Reading

“လက်တဖက် ချန်ပီယံ” (ဘဝမှာ သင်ခန်းစာတွေ အများကြီးရတဲ့ ဝတ္ထုတိုလေးပါပဲ)

လက်တဖက် ချန်ပီယံ။

ဂျပန်ဝတ္ထုတိုလေးတစ်ပုဒ်ဖတ်ဖူးပါတယ်၊ ဝတ္ထုတိုလေးထဲမှာ မွေးရာပါ ဘယ်လက်တဖက်ပါမလာတဲ့ ကလေးငယ်လေး တစ်ယောက်က တစ်နေ့ ဂျူဒိုဆရာကြီးတစ်ယောက်ထံမှာ ဂျူဒိုပညာသင်ကြားပေးဖို့ သင်တန်းတက်ခွင့် တောင်းတယ်။ ဆရာကြီးက ဒီကလေးကို အတော်စဉ်းစားပြီး လက်ခံလိုက်တယ်။

ဆရာကြီး စသင်ပေးတဲ့ အကွက်က တဖက်လူကို ညာကနေဝင်ချုပ်ပြီးတော့ ကိုင်ပေါက်ရတဲ့ အကွက်တစ်ကွက် စသင်ပေးလိုက်တယ်။ ဒုတိယအပတ်မှာလဲ ဒီအကွက်ကိုပဲ ဆက်ကျင့်ခိုင်းတယ်။ တခြားလူတွေကတော့ အကွက်မျိုးစုံပြောင်းပြီး အဆင့်ဆင့် တက်ကြပေမဲ့ ဒီကလေးကိုတော့ ဆရာကြီးက ဒီတစ်ကွက် ကနေ တက်မလာဘူး။ ကြာလာတဲ့အခါကျတော့ ကလေးက စိတ်ပျက်လာပြီး ဆရာရယ် ကျွန်တော်ဒီတကွက်ပဲ သင်နေတာ တခြားအကွက်တွေ သင်ယူခွင့်မရတော့ဘူးလား လို့ မေးတယ်။

ဆရာက မင်းဒီတစ်ကွက်ပဲ ကျင့်ပါ၊ တခြားဟာတွေ သင်စရာမလိုဘူးလို့ ပြောတယ်။ ကလေးဟာ နားမလည်နိုင်ဘူး ဒါပေမယ့် သူ့ဆရာပြောတဲ့အတိုင်း နာခံပြီး လေ့ကျင့်လိုက်တာ ကြာလာတော့ ဒီချုပ်ကွက်ကို တဖက်ကမ်းခတ် တတ်မြောက်လာတယ်။

ဒီလိုနဲ့ ခြောက်လ ခုနစ်လလောက် မှာ ကလေးကို ပြိုင်ပွဲတခု ဝင်ပြိုင်ခိုင်းတယ်။ ကလေးဟာ သူ့မှာတက်တာဆိုလို့ ဒီဂျူဒိုတစ်ကွက်ထဲ ဆိုတော့ ပြိုင်ပွဲဝင်ရမှာ ကြောက်နေတယ်။ သူ့ဆရာက မကြောက်နဲ့ ဝင်ပြိုင်စမ်း လို့ အားပေးတော့လည်း ကြောက်ကြောက်နဲ့ ဝင်ပြိုင်တာပေါ့။

ပရိသတ်အံ့ဩရလောက်အောင် ကလေးဟာ ပထမအဆင့် နှစ်ပွဲကို သူတတ်ထားတဲ့ အဲ့ဒီတကွက်သိုင်းနဲ့ ကိုင်ပေါက်ပြီး လွယ်လွယ်ကူကူပဲ အနိုင်ရခဲ့တယ်။ တတိယနဲ့စတုတ္ထပွဲမှာ ဂျူဒိုပညာပိုပြီး ကျွမ်းကျင်တဲ့ တစ်ဖက်လူတွေကြောင့် ဒီကလေးဟာ ရှုံးမလိုလို တောင်ဖြစ်ခဲ့ရတယ်၊ နောက်ဆုံးတော့လည်း ဒီအကွက်ကိုပဲ အသုံးပြုပြီး အနိုင်ရပြီး ဖိုင်နယ်တက်လာတယ်။

