Knowledge

“ဓမ္မ နဲ့ အ-ဓမ္မ ချကြတဲ့အခါ” (တကယ်တော့ ဓမ္မရော အ-ဓမ္မရော ဘက်နှစ်ခုလုံးအတွက် အနိုင်ဆိုတာ)

ဓမ္မ နဲ့ အ-ဓမ္မ ချကြတဲ့အခါ..

ညီညီမျှမျှယှဉ်ပြိုင်မှု မှန်သမျှ လုပ်လေတိုင်း ‘အ-ဓမ္မ’ ဟာ ‘ဓမ္မ’ ကိုအနိုင်ရရိုးမရှိပါဘူး။ ဒါဟာ ဗမာပြည်တင်မဟုတ်ပါဘူး၊ နိုင်ငံတကာမှာလည်းဒီအတိုင်းပါဘဲ။ ဒါကြောင့်ဘဲ အ-ဓမ္မဝါဒီတွေဟာ ဓမ္မဝါဒီများနဲ့ယှဉ်ပြိုင်ကြတိုင်း လက်နက်၊ ငွေကြေး၊ ခွန်အား၊ အ-ဓမ္မလုပ်ရပ်များကို အင်အားအနည်းနဲ့အများသုံးပြီး အနိုင်ရအောင်အားထုတ်လေ့ရှိတတ်တာသဘာဝပါဘဲ။

အ-ဓမ္မဝါဒီတို့ရဲ့ တရားနည်းလမ်းနဲ့သွေဖည်သော ယှဉ်ပြိုင်မှုတွေတိုင်းဟာ ဓမ္မဝါဒီတွေကိုခြိမ်းခြောက်တတ်တာလည်း သဘာဝပါဘဲ။ အခန့်မသင့်ရင် အ-ဓမ္မဝါဒီများဟာအောင်ပွဲတောင် ခံနေနိုင်ပါသေးတယ်။ အချို့သောအ-ဓမ္မအောင်ပွဲများဟာ ဓမ္မကို ဟားတိုက်နိုင်သည်အထိတောင် အားကောင်းကြပါသေးတယ်။ ဒီအချက်တွေကြောင့် ဓမ္မကိုထွန်းကားစေချင်ရင် အ-ဓမ္မဝါဒကို နှိပ်ကွပ်နိုင်စွမ်းရှိတဲ့ လက်နက်၊ ငွေကြေး၊ ခွန်အား အစရှိတာတွေဟာ ဓမ္မဘက်တော်သားများအတွက် အတိုင်းအတာတရပ်အထိ ပိုင်ဆိုင်ပြည့်စုံရပါတယ်။

အနီးဆုံးကမ္ဘာစစ်ဖြစ်တဲ့ဒုတိယကမ္ဘာစစ်မှာ စစ်ဘီလူးတွေဖြစ်တဲ့ ဂျာမဏီနဲ့ဂျပန်ကို ကမ္ဘာ့နိုင်ငံအသီးသီးက ဟိန္ဒူ၊ ဂျူး၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် သာသနာ့ပညာရှင်များပေါင်းစုပြီး ဆုတောင်းမေတ္တာပို့ကြလို့ လက်နက်ချသွားတာ မဟုတ်ပါဘူး။ စစ်ရေးအရပြင်းထန်တဲ့ ဖိအားတွေပေးခဲ့လို့ သို့တည်းမဟုတ် မဟာမိတ်တပ်များဟာ စစ်ဘီလူးတွေ အမျိုးပြုတ်အောင်သတ်ဖြတ်နိုင်စွမ်းရှိခြင်းကို ပြသနိုင်ခဲ့လို့သာ ငြိမ်သွားခြင်းဖြစ်ပါတယ်။ ဒီသဘောကိုကြည့်လိုက်တာနဲ့ ‘ဓမ္မထဲမှာ အ-ဓမ္မ အနည်းအကျဉ်း စွက်ရတာမရှောင်သာ’ ဆိုတာ ထင်ရှားလှပါတယ်။

ကြွေလွှင့်ရတဲ့ ရွေးကောက်ခံကိုယ်စားလှယ်အတွက် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်။ ဒီလိုနဲ့အလားတူလုပ်ရပ်များ ကျူးလွန်လာရင် ‘ဘယ်လိုတန်ပြန်မယ်’ ဆိုတဲ့ဗျူဟာရှိမထားရင် ရွေးကောက်ခံကိုယ်စားလှယ်များအားလုံးရော၊ လက်နက်မကိုင်ထားတဲ့အစိုးရအဖွဲ့ဝင်များအတွက်ရော၊ မဲဆန္ဒရှင်လူထုအတွက်ရော စိုးရိမ်စရာပါဘဲ။

တကယ်တော့ ဓမ္မရောအ-ဓမ္မရော ဘက်နှစ်ခုလုံးအတွက် ဗျူဟာသာသူ အနိုင်ရတာ ဓမ္မတာပါဘဲ။ ‘အချိန်တန်ရင် ဓမ္မကနိုင်တယ်’ ဆိုပြီး မြွေပွေးကို နက်ကတိုင်မလုပ်မိဖို့တော့ လိုတာပေါ့လေ။ ဗုဒ္ဓစာပေကိုကိုးကားရင် ရှင်ဒေဝဒတ်ကြီး သူ့ရဲ့အဓမ္မဝါဒမှားယွင်းကြောင်းနဲ့ သူရှုံးနိမ့်ကြောင်းကျေကျေနပ်နပ်လက်ခံပြီးအဝီစိကိုဆင်းဖို့ ကမ္ဘာ ၅၀၀ ကြာခဲ့ပါတယ်။ ဒါကတော့ Timeline ပေါ့လေ။

ချုပ်ရရင်တော့..

“ဗမာပြည်ကြီးထွန်းကားပါစေ” လို့ ဆုတောင်းရတယ်ဆိုတာလေးပါ။ စိတ်ထဲတော့ ‘အင်း … ငါမှီချင်လည်းမှီနိုင်၊ မမှီချင်လည်းမမှီနိုင်’ လို့သာနှလုံးသွင်းပါတယ် လို့သာ … ။ ။

လေးစားလျက် – လင်းမြတ်

Leave a Comment

You cannot copy content of this page