Reading

မြန်မာပြည်ရဲ့ပထမဦးဆုံးသော အမျိုးသမီးဆရာဝန် ဒေါက်တာဒေါ်စောဆ (၁၈၈၄-၁၉၆၂)

မြန်မာပြည်ရဲ့ပထမဦးဆုံးသော အမျိုးသမီးဆရာဝန် ဒေါက်တာဒေါ်စောဆ (၁၈၈၄-၁၉၆၂)

မြန်မာပြည်ရဲ့ပထမဦးဆုံးသော အမျိုးသမီးဆရာဝန်ဘွဲ့ရရှိသူ၊ မြန်မာ့အမျိုးသမီးဆေးလောကကို စတင်ဦးဆောင်ခဲ့တဲ့ မိခင်ကြီးလို့တောင်တင်စားခေါ်ဝေါ်ခဲ့ရတဲ့ သူကတော့ ဒေါက်တာဒေါ်စောဆဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်ကြိုကာလ(pre-WWII)မှာ အမျိုးသမီးဆရာဝန်ဆိုလို့ ဒေါက်တာ ဒေါ်မေစုနဲ့ ဒေါက်တာဒေါ်စောဆ ၂ ဦးသာရှိခဲ့တာပါ။ ဒေါက်တာဒေါ်စောဆက မြန်မာအမျိုးသမီးတွေထဲမှာမှ ပထမဆုံး ခွဲစိပ်ပါရဂူဘွဲ့ F.R.C.S (Fellowship of the Royal Colleges of Surgeons) ကို ရရှိခဲ့သူဖြစ်ပါတယ်။

မြန်မာ့ရိုးရာဆေးလောကမှာတော့ တိုင်းရင်းဆေးဆရာမတွေရှိခဲ့ပေမယ့် အနောက်တိုင်းဆေးပညာလောကမှာတော့ ဒေါ်စောဆက မြန်မာပြည်ရဲ့ပထမဦးဆုံးသော အမျိုးသမီးဆရာဝန်ပါ။

ဒေါ်စောဆကို မြန်မာသက္ကရာဇ် ၁၂၄၆-ခု၊ ဝါခေါင်လဆန်း (၁၀)ရက်၊ ခရစ်နှစ် ၁၈၈၄-ခု၊ ဩဂုတ်လ (၁)ရက် နေ့ ပြည်မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ ပြည်မြို့ နယ်ပိုင်ဝန်ထောက် ဦးဘိုးစော ဖြစ်ပြီး မိခင်အမည်ကိုမူ မသိရပေ။ ဖခင် ဦးဘိုးစော၏နံမည်ပေးပုံကထူးခြားသည်။ သူ့တွင်သမီးခြောက်ယောက်ထွန်းကားရာ သမီးများအမည်ကို သူ့အမည် စောနှင့်တွဲဖက်၍ ပါဠိဘာသာ ဂဏန်းအခေါ်အဝေါ်များဖြင့် တွဲဖက်မှည့်ခေါ်ခဲ့သည်။ ပထမဆုံး သမီးကို ပါဠိဘာသာ (ဧက)နှင့် တွဲဖက်ပြီး မစောအစ်၊ ဒုတိယသမီးကို မစောဒွေး၊ တတိယသမီးကို မစောတ စသည်ဖြင့် မှည့်ခေါ်ခဲ့သည်။ နောက်ဆုံး ဆဋ္ဌမမြောက် (၆ယောက်မြောက်) သမီးမှာ မစောဆ ဖြစ်လာခဲ့သည်။ သူမသည် ခရစ်ယာန်ဘာသာဝင်တဦးဖြစ်ပြီး၊ ငယ်စဉ်ကပင်ပညာတော်သူတဦးဖြစ်ပါသည်။

မြန်မာအမျိုးသမီး ခေတ်ပညာတတ်များ အလွန်ရှားပါးလှသော ကိုလိုနီခေတ်တွင် ဒေါ်စောဆမှာ သာသနာပြုကောလိပ် တက်ရောက်ခွင့် ရရှိခဲ့သည်။ ယင်းကောလိပ်မှာ ရန်ကုန်မြို့၊ အလုံရပ်ရှိ ဘက်(ပ်)တစ်ကောလိပ် ဖြစ်ပြီး နောင်တွင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းသို့ ဂျပ်ဆင်ကောလိပ်အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၀၆ ခုနှစ်တွင် ဒေါ်စောဆသည် သာသနာပြုကောလိပ်မှ F.A (Faculty of Arts) စာမေးပွဲကို အောင်မြင်ခဲ့သည်။

