သီဟိုဠ်ဟန်ရော ၊ အင်ဒိယဟန်ရော နှစ်မျိုးစလုံးတွေ့ရတယ်။ ဗုဒ္ဓသာသနိက အနုပညာလို့ခေါ်တဲ့ ရုပ်ပွါးတော်ထုဆစ်ခြင်းအနုလက်ရာမှာ မြန်မာက အင်ဒိယရဲ့ ပါလကို ဆရာတင်တယ်။ ထိုင်းနဲ့ မတူ။

ထိုင်းရဲ့ အရုဒ္ဓယက အင်ဒိယ- ခမဲလ်-ဂျာဗား-အင်ဒိုနီးရှား- သုဝဏ္ဏဘူမိ ဘက်ကလာတဲ့ဟန်။ ဟိန္ဒူပိသုကာဟန်ပိုများတဲ့ဟန်။ ရုပ်ပွါးတော်ထုဆစ်ရာမှာတော့ သီဟိုဠ်ဟန်ကို နှစ်ခြိုက်ကူးယူတယ်။ မြင်သာတာကို အလွယ်ပြောရရင် ဘုရားဆင်းတုတော်ရဲ့ ဦးခေါင်းတော် ဆံကျစ်တော်နေရာ၊ ဦးခေါင်းအထက်မှာ မီးလျှံဟန် ပါတယ်။ မြန်မာပုဂံက ဦးခေါင်းတော်ထက်မှာ ကြားဖူးဟန်သုံးတယ်။ အဲ့လို အကြမ်းခွဲတတ်ဖို့တော့ လိုမယ်။

သီဟိုဠ်မြန်မာ ဆက်ဆံရေးဟာ သီဟိုဠ်ထိုင်းထက်စောမယ်။ ထိုင်းက မွန်ဒွါရာဝတီအနွယ်အဆက်များတာကြောင့်လည်းဖြစ်မယ်။ ပင်လယ်ကမ်းရိုးတန်းမြေပုံကိုကြည့်ရင်လည်း မြန်မာတို့ရဲ့ မုတ္တဟာ ထိုင်းထက် သီဟိုဠ်နဲ့ အများကြီးနီးနေတယ်။ မြန်မာ- သီဟိုဠ်ဆက်ဆံရေးဟာ ကမ္ဘာ့သမိုင်း၊ ဒေသတွင်းသမိုင်း နှင့် စံထားလောက်တဲ့ သာသနာသမိုင်းမှာပါ မှတ်တမ်းကောင်းတွေကျန်ရစ်တယ်။ ထားတော့။ ဘုရားအကြောင်းဆက်ရအောင်။

Wat Chadi Luang ကို ခရစ်နှစ် ၁၃၉၁ ခုနှစ်မှာ တည်ထားခဲ့တာဖြစ်ပါသတဲ့။ ၁၄၀၀ ပြည့်အချိန်လို့ အလွယ်မှတ်ယူနိုင်တာကြောင့် ပုဂံခေတ်နှောင်းပိုင်းကာလဖြစ်ပါတယ်။ ပုဂံပိသုကာဟန် လွမ်းမိုးတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်က ဇင်းမယ် ၊ လန်းနား သံဃာတော်တွေဟာ သာသနာရေးဆိုင်ရာ ပုဂံ နှင့်ကူးလူးဆက်ဆံမှုသိပ်များခဲ့တယ်။ ဇင်းမယ် လန်းနားအပေါ် ပုဂံရဲ့ လွမ်းမိုးမှုဟာ သာသနာရေးအပြင် သာသနိကအဆောက်ဦး ပိသုကာပညာရပ်တွေအဝင်အပါဖြစ်တယ်။

Wat Chedi Luang (วัดเจดีย์หลวง) (built 1391 onward) Wat Chedi Luang ဆိုတာကို အတည့်အတိုင်း အသံထွက်ရရင်တော့ “ ဝပ်-ချေတီ-လွမ်” လို့ထွက်ရမယ်ထင်တယ်။ “ ဝပ် “ (wat) ဆိုတာ ထိုင်းစကား မှာ ဘုရား သို့မဟုတ် ကျောင်းတော်ရာ သို့မဟုတ် ဝတ်ပြုရာဘုရားကျောင်းလို့ ဆိုနိုင်ပါတယ်။

ချေတီ (chedi) ဆိုတာက ထူးပီးရှင်းပြစရာမလိုတော့ဘူးထင်ပါရဲ့။ စေတီ ပေါ့။ လွမ် (Luang) ဆိုတာက နန်းသုံးစကား။ ဘုရင် ၊ မိဘုရား ၊ ဘုရင့်မိသားစုတွေ တည်တဲ့ဘုရားအများစုလှူဒါန်းတဲ့ သာသနိကအဆောက်ဦး ဘွဲ့နာမည်မှာ လွမ်ကိုထည့်သုံးတယ်။ နန်းတွင်းတော်ဝင် မိသားစုတွေသီးသန့်သုံးတဲ့ ဘွဲ့ဘဲဆိုပါတော့။

