International News

ကိုဗစ်ရောဂါ ကို ရာနှုန်းပြည့် တိုက်ဖျက်နိုင်တဲ့ဆေး ဗင်နီဇွဲလားသိပ္ပံပညာရှင်များ တီထွင်

ကိုရိုနာဗိုင်းရပ်စ်ကို ဘေးထွက်ဆိုးကျိုးမပြဘဲ ဖယ်ရှားနိုင်မယ့် ဆေးတစ်မျိုးကို ဖော်ထုတ်ထားတယ်လို့ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရိုက ဆိုပါတယ်။

ဒီဆေးဟာ ကိုဗစ်ရောဂါ ကို ဘေးထွက်ဆိုးကျိုး မပြဘဲ ရာနှုန်းပြည့်ဖယ်ရှားနိုင်အောင် ထုတ်ထားတာ ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။ အထူးထိရောက်မှုရှိအောင် ထုတ်ထားတဲ့ ဒီ Antiviral ဆေး ထောက်ခံချက် ရဖို့အတွက်လည်း WHO ကို တင်ပြထားတယ်လို့ RT သတင်းက ဖော်ပြထားပါတယ်။

“ဗင်နီဇွဲလားဟာ ကိုရိုနာဗိုင်းရပ်စ်ကို ၁၀၀% တိုက်ဖျက်နိုင်တဲ့ ဆေးတစ်မျိုး ဖော်ထုတ်ထားတယ်လို့ ပြောချင်ပါတယ်။” လို့ တနင်္ဂနွေနေ့မှာ သမ္မတက ပြောကြားခဲ့ပါတယ်။ ဒီဆေးဟာ ထိရောက်မှုမြင့်မားတဲ့ ဗိုင်းရပ်စ်သတ်ဆေးတစ်ခုလို့လည်း သုံးနှုန်းသွားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကုသဖို့အတွက် ပြီးခဲ့တဲ့ ၆ လကြာက ဆေးဝါးသုတေသန လုပ်နေတဲ့ Venezuelan Institute for Scientific Research (IVIC) က ထုတ်လုပ်လိုက်တာ ဖြစ်တယ်လို့လည်း မှတ်ချက်ချထားပါတယ်။ ဒီဆေးဟာ ဗိုင်းရပ်စ်ကနေ သီးသန့်ဖယ်ထုတ်လိုက်တဲ့ TR-10 လို့ ခေါ်တဲ့ မော်လီကျူးတစ်ခုပေါ် အခြေခံထားတာပါ။

ဗင်နီဇွဲလားသတင်းစာ La Calle ရဲ့ အဆိုအရ ဒီမော်လီကျူးကို အသည်းရောင်အသားဝါ စီ ၊ HPV ၊ အီဘိုလာနဲ့ တစ်ခြားရောဂါတွေမှာ သုံးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သမ္မတမာဒူရိုကတော့ ဒီလေ့လာမှုကို သိပ္ပံပညာရှင်နဲ့ ကျွမ်းကျင်သူတွေ ဆန်းစစ်လေ့လာသုံးသပ်ထားပြီး တွေ့ရှိချက်တွေကို ထောက်ခံမှုပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကိုလည်း တင်ပြသွားမယ်လို့ ဆိုပါတယ်။

အသစ် ထုတ်လုပ်ထားတဲ့ ဆေးဟာ လုံးဝဘေးကင်းမှုရှိပြီး လူ့ကိုယ်တွင်းက ကျန်းမာတဲ့ မော်လီကျူးတွေကို သက်ရောက်မှု မရှိသလို ဘေးထွက်ဆိုးကျိုးလည်း မပေးဘူးလို့ IVIC အင်စတီကျူ့ဒ်က ကြေညာပါတယ်။ ဆေးစမ်းသပ်မှုတွေကို ဗင်နီဇွဲလား ကိုဗစ်လူနာတွေဆီက သီးသန့်ခွဲထားတဲ့ ဗိုင်းရပ်စ်ဆဲလ်တွေမှာ လေ့လာမှုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဂါဘရီယယ်လာ ဂျီမန်နက်ဇ်က ဆိုပါတယ်။

ကိုဗစ်-၁၉ ဆေးဖော်ထုတ်နိုင်မှုအတွက် သမ္မတမာဒူရိုဟာ IVIC ကို ချီးကျူးခဲ့ပြီး လူသားထုအတွက် ကြီးမားတဲ့အထောက်အပံ့ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ ဆေးကို အမြောက်အများ ထုတ်လုပ်နိုင်ဖို့ နိုင်ငံတကာ မိတ်ဖက်တွေဆီကနေ အကူအညီရယူသွားမယ်လို့လည်း ဆိုပါတယ်။

Leave a Comment

You cannot copy content of this page