International News

ဗြိတိန်တော်ဝင် စစ်သင်္ဘောနှင့် ရုရှား ရေငုပ်သင်္ဘောတို့ အတ္တလန်တိတ်သမုဒ္ဒရာတွင် တိုက်မိ

ဗြိတိန်တော်ဝင်ရေတပ်မှ စစ်သင်္ဘောတစ်စီးနှင့် ရုရှားနျုကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော တစ်စီးတို့ အတ္တလန်တိတ်သမုဒ္ဒရာအတွင်း တိုက်မိခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင် အဆုံးသတ်ခဲ့သည့် စစ်အေးကာလတိုက်ပွဲအပြီးတွင် ဗြိတိန်တော်ဝင်ရေတပ်နှင့် ရုရှားသင်္ဘော တို့တိုက်မိခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။

ဗြိတိန်စစ်သင်္ဘောသည် စကော့တလန်မြောက်ဘက် မိုင် ၂၀၀ ခန့်အကွာမှနေ၍ ရုရှားရေငုပ်သင်္ဘောကို ရှာဖွေနေခြင်းဖြစ်သည်ဟု ဆိုသည်။ ရုရှားရေငုပ်သင်္ဘောမှ အသံများကိုကြားနိုင်ရန်အတွက် ဗြိတိန်စစ်သင်္ဘောမှ ဟိုက်ဒရိုဖုန်းများဖြင့် ပတ်ထားသည့် ကြိုးဆွဲအာရုံခံကိရိယာ (towed array sonar) ကေဘယ်ကြိုးများကို ရေထဲသို့ချထားသည်။

သို့သော် ၎င်းတို့စစ်ဆင်ရေးကို ဖျက်သိမ်း၍ သင်္ဘောပြန်လည်ပြုပြင်နိုင်ရေးအတွက် ဆိပ်ကမ်းသို့ ပြန်လည်ဝင် ရောက်ရန် သင်္ဘောအမှုထမ်းတပ်ဖွဲ့ဝင်များကို အမိန့်ပေးထားခဲ့ချိန် ကြိုးဆွဲအာရုံခံကိရိယာ (towed array sonar) ကေဘယ်ကြိုးကို ရုရှားရေငုပ်သင်္ဘောက ဝင်တိုက်မိခြင်းဖြစ်သည်။

ဗြိတိန်စစ်သင်္ဘေ၏ ကေဘယ်ကြိုးပျက်စီးမှုနှင့်ပတ်သက်၍ သတင်းဌာနကိုပြောရာတွင် “အတော်လေးဆိုး ဆိုးရွားရွားပျက်စီးသွားတာပါ။ ပြန်သုံးလို့မရတော့ဘူးဗျ။” ဟု ဆိုသည်။

“မေးခွန်းထုတ်စရာကောင်းတာက ဒီဖြစ်ရပ်ဟာ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖြစ်သွားတာလား၊ မတော် တဆဖြစ်သွားတာလားဆိုတာပါပဲ။” ဟု ယခင်က ဖရီးဂိတ်စစ်သင်္ဘော၏ CO ဖြစ်သူ ကပ္ပတိန်တွမ်ရှပ်က ပြောသည်။ “သင်္ဘောတို့၊ ရေငုပ်သင်္ဘောတို့ စုံစမ်းရှာဖွေမှုဆိုတာက သိပ်ပြီးတိကျတဲ့ သိပ္ပံပညာရပ်မဟုတ်ဘူးဗျ။ မှားယွင်းပြီး တစ်စီးနဲ့တစ်စီး နီးနီးကပ်ကပ် ဖြတ်သန်းသွားနိုင်ပါတယ်။” ဟု ၎င်းကပြောသည်။

“ဒါမျိုးဆိုတာက တစ်သန်းမှာ တစ်ကြိမ်လောက်ဖြစ်ခဲပါတယ်ဗျာ။ ရေငုပ်သင်္ဘောက တပ်ဖွဲ့ဝင်တွေကတော့ သူတို့ကိုယ်သူတို့ ကျိန်ဆဲနေကြလိမ့်မယ်ထင်ပါတယ်။” ဟု ရေတပ်တစ်ဦးကပြောသည်။

“ရုရှားရဲ့ စစ်ရေးအရ ဘယ်လိုကျုးကျော်ဝင်ရောက်မှုမျိုးမဆို ကြီးမားတဲ့မဟာဗျူဟာမြောက်အမှားပဲ ဖြစ်ပါလိမ့်မယ်။ ရုရှားဟာ ဒီဒေသမှာ ရန်လိုနေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ရုရှားရဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေကို ရပ်တန့်ပြီး သူတို့ သဘောတူညီထားတဲ့အတိုင်း လိုက်နာကျင့်သုံးဖို့ ကျွန်မတို့ တိုက်တွန်းလိုပါတယ်။” ဟု ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး လစ်ထရက်စ်က ပြောသည်။

Leave a Comment

You cannot copy content of this page