News

ဂျပန်ထက် ကိုဗစ်ကာကွယ်ဆေး စောရခဲ့တဲ့ မြန်မာပြည် (ဒီလိုဖြစ်လာဖို့ မစဥ်းစားဝံ့ခဲ့ကြပါဘူး)

ကိုဗစ်ဆေး ဒီကနေ့ရောက်ပြီ။ အိန္ဒိယကလာတဲ့ ကိုဗစ်ဆေး ၁.၅ သန်း ဒီကနေ့ ရောက်ကာ မကြာမီ ဆေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေကို စထိုးပေးနိုင်ပါတော့မည်။

အိန္ဒိယထုတ် ကိုဗစ်ဆေးဟာ အအေးခန်း ၂ ကနေ ၈ ဒီဂရီစင်တီဂရိတ်ပဲလိုတာမို့ ထိန်းသိမ်းဖြန့်ချိပေးဖို့ လွယ်ကူစေပါတယ်။ Covishield ကိုဗစ်ကာကွယ်ဆေးဟာ ၆၂ ကနေ ၈၀ ရာခိုင်နှုန်းအထိ ထိရောက်မှုကောင်းပါသတဲ့။ မြန်မာအစိုးရဟာ ဒီနေရာမှာ ဂျပန်အစိုးရထက်ကို စီမံခန့်ခွဲမှု ပိုသာသွားတဲ့သဘောပါပဲ။

မနေ့က နိုင်ငံတကာသတင်းမှာ ဂျပန်သတင်းစာတွေက ဂျပန်တွေ မေလမှ အစောဆုံး ကိုဗစ်ဆေးကို စတင်ရနိုင်လိမ့်မယ်လို့ ပြောအပြီး အစိုးရဝန်ကြီးတွေက ပြာပြာသလဲ မဟုတ်ဘူးငြင်းနေကြရတာပါ။ ဒါပေမယ့် ဂျပန်အစိုးရဆေးဝန်ထမ်းတွေကို ဖေဖော်ဝါရီလကုန်မှ စထိုးနိုင်မှာဖြစ်ပြီး၊ ဧပြီလကုန်မှာ လူသန်း (၅၀) ထိုးပေးမယ်လို့ ရည်ရွယ်ထားပါသတဲ့။

ဒါဟာ တစ်နေ့ကို လူ ၈ သိန်းထိုးပေးရမှာမို့ မဖြစ်နိုင်တဲ့ကိန်းဂဏန်းတွေလို့ လေ့လာသူတွေက ဆိုပါတယ်။ အထက်ပါဖြစ်ရပ် ၂ ခုကိုကြည့်ပြီး၊ အစိုးရကောင်းတစ်ခုဆိုတာ ပိုက်ဆံရှိဖို့ထက် စေတနာရှိဖို့နဲ့ စီမံခန့်ခွဲတတ်မှုတွေက ပြည်သူအတွက်ပိုလို့ အရေးကြီးတယ်လို့ သင်ခန်းစာရနိုင်ပါတယ်။

မြန်မာပြည်ဟာ ချမ်းသာတဲ့ ဂျပန်ကလူတွေထက် ကိုဗစ်ကာကွယ်ဆေး စောကာ စတင်ထိုးခွင့်ရလိမ့်မယ်လို့ ကျွန်တော်တို့ မစဥ်းစားဝံ့ခဲ့ကြပါဘူး၊ ဒါဟာ ပြည်သူ့အလှူငွေစေတနာနဲ့ အစိုးရစေတနာ မျှတညီညွတ်စွာဖြင့် ကြိုးစားခဲ့ကြခြင်းရလာဒ်တစ်ခုလို့သာ ဆိုလိုက်ချင်ပါတော့တယ်။ (Zin Min Nyein)

Leave a Comment

You cannot copy content of this page