ထိုစဉ်ကသူမအသက်သည် ၂၂ နှစ်သာရှိသေးသည်။ ထိုအချိန်တွင် ရန်ကုန်တက္ကသိုလ်ဟူ၍ မရှိသေးပေ။ သို့ဖြင့် ဒေါ်စောဆက ဝါသနာပါရာ ဆေးကောလိပ် ဆက်တက်သည်။ နောင်ငါးနှစ်အကြာတွင် ဆေးကောလိပ်မှ L.M.S (Licentiate in Medicine and Surgery) ဘွဲ့ကို ၁၉၁၁ ခုနှစ်တွင်ရရှိခဲ့သည်။ စာအလွန်တော်သူ ဖြစ်သဖြင့် လေဒီဒပ်ဖရင် ပညာသင်ဆုကို ရရှိကာ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့ရှိ တော်ဝင်ဆေးကောလိပ် (Royal College of Surgeons) သို့ ဆက်လက်တက်ရောက်ပညာသင်ကြားခွင့် ရရှိခဲ့သည်။

ထို့နောက် ၁၉၁၂ ခုနှစ်တွင် ခွဲစိတ်ပါရဂူဘွဲ့ F.R.C.S (Fellowship of the Royal Colleges of Surgeons) ဘွဲ့ကို ရရှိခဲ့သည်။ ဒေါ်စောဆကား ယင်းဘွဲ့ကို မြန်မာအမျိုးသမီးများထဲမှ ပထမဆုံး ရရှိခဲ့သူဖြစ်သည်။ မကြာမီ ဒေါ်စောဆသည် M.B.E (ခေါ်) Member of the British Empire ဘွဲ့အပြင် အထက်လွှတ်တော် အမတ်အဖြစ်ပါ ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၁၃ ခုနှစ် တွင် Royal College of Physicians ကျောင်းမှ D.P.H (Doctor of Public Health) ဘွဲ့ကို ထပ်မံရရှိပြန်သည်။

ဒေါ်စောဆသည် ဆရာဝန်ကြီး ဖြစ်လာပြီးနောက် ရန်ကုန်ဆေးရုံကြီးတွင် အမျိုးသမီးဌာန၏ လက်ထောက် ဆရာဝန်မကြီး အဖြစ်၎င်း၊ ဒပ်ဖရင်တွင် ၁၉၁၄ မှ ၁၉၂၀ ထိ ဆေးရုံအုပ်အဖြစ်၎င်း၊ (၇)နှစ်တိုင်တိုင် အမှုထမ်းခဲ့သည်။ မျက်နှာဖြူယောက်ကျားဆရာဝန်များအကြား ဘီးဆံထုံးကြီးတကားကားဖြင့် ပုဝါစုံချကာ အမှုထမ်းရင်း ပြည်သူတို့၏ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သည်။ ဒေါ်စောဆသည် တကိုယ်ရေတကာယဘဝနှင့်လွတ်လပ်စွာလူ တိုင်းအပေါ်ချစ်ခင်သနားကြင်နာစိတ်အပြည့်ဖြင့်ဆက်ဆံခဲ့သူဖြစ်ပါသည်။

သူ့ကို “ဒေါ်ဒေါ်ဆ… ဒေါ်ဒေါ်ဆ… နှင့်“ လူငယ်ပိုင်း၏ ချစ်ခင်လေး စားမှု ကိုခံခဲ့ရသူဖြစ်ပါသည်။ ဒေါက်တာဒေါ်စောဆဟာသိပ်စိတ်ရှည်တယ်၊ အသန့်အပြန့်ကလည်းအင်မတန်မှကြိုက်တယ် မွေးလူနာအတွက်ရေနွေးတည်တာကအစ ရေနွေးဆူ မဆူလာကြည့်ပြီး၊ မသန့်ဘူးထင်ရင်သွန်ပစ်ခိုင်းသေးတယ်ဟုသူနာပြုဆရာမများကပြောကြပါတယ်။ “ဆေးနှင့် ကုတာထက် ဒေါ်စောဆက မေတ္တာကရုဏာ နဲ့ ကုတာက ပိုများတယ်” လို့ သူ့ လူနာများရော၊ လက်အောက်ဆရာဝန်ငယ်များကပါပြောကြပါတယ်။

၁၉၂၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ (A.B.W.F.M.S)၏ ရွှေရတုသဘင် သို့ မြန်မာပြည်၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၂၂ အမေရိကန်မှ ပြန်ရောက်လာသောအခါ ကိုယ်ပိုင်သားဖွား ဆေးခန်းကို ဖွင့်လှစ်ခဲ့သည်။ ကိုယ်ပိုင်သားဖွားဆေးခန်း တည်ထောင်ထားသော်လည်း ပုဇွန်တောင်ဆေးရုံ၊ ကျွန်းတောလမ်းဆေးရုံ စသည်တို့တွင် ကုသိုလ်ဖြစ် သွားရောက်ကုသပေးခဲ့သည်။ ဒေါက်တာဒေါ်စောဆသည် ဆရာဝန်ကြီး အဖြစ်သာမက ၁၉၂၃ ခုနှစ်တွင် ရန်ကုန်မြူနီစီပါယ်လူကြီးအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ထိုစဉ်က ဒေါက်တာ ဒေါ်စောဆသည် မြန်မာအမျိုးသမီးများထဲ၌ ပထမဆုံး ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည့် မြူနီစီပါယ်လူကြီးဖြစ်ခဲ့သည်။