ဗိုလ်လုပွဲမှာတော့ သူ့ထက်ပိုပြီး သန်မာကျွမ်းကျင်တဲ့ ဂျူဒိုပညာရှင်နဲ့ ပြိုင်ပွဲဝင်ရတယ်၊ လူငယ်ကလေးဟာ တစ်ခါနှစ်ခါလောက် လဲကျပြီးတော့ အရှုံးပေးရတော့မလိုတောင် ဖြစ်ခဲ့ရသေးတယ်၊ တဖက်လူရဲ့ တိုက်ကွက်တွေအောက်မှာ အလူးအလဲခံနေရတော့ ဒိုင်က ဒီလက်တဖက်နဲ့လူငယ် မနိုင်နိုင်ဘူး ဆိုပြီး ပွဲကို ရပ်ပစ်ဖို့ လုပ်တယ်။ ဒါပေမဲ့ သူ့ဆရာ က ဒိုင် ပွဲရပ်ကိုလက်မခံပဲ ဆက်ပြိုင်ခိုင်းတယ်။

တကြိမ်မှာတော့ ရှောင်ရင်းတိမ်းရင်း တစ်ဖက်လူ တချက်မှားဝင်တဲ့အချိန် လူငယ်လေးဟာ သူ့ရဲ့ တစ်ကွက်ထဲသော ချုပ်ကွက်နဲ့ ချုပ်ကိုင်ပြီး ကိုင်ပေါက်လိုက်တာ ဟိုလူပြန်မထနိုင်တော့ဘူး။ အနိုင်ရသွားရောတဲ့။ တကွင်းလုံး အံအားသင့်သွားပြီး ဘယ်ဘက်လက်တစ်ဖက် မရှိတဲ့ ဂျူဒိုသမားလေးကို အားပေးကြတာ သောသောညံသွာရတာပဲတဲ့။

အပြန်လမ်းမှာ ဆရာနဲ့တပည့် ပြိုင်ပွဲအကြောင်း စမြုံ့ပြန်ကြတော့ တပည့်က ဆရာကို ဆရာ ကျွန်တော် ဒီတကွက်ထဲနဲ့ ဘာလို့နိုင်တာလဲ? နောက်ပြီး ဘာဖြစ်လို့ ကျွန်တော်ကို သူများလို အကွက်အများကြီး မသင်ပေးတာလဲ? လို့မေးတယ်။

ဆရာက တပည့် မင်းနိုင်သွားတာ အကြောင်းနှစ်ချက် ရှိတယ်၊ တကြောင်းက ဒီချုပ်ကွက်ဟာ အလွန်ခက်တယ်၊ မင်းဟာ ဒီဂျူဒို အကွက်ကို လပေါင်းများစွာ လေ့ကျင့်ခဲ့ရတော့ ဒီအကွက်မှာ တဖက်ကမ်းခတ် ဖြစ်နေတာကတပိုင်း။

နောက်အကြောင်းကတော့ အဓိကပိုကျတယ်။ အခု မင်းကိုသင်ပေးထားတဲ့ ဒီအကွက်ရဲ့ အားနည်းချက် က မင်း တဖက်လူကို ဝင်ပြီးချုပ်တဲ့အခါ သူက မင်းဘယ်လက်ကို ပြန်ချုပ်ပြီး ကိုင်ပေါက်လိုက်နိုင်တယ်။ ဒီချုပ်ကွက်ရဲ့ အားနည်းချက်ဟာ ဘယ်လက်က လွတ်ထွက်နေတယ်။

ဒါပေမဲ့ မင်းမှာ သူတို့ပြန်ကိုင်ပေါက်ဖို့ မွေးကတည်းက ဘယ်လက် မပါလာဘူး။ အဲ့ဒါကြောင့် မင်းဒီအကွက်ကိုသုံးရင် အားနည်းချက် ဘာမှမရှိဘူး။ ဒါကြောင့်လည်း မင်းကို ဒီအကွက်တခုပဲ ထပ်ခါထပ်ခါ သင်ပေးထားတာ။

ဘဝ မှာ သင်ခန်းစာတွေ အများကြီး ရတဲ့ ဝတ္ထုတိုလေးပါပဲ၊ တကွက်တည်းသောပညာ နဲ့ လက်တဖက်ပဲရှိတဲ့ ဂျူဒိုသမား။ သူ့ရဲ့အလွန်တော်တဲ့ဆရာ။ တခုခုချို့ယွင်းနေလို့ အားငယ်မနေပါနဲ့၊ ကိုယ့်အားနည်းချက် ဟာ ဘယ်သူမှ မမှီတဲ့ အားသာချက်တွေ ဖြစ်လာနိုင်ပါတယ်။ ကိုဗစ်ကာလမှာ အကုန်ဘယ်လက်ပြတ်နေသလိုပါပဲ၊ တကွက်ကောင်းလေ့ကျင့်ပြီးပြန်တွန်းလှန်နိုင်ကြပါစေ။

ကျော်စွာမင်း (ပုဂံ)

Leave a Comment

You cannot copy content of this page