International News

ကိုဗစ် ဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေ့ရတဲ့ နိုင်ငံအရေအတွက် ထပ်တိုးလာ (စတုတ္ထလှိုင်း စပြီ)

ကိုဗစ် ဗိုင်းရပ်စ်အသစ် (အိုမစ်ခရွန်) ကူးစက်မှုတွေ့ရတဲ့ နိုင်ငံအရေအတွက် ထပ်တိုးလာ (စတုတ္ထလှိုင်း စပြီ)

တောင်အာဖရိကမှာ ထွက်ပေါ်လာခဲ့တဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမစ်ခရွန် ကူးစက်မှုတွေကို နိုဝင်ဘာ ၂၇ ရက်နေ့အထိ နောက်ထပ် နိုင်ငံနဲ့ နယ်မြေ ၇ ခုမှာ စစ်ဆေးတွေ့ရှိရပြီး ကမ္ဘာတစ်ဝန်း ခရီးသွားလာမှု ပိတ်ပင်ကန့်သတ်မှုနဲ့ ကျန်းမာရေးစည်းမျဥ်း တင်းကျပ်မှုတွေ အလျင်အမြန် ပြန်လုပ်ဆောင်လာနေကြပါတယ်။

ဗြိတန်မှာ အိုမစ်ခရွန်ဗိုင်းရပ်စ် (Omicron) ကူးစက်ခံရသူ နှစ်ဦးတွေ့ရှိခဲ့ပြီး တောင်အာဖရိကသို့ ခရီးသွားခဲ့သူတွေလို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး Sajid Javid က ပြောပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကူးစက်မှုထိန်းချုပ်ရန် စီမံဆောင်ရွက်မှုအသစ်များ သတ်မှတ်ဆောင်ရွက်မယ်လို့ ကြေညာပါတယ်။

ဗြိတိန်ကို ဝင်ရောက်လာတဲ့ နိုင်ငံအားလုံးမှ ခရီးသွားတွေဟာ PCR (polymerase chain reaction) စစ်ဆေးမှုအရ ဗိုင်းရပ်စ်ကူးစက်ခံရထားရခြင်းမရှိကြောင်း အဖြေထွက်တဲ့အထိ ကိုယ်တိုင် ကွာရန်တင်းနေထိုင်ရမှာ ဖြစ်ပါတယ်။ ထို့အတူ ဗြိတန်တစ်ဝန်း လက်လီအရောင်းဆိုင်တွေထဲမှာ mask တပ်ရမှာဖြစ်ပြီး ကာကွယ်မှုမြှင့်တင်ရန် ကိုဗစ်ကာကွယ်ဆေး ထပ်မံတိုးရန်အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျာမနီ Bavaria ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနကလည်း နိုင်ငံအတွင်း အိုမစ်ခရွန်ဗိုင်းရပ်စ်အသစ် ကူးစက်မှုနှစ်ခု စစ်ဆေးတွေ့ရှိကြောင်း ကြေညာခဲ့ပါတယ်။ ကူးစက်ခံရသူ နှစ်ဦးဟာ ဂျာမနီသို့ မြူးနစ်လေဆိပ်ကနေ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ဝင်ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ယခုအခါ ၎င်းတို့ကို သီးခြားခွဲထားကြောင်း ဝန်ကြီးဌာနက ပြောခဲ့ပေမဲ့ တောင်အာဖရိကသို့ ခရီးသွားခဲ့ခြင်းနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့ပါဘူး။

အီတလီနိုင်ငံကလည်း ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမစ်ခရွန် ကူးစက်ခံရသူတစ်ဦးကို မီလန်မြို့မှာ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ အဆိုပါ ကူးစက်ခံရသူဟာ မိုဇမ်ဘစ်နိုင်ငံမှာ ပြန်လာခဲ့သူလို့ အီတလီကျန်းမာရေးဌာနက ပြောပါတယ်။ ချက်ရီပတ်ဘလစ်မှာလည်း ကျန်းမာရေးအာဏာပိုင်တွေက နမီးဘီးယားနိုင်ငံကို သွားရောက်ခဲ့သူတစ်ဦးမှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရကြောင်း သံသယရှိပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

တောင်အာဖရိက ကနေ နယ်သာလန်နိုင်ငံဆီ ပျံသန်းလာခဲ့တဲ့ လေယာဉ် နှစ်စီးပေါ်မှာ ဒါဇင်နဲ့ချီတဲ့ ကိုဗစ်ပိုး ကူးစက်ခံထားရသူတွေ ပါဝင်ခဲ့တဲ့အကြောင်း နယ်သာလန်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ စနေနေ့ညက ဆိုက်ရောက်လာခဲ့တဲ့ လေယာဉ်နှစ်စီးပေါ်က ခရီးသည်တွေကို ကိုဗစ်စစ်ဆေးမှု ပြုလုပ်တဲ့အခါ ကိုဗစ်ရောဂါပိုးအသစ် အိုမီခရွန်ပိုး ကူးစက်ခံထားရသူ (၆၁) ဦးအထိ တွေ့ရှိခဲ့ရတာပါ။

