ဆေးကျောင်း ဒုတိယနှစ်တက်နေတဲ့အချိန်.. ဧပြီလ ကျောင်းပိတ်လို့ ပဲခူးအိမ်ကို ပြန်နေတုန်း… တနေ့မှာ… ဦးလေးဖြစ်သူရဲ့ သူငယ်ချင်း ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်ကို အလည်သွားဖြစ်တယ်… အဲ့ခေတ် အဲ့ဒီအချိန်က…. ဆိုင်ကယ်တွေကို အောက်လမ်းကနေ သယ်ယူလာပြီးမှ ပြန်ရောင်းကြရတာ… အဲ့ဒီ ဆိုင်ကယ်ရောင်းတဲ့ဆိုင်မှာထိုင်နေတုန်း… ဆိုင်ပိုင်ရှင်ရဲ့ ဆိုင်ကယ်ရောင်းနေတဲ့ ပုံစံကို သတိထားမိတယ်…
သူ့နာမည်က ဦးမင်း (အမည်လွှဲ).. ကျွန်တော့် ဦးလေးနဲ့က ငယ်သူငယ်ချင်းတွေ… ဦးမင်းက ဆိုင်ကယ်လာဝယ်တဲ့သူတွေကို… ဒီဆိုင်ကယ်က ဘာချို့ယွင်းချက်ရှိတယ်၊ ဒီဆိုင်ကယ်က ဘယ်အချက်တွေ မကောင်းဖူး… ဒီအချက်တွေတော့ ကောင်းတယ်… စသည်ဖြင့် အသေးစိတ် ရှင်းပြနေတယ်… ပထမ ကျွန်တော်ထင်နေတာက အခုလာဝယ်တဲ့သူက ဦးမင်း မိတ်ဆွေဖြစ်လို့… အသေးစိတ်ရှင်းပြနေတယ်လို့ ထင်နေတာ…. နောက်ထပ် လာဝယ်တဲ့သူ လေးငါးယောက်ကိုလဲ အဲ့အတိုင်းဘဲ အသေးစိတ်ရှင်းပြနေတယ်..
ကျွန်တော်လဲ အံ့သြလာတာနဲ့… ဦးမင်းအနားကို ခဏသွားပြီး… ဦးမင်း အခုလိုရှင်းပြနေတော့ သူတို့က ဒီဆိုင်ကယ်ရဲ့ အားနည်းချက်တွေကို သိသွားပြီး.. မဝယ်တော့ရင် ဘယ်လိုလုပ်မလဲလို့….. ခပ်တိုးတိုးလေး မေးလိုက်တယ်… ဦးမင်းက… ပြုံးပြပြီး.. မင်း ဒီနေ့ အားတယ် မဟုတ်လား… နေ့လည်စာ လမ်းထိပ်ကဆိုင်မှာ သွားစားကြမယ်… အဲ့ဒီကျမှ ငါရှင်းပြမယ်တဲ့လေ…. ကျွန်တော်လဲ သိချင်ဇောနဲ့ ထိုင်စောင့်လိုက်တာ…နေ့လည် တနာရီခွဲသွားတယ်… ကဲ.. ငါတို့ လမ်းထိပ်ကထမင်းဆိုင်ကို သွားကြရအောင်လို့… ဦးမင်းက ပြောတာနဲ့…. ကျွန်တော်နဲ့ ဦးမင်း ထမင်းဆိုင်ကို သွားခဲ့ကြတယ်။
ဆိုင်ရောက်တော့ မင်း ဘာစားမလဲ..ကြိုက်တာမှာ… ငါဝယ်ကျွေးမယ်တဲ့လေ…. ဘာမှမစားချင်ဖူး၊ ဦးမင်း… ဆိုင်ကယ်တွေကို ဘာဖြစ်လို့ အဲ့ဒီပုံစံနဲ့ရောင်းရတာလဲဆိုတာဘဲ ပြောပြလို့ အတင်းပူဆာမိတယ်… သူက ငါဆိုင်ကယ် ရောင်းဝယ်ရေးလုပ်နေတာ မင်းတို့ လူမှန်း မသိခင်ကထဲကတဲ့…. ဟုတ်တယ်…. သူက ဆိုင်ကယ်ရောင်းဝယ်ရေးမှာ ဆရာတဆူဘဲ.. ဟုတ်တယ်လေ… ကျွန်တော် သိတာပေါ့… ဦးမင်း ဆိုပြီး ပြန်ဖြေလိုက်တယ်…
