News

မြောက်ဒဂုံတွင် ဒေသန္တရကျန်းမာရေးဆေးခန်းမှ သူနာပြုဆရာမ (၄) ဦးထံတွင် ကိုဗစ်ပိုးတွေ့

မြောက်ဒဂုံတွင် ကိုယ်ဝန်ဆောင်များပြသရာ ဒေသန္တရကျန်းမာရေးဆေးခန်းတစ်ခုမှ သူနာပြုဆရာမ (၄) ဦးထံတွင် ကိုဗစ်ပိုးတွေ့…

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် အမှတ် ၄၈ ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်များပြသရာ ဒေသန္တရကျန်းမာရေးဆေးခန်းမှ အကြီးတန်းသူနာပြု (အပြာဝတ်)အပါအဝင် ဝန်ထမ်း ၄ ဦးထံ၌ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုအဖွဲ့မှ သိရသည်။

စက်တင်ဘာ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ အဆိုပါ ဆေးခန်းမှ အပြာဝတ်သူနာပြုဆရာအပါအဝင် စုစုပေါင်း ၄ ဦးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း သိရှိခဲ့ရပြီး နောက် ဆေးခန်းကို ပိတ်လိုက်ကြောင်း သိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူ ၁ ဦးက “ကျနော်သိရသလောက်ကတော့ ဒီအထဲမှာ တာဝန်ထမ်းဆောင်နေရင်းနဲ့ပဲ ရောဂါပိုး ကူးစက်ခံရတယ်ပေါ့နော်။ Q ဝင်နေတဲ့ သူတွေတော့မဟုတ်ပါဘူး။ ဆေးခန်းက ကိုယ်ဝန်ဆောင်တွေပြတာဆိုတော့ အဲ့ဒီဆရာမတွေရှိတဲ့ရက်မှာ ဘယ်ကိုယ်ဝန်ဆောင်တွေလာပြခဲ့တယ်ဆိုတာကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကတဆင့် စာရင်းကောက်နေပါတယ်။ ညနေလောက်ဆိုတော့ စာရင်းဘယ်လောက်ရလဲ သိရမယ်ထင်တယ်” ဟု ပြောသည်။

လက်ရှိတွင် ရောဂါပိုးကူးစက်ခံရသူ သူနာပြုဆရာမ (၄) ဦးကို ဆေးရုံပို့ထားပြီး အတူတူ အလုပ်လုပ်သော ကျန်းမာရေးဝန်ထမ်း ဆရာမ (၁၂) ဦးကို Q စင်တာ ပို့နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

ယနေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရ မြောက်ဒဂုံတစ်မြို့နယ်လုံးတွင် ကိုဗစ် အတည်ပြုလူနာ ၆၀ ကျော်တွေ့ရှိထားကြောင်း သိရသည်။

Leave a Comment

You cannot copy content of this page