International News

တရုတ်ပြည်မှာ ကိုဗစ်မတိုင်ခင် အချိန်က လူ (၄၀၀၀) ကျော်ကူးစက်ခဲ့တဲ့ ဘက်တီးရီးယား ကူးစက်မှုကြီး

တရုတ်ပြည်အနောက်မြောက်ပိုင်းမှာ ဘက်တီးရီးယားကူးစက်ပြန့်ပွားမှုရှိခဲ့တယ်လို့ Lanzhou အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ပထမဆုံးပြောချင်တာက ကျနော်တို့ဆီကူးစက်မှာကို မစိုးရိမ်ရတဲ့အတွက် စိတ်မပူကြပါနဲ့။ ဒီဘက်တီးရီးယားဟာ လူကနေ လူကို ပြန်ကူးစက်တာ အလွန်ရှားတဲ့အတွက် ကျနော်တို့ မစိုးရိမ်ရပါ။

ဒီဖြစ်ရပ်အဓိကဖြစ်ပွားခဲ့တာက မနှစ်ကဇူလိုင်လကုန်နဲ့ ဩဂတ်စ်လမှာ Zhongmu Lanzhou ဇီဝဆေးဝါးစက်ရုံက စတင်ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ ဘာလို့အခုမှ သတင်းပြန့်တာလဲဆိုတော့ ဒေသအာဏာပိုင်တွေက အခုမှ ဒီဖြစ်ရပ်ကို လူသိရှင်ကြားပြောလာလို့ပါ။ တရုတ်သတင်းဌာန စင်ဟွာက မနှစ်က ဒီဇင်ဘာလမှာ ဒီသတင်းကို ရေးဖူးပါတယ်။

Lanzhou ကျန်းမာရေးကော်မရှင်က အဲ့ဒီဖြစ်ရပ်ကနေ brucellosis ရောဂါကို စုစုပေါင်းလူပေါင်း ၃၂၄၅ ယောက်ကို ကူးစက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်လူပေါင်း ၁၄၀၁ ယောက်မှာ positive ဖြစ်နေပြီး အခုထိလူသေဆုံးမှုမရှိဘူးလို့ဆိုပါတယ်။ အခုထိလူပေါင်း ၂၁၈၄၇ ယောက်ကို test စစ်ဆေးထားပြီးပါပြီတဲ့။

အဲ့ဒီ brucellosis ရောဂါဟာ brucella ဘက်တီးရီးယားကနေကူးစက်ပါတယ်။ brucellosis ရောဂါကို Malta fever (သို့) Mediterranean fever (မော်တာအဖျား (သို့) မြေထဲပင်လယ်အဖျား) လို့လည်းခေါ်ကြပါတယ်။

ရောဂါလက္ခဏာတွေကတော့ ခေါင်းကိုက်တာ၊ ကိုယ်ပူတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ကြွက်သားတွေနာတာ တွေဖြစ်ပါတယ်တဲ့။ မှတ်သားစရာတစ်ခုက တစ်ချို့ရောဂါလက္ခဏာတွေက နာတာရှည်ဖြစ်သွားပြီး ကိုယ်အင်္ဂါတွေရောင်ရမ်းတာတွေဖြစ်ပွားတတ်တယ်လို့ အမေရိကန်ကူးစက်ရောဂါဌာန CDC ကဆိုထားပါတယ်။

ဘယ်လိုကူးစက်သလဲဆိုရင် ရောဂါပိုးပါတဲ့အစားအသောက်ကို စားသောက်မိတာနဲ့ ပိုးပါတဲ့လေကိုရှုမိတာကနေ ကူးစက်ပါတယ်တဲ့။ အဲ့ဒီဘက်တီးရီးယားပိုးက နွားတွေမှာရှိတယ်ဆိုရင် နွားနို့ကို ပိုးမသတ်ထားရင် လူကိုကူးနိုင်ပါတယ်။

အခုစက်ရုံက တိရိစ္ဆာန်ကာကွယ်ဆေးထုတ်တဲ့ စက်ရုံပါ။ အဲ့ဒီလို ကာကွယ်ဆေးထုတ်လုပ်ရာမှာ စွန့်ပစ်ပစ္စည်းဓာတ်ငွေ့တွေကို ပိုးသတ်ရာမှာ ဒိတ်လွန်နေတဲ့ပိုးသတ်သန့်ရှင်းဆေးကို သုံးမိခြင်းပါပဲ။ အဲ့ဒီတော့ စွန့်ပစ်ဓာတ်ငွေ့ထဲမှာ ဘက်တီးရီးယားပါသွားပြီး လေထဲရောက်သွားတယ်။

အဲ့ဒီစက်ရုံခေါင်းတိုင်ကထွက်လာတဲ့ ပိုးပါတဲ့လေတွေဟာလေတိုက်ရာကနေ Lanzhou Veterinary Research Institute (သုသေသနကျောင်း) ဘက်ကိုရောက်သွားပြီး Outbreak စပါတော့တယ်။

ကျနော်တို့အတွက် သင်ခန်းစာယူစရာက ပိုးသတ်ရာမှာ expired disinfectants and sanitizers (ဒိတ်လွန်တဲ့ပိုးသတ်ဆေးကို) မသုံးမိဖို့ပဲ။ ပိုးသတ်တဲ့အရည်၊ အမှုန့်တွေက ဒိတ်လွန်နေရင် ရောဂါပိုးကိုသေတယ်ထင်ပြီးမသေတာကနေ ကူးစက်ရောဂါအကြီးအကျယ်ဖြစ်တတ်ပါတယ်။ ဆေးရုံဆေးခန်းတွေမှာလည်း သတိထားရပါမယ်။

