International News

အင်ဒိုနီးရှားမှာ နှာခေါင်းစည်း (Mask) မတပ်သူတွေကို သချိုင်းမှာ ကျင်းတူးဖို့ အပြစ်ပေး

အင်ဒိုနီးရှားနိုင်ငံမှာ နှာခေါင်းစည်း (Mask) မတပ်သူတွေကို သချိုင်းမှာ ကျင်းတူးဖို့ အပြစ်ပေး…

အင်ဒိုနီးရှားနိုင်ငံမှာ ဒေသအာဏာပိုင်တွေဟာ ကိုဗစ်ကာလအတွင်း နှာခေါင်းစည်းတပ်ဆင်ရမယ့် စည်းကမ်းချက်ကို မလိုက်နာခဲ့တဲ့ လူ ၈ ဦးကို ကိုဗစ်ကြောင့် သေဆုံးခဲ့သူတွေကို မြှုပ်နှံဖို့ ကျင်းတူးခိုင်းခဲ့တယ်လို့ သိရပါတယ်။ အရှေ့ဂျာဗားပြည်နယ်မှာ အခုလိုအပြစ်ပေးခဲ့တာဖြစ်ပြီးတော့ ဒေသ သချိုင်းအတွင်းမှာ ကျင်းတူးခိုင်းခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုပြုလုပ်ခြင်းအားဖြင့် တစ်နိုင်ငံလုံးမှာ စည်းကမ်းချိုးဖောက်နေသူတွေကိုလည်း ဟန့်တားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဂျာကာတာပို့စ်သတင်းစာက ဖော်ပြခဲ့ပါတယ်။ စဏ္ဍာလ တဖြစ်လဲ သုဘရာဇာအဖြစ် အပြစ်ပေးမှုအပေါ်မှာ ထောက်ခံသူတွေလည်း ရှိနေကြပြီး နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ Suyono ကတော့ အခုလိုပဲ ပြောဆိုခဲ့ပါတယ်။

“လောလောဆယ်တော့ သုဘရာဇာ ၃ ဦးပဲရှိနေတာပါ၊ အခုတော့ သူတို့နဲ့အတူ အလုပ်လုပ်ခိုင်းလို့ရမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒီလုပ်ရပ်က စည်းကမ်းချိုးဖောက်မှုတွေကိုလည်း ဟန့်တားနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ Suyono က ဂျာကာတာပို့စ်နဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း သေဆုံးလူနာအလောင်းကို ကိုင်တွယ်ဖို့အတွက်တော့ အာဏာပိုင်တွေက အတင်းအကျပ်ဖိအားပေးတာမျိုးမရှိဘူးလို့ သိရပါတယ်။ အလောင်းကို ကိုင်တွယ်ရာမှာ အပြည့်အဝကာကွယ်မှုပေးနိုင်တဲ့ ဝတ်စုံတွေကို လုံခြုံစွာဝတ်ထားတဲ့ ဒေသတွင်းကျန်းမာရေး အရာရှိတွေကသာ ထိတွေ့ကိုင်တွယ်ရမယ်လို့ ကန့်သတ်ထားပေးတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားမှာတော့ ကူးစက်သူပေါင်း နှစ်သိန်းနှစ်သောင်းတစ်ထောင်အထိ ရှိနေပြီဖြစ်ကာ သေဆုံးသူပေါင်း ရှစ်ထောင့်ရှစ်ရာလေးဆယ့်တစ်ဦးအထိ ရှိနေခဲ့ပါတယ်။

Leave a Comment

You cannot copy content of this page