မင်း သတိထားမိလား…. မင်း ခုနစ်တန်း ရှစ်တန်းလောက်တုန်းက ငါ ဆေးရုံ ခဏခဏတက်ရတယ်… သိတာပေါ့ဗျာ… ကျွန်တော်တောင် ကျွန်တော့် ဦးလေး၊ ဦးမင်း သူငယ်ချင်းနဲ့ ဆေးရုံလာကြည့်သေးတယ်လေဆိုတော့… သူက ငါ ဘာဖြစ်လို့ ဆေးရုံတက်ရတယ်လို့ မင်း ထင်လဲတဲ့… ဟ.. ဦးမင်း ကျွန်တော်က အခုမှ ဆေးတက္ကသိုလ် ဒုတိယနှစ်လေဗျာ… ဘယ်လိုလုပ်သိအုံးမှာလဲဆိုတော့…. . . အေး.. ငါ အပူစာတွေ စားမိလို့တဲ့လေ…. ဗျာ.. အပူစာ… ဘာကြီးတုန်းဗျလို့ မေးလိုက်တော့.. သူက …
ငါအရင်က ဆိုင်ကယ်ရောင်းရင် ဂျင်းထည့်ပြီးရောင်းတယ်၊ အမြတ်ကြီးမြတ်တယ်.. ပိုက်ဆံဆိုတာ ငါ့အတွက်တော့ ရှာရတာ အရမ်းလွယ်တဲ့အရာဘဲတဲ့… ကြာလာတော့ ငါရင်တွေ ပူလာတယ်… ဆေးခန်း ဆေးရုံသွားပြတယ်၊ ရောဂါ မယ်မယ်ရရ ရှာမရဖူး၊ ဆေးရုံတက်လိုက် ပြန်ဆင်းလိုက်နဲ့ဘဲ အလုပ်တွေ ရှုပ်နေခဲ့တာတဲ့လေ… ငါ ဆေးရုံကဆင်းရင် ငါ့အမေ သို့မဟုတ် ငါ့အဖေ ဆေးရုံတက်ရပြန်…. ငါ့တို့မိသားစုကို ဆေးရုံက ဝန်ထမ်းတွေတောင် မှတ်မိနေပြီတဲ့…
ခဏစောင့်အုံး… ငါ ထမင်း ဟင်း မှာလိုက်အုံးမယ်ဆိုတာနဲ့ ….ကျွန်တော်လဲ စောင့်နေရတာပေါ့… ပြီးတော့မှ…. . တနေ့ကျတော့ ငါ ဆရာတော်တပါးနဲ့ တွေ့တယ်၊ ဆရာတော်ကို ငါ ဖြစ်နေတာတွေကို လျှောက်လိုက်တော့… ဆရာတော်က ငါ့မျက်နှာကို သေသေချာချာကြည့်ပြီး.. အပူစာတွေ မစားနဲ့ ဒကာကြီးတဲ့… နေ့စဉ်ရှာဖွေနေတဲ့ ပိုက်ဆံထဲမှာ သူများတွေရဲ့ အပူတွေမပါလာစေနဲ့တဲ့..
အေး.. ငါလဲ အဲ့ဒီနေ့ကစပြီး… လူတွေကို ဂျင်းထည့်တာရပ်လိုက်တယ်.. အမှန်အတိုင်းဘဲ ပြောပြီး ရောင်းတယ်တဲ့လေ…. အမှန်အတိုင်းပြောပြီး ရောင်းတော့… သိပ်မရောင်းရတော့ဖူးထင်နေတာ… ဒီနေ့ မင်း မြင်တဲ့အတိုင်းဘဲလေ၊ ငါ အခုမှ ထမင်းစားရတယ်တဲ့လေ… ငါဆီမှာ ဖြစ်နေတဲ့ ဘာမှန်းမသိတဲ့ ရောဂါတွေလဲ..ဘယ်လို ဘယ်လို ပျောက်သွားမှန်းကို မသိတော့ပါဖူးတဲ့… သေချာတာက ငါ အခုစားတဲ့ ထမင်းထဲမှာ အပူစာတွေ မပါတော့ဖူးတဲ့…. . . .
အဲ့အချိန်တုန်းကတော့ဗျာ… ကျွန်တော်က ငယ်သေးတော့ သူပြောတာကို သေချာနားမလည်ဖူး… . . နောက်ပိုင်း ကျွန်တော် တဖြည်းဖြည်း နားလည်လာတယ်.. ကျွန်တော် ရင်ထဲပူလောင်နေရင်… ကျွန်တော့်အိမ်မှာ ပူလောင်နေရင်… ကျွန်တော် သဘောပေါက်လိုက်ပြီ… ငါတို့အိမ်မှာ သူများတွေ ပူလောင်ပြီးမှရတဲ့ ပိုက်ဆံတွေရောက်နေလို့ဖြစ်လိမ့်မယ်ဆိုပြီး… . . ကိုယ်တတ်နိုင်သလောက် အလှူလုပ်ပေးတယ်.. အခမဲ့ ဆေးကုပေးတယ်… . . သူများအပူတွေ ကိုယ့်အိမ်ထဲ မရောက်ဖို့ အမြဲကြိုးစားနေမိတယ်…. ကျန်ရှိနေသေးတဲ့ လူ့ဘဝသက်တမ်းတလျှောက်ကို ပူလောင်မှုကင်းစွာနဲ့ ဖြတ်သန်းနိုင်ဖို့ အမြဲကြိုးစားနေပါတယ်ဗျာ… (Kaung)