“လေဆိပ်ကို ရောက်လာကြတဲ့ ခရီးသွားတွေအကုန်လုံးကို ဆေးစစ်မှုတွေ ပြုလုပ်ပေးခဲ့တာပါ။ အဲဒီထဲကမှ ရောဂါကူးစက်ခံရသူတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဟိုတယ်တစ်ခုမှာ သီးသန့်ခွဲထားပါတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ တွေ့ရပါတယ်။ နယ်သာလန်နိုင်ငံရဲ့ တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ သောကြာနေ့အစောပိုင်းက တောင်အာဖရိက လေကြောင်းလိုင်းတွေကို ဝင်ရောက်ခွင့်ပိတ်ထားခဲ့ပေမယ့် စနေနေ့မှာတော့ ကျန်းမာရေးဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့အတူ ပြန်လည် ဝင်ရောက် ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံအပါ ဉရောပနိုင်ငံတော်တော်များများမှာတော့ စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေနဲ့ စတိုးဆိုင်တော်တော်များများကို တာဝန်ရှိသူတွေက ပိတ်ထားစေခဲ့ပြီး ကိုဗစ် စတုတ္ထလှိုင်းကို ရင်ဆိုင်ဖို့ ပြင်ဆင်နေကြပါပြီ။

နိုဝင်ဘာ ၂၇ ရက်အထိ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက ထုတ်ပြန်ချက်အရ အိုမစ်ခရွန်ဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေကို တောင်အာဖရိအပြင် ဘယ်လ်ဂျီယံ၊ ဘော့ဆွာနာ၊ အစ္စရေး၊ ဟောင်ကောင်၊ ဗြိတိန်၊ ဂျာမနီနဲ့ အီတလီတို့မှာလည်း တွေ့ရှိထားပါတယ်။

တောင်အာဖရိမှာ တွေ့ရှိလာရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က အိုမစ်ခရွန် (Omicro) လို့ အမည်ပေးပြီး ‘စိုးရိမ်စရာ’ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အိုမစ်ခရွန်ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကို စိုးရိမ်ပူပန်တာကြောင့် အမေရိကန်၊ ကနေဒါ၊ ဘရာဇီး၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ ထိုင်း၊ အိုမန်၊ ကူဝိတ်၊ ဟန်ဂေရီ အပါအဝင် နိုင်ငံအများအပြားက အာဖရိကဘက်မှ ခရီးသွားဝင်ရောက်မှု ပိတ်ပင်ခြင်း သို့မဟုတ် ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းတင်းကျပ်ခြင်းများ လုပ်ဆောင်လာကြပါတယ်။

အာဖရိကတိုက်မှ တောင်အာဖရိက၊ ဘော့ဆွာနာ၊ နမီးဘီးယား၊ ဇင်ဘာဘွေ၊ လီဆိုသို၊ အက်စ်ဝါတီနီ၊ မာလာဝီ၊ မိုဇမ်ဘစ် နိုင်ငံတွေမှာ ခရီးသွားဝင်ရောက်မှုတွေကို အဓိက ပိတ်ပင်လာကြတာလည်း ဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါဖြစ်ပွားမှု ၂ နှစ်နီးပါးကြာမြင့်လာချိန်မှာ စိုးရိမ်စရာကောင်းတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်အသစ်တစ်ခု ထွက်ပေါ်လာခြင်းက ကမ္ဘာတစ်ဝန်း ဂယက်ရိုက်ခတ်မှုတွေ ရှိလာနေပါတယ်။

အိုမစ်ခရွန်ဟာ ယခင်က တွေ့ရှိထားခဲ့တဲ့ ဗိုင်းရပ်စ်တွေနဲ့မတူဘဲ များစွာကွဲပြားခြားနားနေတာကြောင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ကူးစက်နိုင်မှုအခြေအနေနဲ့ ထိုဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုအပေါ် စိုးရိမ်ပူပန်နေပါတယ်။ WHO ကတော့ အိုခစ်ခရွန်ဗိုင်းရပ်စ်ရဲ့ ဗီဇပြောင်းလဲမှုကို အပြည့်အဝ သိရှိနားလည်ရန် ရက်သတ္တပတ်အနည်းငယ်ကြာမယ်လို့ ပြောထားပါတယ်။

ထိုအတောအတွင်း အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Novavax က အသစ်တွေ့ရှိလာရတဲ့ အိုမစ်ခရွန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အတွက် ကိုဗစ် ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ရန် စတင်လုပ်ဆောင်နေပြီလို့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားကြောင်းလည်း သိရပါတယ်။

Leave a Comment

You cannot copy content of this page