Wat Chadi Luang ပုဂံဟန်လွမ်းမိုးမှုရှိတယ်ဆိုတာ မဆန်းပါ။ အထူးသဖြင့် အုတ်ဖိနပ်၊ ပစ္စယာအဆင့်၊ လှေကားထှစ်၊ တိုက်မတည်ဆောက်ပုံ၊ ခိုနန်းချိုး ၊ မုခ်ထွက်၊ မုခ်ဆောင်တွေ တည်ဆောက်တဲ့နေရာမှာဖြစ်ပါတယ်။ ခေါင်းလောင်းမှောက်၊ ဓာတ်တော်တိုက် နှင့် အထွဋ်စေတီတင်နဲ့နေရာမှာတော့ လန်းနားဟန်လို့ဆိုနိုင်တယ်။

မင်းရိုင်နန်းဆက် (Mengrai Dynasty) ၈ ဆက်မြောက်ဘုရင်ဖြစ်တဲ့ ဆမ်မွမ်မ ဘုရင်က သူ့ခမည်တော်ဘုရားရဲ့ အရိုးပြာအိုး ဂူ တည်တာဖြစ်ပါသတဲ့။ နောက်တော့ ရွှေဂူရယ်လို့ြဖစ်လာတယ်။ ဘုရင်ရော အရပ်သားပါ ရှိခိုးဦးခိုက်ကြတယ်။ ဒီလိုနဲ့ စေတီအသွင်ဖြစ်လာတယ်။

တြိလောကရာဇမင်းလက်ထက် ခရစ်နှစ် ၁၄၇၅ မှာ ထပ်မံပြုပြင်တယ်။ အဲ့ဒီမင်းလက်ထက်မှာ ပန္နက်အကျယ် ၁၄၄ ပေ၊ ဉာဏ်တော်အမြင့် ၂၈၂ ပေရှိတယ်လို့ မှတ်တမ်းတွေ့တယ်။ မြဘုရားဆင်းတုတော် သွန်းလောင်းပူဇော်ထားရှိတယ်။ ဒီနေ့ ဘန်ကောက်မှာရှိတဲ့ မြဘုရား အလှူဒါယကာဟာ တြိလောကရာဇ မင်းဖြစ်တယ်လို့ဆိုတယ်။ (မြဘုရားကိစ္စ သိပ်ငြင်းကြတယ်။)

ခရစ်နှစ် ၁၅၄၅ ခါနှစ်မှာ ငလျင်လှုပ်လို့ တိုက်မတစ်ခြမ်းကနေ စေတီအထွဋ်အထိပြိုကျတယ်။ တစ်နိုင်ငံလုံး ငလျင်ဘေးကြောင့် ဒုက္ခရောက်နေချိန်ဖြစ်လို့ အဲ့ဒီအချိန်မှာ နန်းဆက်ခံဖြစ်တဲ့ မဟာဒေဝီ ဘုရင်မကြီးဟာ ဘုရားကို ဆင်လက်ပြုပြင်နိုင်ခြင်းမရှိခဲ့ဘူး။ ၁၅၅၁ ခုနှစ်မှာ မြဘုရားကို လင်ဇင်း (လွမ်ပရာဘန်း) ကိုပင့်ဆောင်သွားကြတယ်။ ဘုရားကြီးဟာ ၁၆ ရာစုနှောင်းကနေ ၁၇ ရာစုအထိ အပြိုပျက်တိုင်းကျန်ရစ်တယ်။

နောက်ပိုင်းအဆက်ဆက်ပြုပြင်ကြသေးတယ်လို့ ပါးစပ်ရာဇဝင်တွေရှိတယ်။ ဘယ်သူ ဘယ်မင်းက ဘာတွေပြုပြင်တယ်ဆိုတဲ့ ကိုးကားလောက်တဲ့ မှတ်တမ်းတော့မကျန်။

ဒီနေ့မြင်နေရတဲ့ Wat Chedi Luang က ယူနစ်စကိုက ကြီးကြပ်ပီး ဂျပန်အစိုးရအလှူငွေနှင့် ၁၉၉၀ ဝန်းကျင်မှာ restoration လုပ်ပီးတဲ့လက်ရာဖြစ်ပါတယ်။ ဘာတွေလုပ်လဲဆိုတော့ တိုက်မကို အုတ်ပြန်စီတယ်။ သို့ပေမယ့် ပထမပစ္စယံကိုတက်တဲ့ နတ်လှေကားတစ်ခုလုံးကို အုတ်ဖြည့်စီပီး buttress ပုံစံလုပ်ခဲ့တာက ၁၆ ရာစုဝန်းကျင်က နည်းပညာနှင့် လက်ရာလို့ထင်ပါတယ်။

လေးစားစွာဖြင့် မူရင်းရေးသားသူကို..

Leave a Reply

Your email address will not be published. Required fields are marked *