၁၉၂၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ကျင်းပသော မြန်မာနိုင်ငံဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေး (Round Table Conference)သို့ အဖွဲ့ဝင်တဦးအဖြစ် တက်ရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ပါဝင်ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှာ အထူးများပြားလှပေသည်။ ကြက်ခြေနီအသင်း၊ ဗြိတိသျှ အင်ပါယာ ကုဋ္ဌနူနာကယ်ဆယ်ရေးအဖွဲ့၊ ခရစ်ယာန်အမျိုးသမီးအသင်း၊ ရန်ကုန်အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့ စသည်တို့တွင် ကိုယ်အားဉာဏ်အားဖြင့် ကူညီဆောင်ရွက်ခဲ့သည်။

၁၉၄၀ ခုနှစ်တွင် ရုတ်တရက် ညာဘက်ကိုယ်တခြမ်း ထုံကျဉ်ကာ လေးလတိတိ အနားယူကာ ဆေးဝါးကုသခံယူခဲ့ရသည်။ စစ်ကြီးအတွင်းဂျပန်ခေတ်တွင် တော်တော်နှင့်နလံမထူနိုင်ရှာပါ။ တဖြည်းဖြည်းကျန်းမာလာသည့်နောက် စလင်း၊ လယ်ကိုင်း၊ ညောင်ကိုင်း၊ မင်းဘူး စသည့်ဒေသများသို့ စစ်ပြေးခဲ့ရသည်။ စစ်ပြေးကာလတွင်လည်း အလကားမနေဘဲ အခမဲ့ဆေးကုပေးခဲ့သည်။ ထိုအချိန်က မင်းဘူး မန်းချောင်းတဝိုက်တွင်စစ်ပြေးများခိုလှုံနေရဆဲ နူနာမှာလည်းကူးစက်ဖို့အမြန်ဆုံးဖြစ်နေရာ ဒေါ်စောဆမှာ ကာကွယ်ရေးကို အလျင်အမြန်ပြုလုပ်ရတော့သည်။ ဆေးရုံမှလိုအပ်သည်များကိုတောင်းပြီးဝေငှပေးခဲ့သည်။ ဘုန်းကြီးရဟန်းသံဃာတော်အများပင်သူရှိရာကိုလာရောက်အလှူခံလေ့ရှိသည်။ လယ်ကိုင်းဖက်မှဝေဒနာရှင်အများစုမှာသူကိုအားကိုးအားထားပြုခဲ့ကြသည်။

တခါတရံသူကိုယ်တိုင်မအားလပ်သဖြင့်မသွားနိုင်ပါက တူမများကိုအရင်လွှတ်ပြီး အဖျားတိုင်းခိုင်းလေ့ရှိသည်။ လူနာတွေအပေါ်အလွန်စိတ်ရှည်သလောက် သူနာပြုဆရာမလေးများကိုမူ ခပ်တင်းတင်းကြပ်ကြပ်အုပ်ချုပ်သည်။ အင်္ဂလိပ်ဆရာဝန်များလက်လျော့ထားသည်ကိုပင်စိတ်မလျော့ဘဲဆက်လက်ကုသပေးတတ်သည်။စစ်ပြေးတုန်းကဆေးရုံကလည်းရှားပါး၊ ဖျားနာ၊ ဒဏ်ရာရသူတွေကလည်းပေါများဆို တော့လက်မလည်အောင်အလုပ်များခဲ့သည်။

တခါတရံမွေးလူနာကို လယ်တောထဲတွင်ကလေးမီးဖွားပေးခဲ့ရတာမျိုးလည်းရှိသေးသည်။ ဒေါက်တာဒေါ်စောဆရေးသားပြုစုခဲ့သော သူနာပြုဝမ်းဆွဲဆရာမများလက်စွဲစာအုပ်မှာ နောင်သူနာပြုများအတွက်များစွာအထောက်အကူဖြစ်ခဲ့သည်။ ဒေါ်စောဆသည်သစ်ပင်ပန်းပင်စိုက်ပျိုးခြင်းလည်းဝါသနာပါသေးသည်။ ကျန်းမာရေးလည်းလိုက်စားသူဖြစ်ကာ သူ့မော်တော်ကားသူမောင်းပြီး တင်းနစ်အမြဲသွားရိုက်သည်။

ဒေါ်စောဆသည် ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်၊ ည(၁၁)နာရီအချိန်တွင် သွေးတိုးရောဂါဖြင့် အသက်(၇၈)နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

မှီငြမ်း – ကိုလိုနီခေတ်ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ (တင်နိုင်တိုး), မြန်မာအမျိုးသမီးများ (စောမုံညင်း)

Leave a Comment

You cannot copy content of this page