News

လှိုင်သာယာတွင် ကိုဗစ် ကူးစက်ခံရသူ (၄၀၀၀) ကျော်ရှိလာပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကုသနေ

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ် ကူးစက်မှုမြင့်မားလျှက်ရှိသည့် မြို့နယ်များမှာ မြောက်ဥက္ကလာပမြို့နယ် ၊ မင်္ဂလာဒုံမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ဖြစ်ပြီး အခြေခံလုပ်သားများ အများဆုံးနေထိုင်သည့် စက်မှုမြို့နယ်များဖြစ်ကြောင်း သိရပါတယ်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက် ည ၇ နာရီထိ နောက်ဆုံးစာရင်းအရ ကိုဗစ် ကူးစက်ခံရသူအရေအတွက်ဟာ မြောက်ဥက္ကလာပမြို့နယ်မှာ ၄၇၅၄ ဦး၊ မင်္ဂလာဒုံမြို့နယ်မှာ ၄၆၈၀ ဦးနဲ့ လှိုင်သာယာမြို့နယ်မှာ ၄၀၀၆ ဦး အများဆုံးနဲ့ အစဉ်လိုက်ရှိနေတာဖြစ်ပါတယ်။

စက်မှုဇုန်အများဆုံးနဲ့ လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ လှိုင်သာယာမြို့နယ်မှာတော့ ဒုတိယလှိုင်းကာလမှာ အနံ့ပျောက်သူအများစုက ကိုယ့်နည်းကိုယ့် ဟန်နဲ့ ကုသမှုတွေ များလာတယ်လို့ သိရပါတယ်။

လှိုင်သာယာမြို့နယ်က Q စင်တာ စီမံခန့်ခွဲမှုနဲ့ အသိပညာပေးလုပ်ဆောင်နေတဲ့ ကိုဇေကိုကို က လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ လှိုင်သာယာမှာတော့ အများဆုံးပဲ တစ်ရက်ကိုဆို တော်တော်များများ ပေါ့နော် စင်တာကို ၄ ခုလောက်ခွဲထားရတာပေါ့နော် အခုနောက်ပိုင်းကတော့ ကြိတ်ကုတွေ ပိုများလာတယ် ကိုယ့်ဘာသာကို အောက်စီဂျင်တိုင်းတယ် အနံ့ပျောက်တယ်ဆို ကိုယ့်နည်းကိုဟန်နဲ့ ပါရာစီတမော့လိုဟာမျိုးတွေသောက်တယ် အဲ့လိုမျိုးတွေ ကြိတ်ကုတွေများလာတယ်။

နောက်တစ်ခုကကျတော့ သူ့ Process က Fever Clinic ကိုအရင်သွားရတာကို ပြီးတော့ မှထောက်ခံချက်ယူ ပြီးတော့မှ Q စင်တာတွေကို လာလာပြီးတော့မှ Swap ၂ ကြိမ်ယူပေးတာပေါ့ အဲ့ဒါကို Fever Clinic ကို မဖြတ်ချင်ကြဘူး လူတွေက ကိုယ်တိုင် အိမ်မှာကုလိုက်တယ် ၊ ကုပြီးတော့ အခြေနေဆိုးမှ ဖျားနာကုဆေးခန်းတွေရောက်လာတယ် အဲ့ဒီလိုမျိူးလူတွေပိုများလာတယ်”

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေ့ပြောင်းနဲ့ လူဦးရေအများဆုံးဖြစ်တဲ့ လှိုင်သာယာမြို့နယ်မှာ မြို့နယ်အဆင့် ကွာရန်တင်းစင်တာ ၄ ခုရှိပြီး ရပ်ကွက်အလိုက် စင်တာတွေကို တော့ ရွေးကောက်ပွဲအပြီးမှာ ပိတ်ထားပြီး ကိုဗစ် ကူးစက်ခံရတဲ့ အလုပ်သမားတွေအတွက် ယောမင်းကြီး စင်တာကို ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

“စက်မှုဇုန် က လုပ်သမားတွေဖြစ်ခဲ့လိုရှိရင် ဇုန်ကြီးကြပ်ရေးအဖွဲ့ရယ် မြို့နယ် အလိုက်ဖွဲ့ထားတဲ့ ကိုဗစ် ကော်မတီတွေမှာတာဝန်ရှိတယ်။ ခုလောလောဆယ် တချို့စက်ရုံတွေဆို ကျွန်တော်တို့ဆီ လာပြတာရှိတယ် အဲ့ဒီလိုမျိုးအနံ့ပျောက်တဲ့ လူများတဲ့ ရုံတွေဆို စက်ရုံအလုပ်ချိန်ကို ဘယ်လိုမျိုး အဆိုင်းနဲ့သော်လည်ကောင်း အခြားပုံစံဘယ်လိုမျိုးနဲ့ ဆင်းခိုင်းမလဲပေါ့နော် စက်ရုံလည်ပတ်တဲ့ ပုံစံမပျက်အောင် နောက်တစ်ခုက ကျန်းမာရေး စည်းကျပ်မှုအနေနဲ့ ဘာတွေလုပ်ပေးမလဲပေါ့နော် ဒါကို ဇုန်ကော်မတီတွေ ကိုဗစ်ကော်မတီတွေ က အလျော့အတင်းပုံစံမျိူးနဲ့ သွားရင်တော့ အဆင်ပြေလိမ့်မယ်” လို့ ကိုဇေကိုကို က ပြောပါတယ်။ (MLN)

Leave a Comment

You cannot copy content of this page