နောင်ပြီးတော့ စက်ရုံတွေကနေ ဇီဝဘေးအန္တရာယ်ရှိမှုပဲ။ ဒါကြောင့် ကျနော်တို့က စက်ရုံတွေကို Environmental Management ကို စနစ်တကျ လိုက်နာဖို့ပြောတာဖြစ်ပါတယ်။

ခုနက ကူးစက်မှုပြဿနာကိုဆက်ရရင် အဲ့ဒီလို သုသေသနကျောင်းကို လေထဲကနေကူးစက်သွားရာကနေ နိုဝင်ဘာလမှာ ကူးစက်မှုသတင်းပို့မှုတွေများလာပါတယ်တဲ့။ အဲ့ဒီကနေကူးစက်မှုအရှိန်မြင့်လာခဲ့တယ်။ ဒီဇင်ဘာလကုန်မှာ ၁၈၁ ယောက်ကူးစက်ခဲ့တယ်လို့ စင်ဟွာသတင်းဌာနက ဒီဇင်ဘာလမှာ ရေးခဲ့ပါတယ်။

နောက်ထပ်ကူးစက်ခံရသူတွေကတော့ Lanzhou University က ဆရာနဲ့ကျောင်းသားတွေပါ။ အဲ့ဒီကနေအထက်ဖက်က Heilongjiang ပြည်နယ်ဖက် ကူးစက်ပြန့်နှံ့သွားပါတယ်တဲ့။ အခုတော့ စက်ရုံကို တိရိစ္ဆာန်ကာကွယ်ဆေးထုတ်ခွင့်လိုင်စင် ရုပ်သိမ်းပါတယ်။

ဖေဖဝါရီလမှာ အဲ့ဒီစဖြစ်တဲ့စက်ရုံက လူသိရှင်ကြားတောင်းပန်ပါတယ်။ တာဝန်ရှိတဲ့ လူ ၈ ယောက်ကိုလည်း ပြင်းပြင်းထန်ထန်အရေးယူပါတယ်တဲ့။ ကူးစက်ရောဂါပြန့်ပွားမှုသန့်ရှင်းရေးတွေလုပ်ပြီး လျှော်ကြေးပေးပါမယ်လို့ဆိုပါတယ်။

အဲ့ဒီအချိန်မှာ Covid ကလည်း အကြီးအကျယ်ဖြစ်နေတော့ လူတွေလန့်ဖြန့်နေကြပြီး သူတို့လည်းအရေးယူခံရမှာကို စိုးရိမ်တယ်ထင်ပါတယ်။

တကယ်တော့ အဲ့ဒီ မော်တာအဖျားရောဂါဟာ ၁၉၈၀ ကျော်လောက်က တရုတ်ပြည်မှာရှိခဲ့ပြီး ကာကွယ်ဆေးတွေပေါ်လာတာရယ်၊ လူတွေကကျန်းမာရေးအသိရှိလာပြီး မပြန့်ပွားအောင်ဂရုစိုက်လာတာရယ်ကြောင့် ဖြစ်ပွားမှုနည်းပါးခဲ့တာပါ။

ဘေ့ာစနီးယားမှာ ၂၀၀၈ ခုနှစ်မှာ လူအယောက် ၁၀၀၀ လောက်အကူးခံရပြီး သိုးတွေ၊ နွားတွေ၊ ဆိတ်တွေ အစုလိုက်အပြုံလိုက် ရှင်းခံခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း အဲ့ဒီရောဂါကို မွေးမြူရေးလုပ်ငန်းတွေမှာ နှစ်စဉ်ဒေါ်လာဘီလျံချီပြီး ကုန်ကျနေတာပါ။ အမေရိကန် Yellowstone National Park ထဲက Bison အမေရိကန်ကျွဲရိုင်းအမတွေရဲ့ ၆၀ ရာနှုန်းမှာ အဲ့ဒီ Brucella ဘက်တီးရီးယားကို သယ်ဆောင်တာကို တွေ့ရပါတယ်တဲ့။

အခု Lanzhou မှာဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရုတ် Global Times ကလည်း ထင်တာထက်ပိုဆိုးကြောင်း ရေးသားခဲ့ပါတယ်။ Nikki Asian Review မှာတော့ ခံစားရတဲ့မိသားစုတွေအကြောင်း အသေးစိတ်ပြည့်ပြည့်စုံစုံရေးထားတာတွေ့ရပါတယ်။

အဲ့ဒါကြောင့်မွေးမြူရေးလုပ်ငန်းနဲ့ ကာကွယ်ဆေးထုတ်လုပ်မှုလုပ်ငန်းတွေမှာ ပိုးသတ်မှုစနစ်ကျဖို့ အလွန်လိုအပ်တာဖြစ်ပါတယ်ခင်ဗျား။ Covid ကာလမှာ ဆေးရုံဆေးခန်းတွေမှာ ပိုးအသေအချာသန့်စင်ကြဖို့လိုပါတယ်။ expired disinfectants and sanitizers ကိုမသုံးမိဖို့ ဂရုပြုကြပါခင်ဗျား။

Richard Myo Thant (18.9.2020)

Leave a Comment

You cannot copy content of this page