Reading

“ထာဝရမိခင် (သို့) ဒေါ်အောင်ဆန်းစုကြည်” (တပ်မတော်အငြိမ်းစား ဗိုလ်မှူးခင်မောင်လွင်၏ ရင်တွင်းဖြစ်)

မိတ္ထီလာ လေယာဉ်မောင်းသင်တန်းကျောင်းအုပ် ဗိုလ်မှူးကြီးမြင့်ဝင်းနဲ့ အတူတူလက်တွဲအလုပ်လုပ် ခင်မင်ခဲ့သူတယောက်ဖြစ်တဲ့ ဆရာဦးခင်မောင်လွင်ရဲ့ ရင်တွင်းက ခံစားခဲ့ရတာတွေပါ.. ၂၀၀၈ မှာ ရေးဆွဲခဲ့တဲ့ အခြေခံ ဖွဲ့စည်းပုံဥပဒေအကြောင်း ဦးကိုနီရှင်းပြမှ ဘယ်လောက်တဘက်စောင်းနင်းနဲ့ ထင်သလိုလိုရာဆွဲ ရေးထားမှန်းသိတော့တယ်.. ဘယ်နိုင်ငံမှာမှမရှိသေးတဲ့ ဖွဲ့စည်းပုံဥပဒေပါ.. ဒါကြောင့်လည်းဒေါ်စုရဲ့ အနစ်နာခံမှုတွေ ပြည်သူအပေါ်မေတ္တာထားအုပ်ချုပ်နေတာတွေ ပိုသိပိုနားလည်သွားခဲ့ရပါတယ်..

“ထာဝရမိခင် (သို့) ဒေါ်အောင်ဆန်းစုကြည်”

၁၉၈၈ ကနေ ၂၀၀၀ ခုနှစ်အထိ ကျွန်တော် တပ်မတော်အရာရှိငယ်ဘဝပါ။ စစ်တက္ကသိုလ်ကကျောင်းဆင်းပါတယ်။ ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒုတိယဝန်ကြီးချုပ်နှစ်ဦး ရဲ့ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ ကျွန်တော်တပ်မတော်မှ နုတ်ထွက်ခွင့်တောင်းပါတယ်။ နိုင်ငံ‌တော်အကြီးအကဲများက နုတ်ထွက်ခွင့်ပြုပြီး ပင်စင်ပါပေးခဲ့ပါတယ်။

ကျွန်တော် အရာရှိငယ်ဘဝက ဒေါ်အောင်ဆန်းစုကြည်ဆိုရင် မုန်းတာပေါ့။ အရမ်းမုန်းတာပေါ့။ ဘာကြောင့်မုန်းသလဲဆိုရင် အင်္ဂလိပ်ကိုမှ သွားယူတာလေ။ ကျွန်တော်တို့က အင်္ဂလိပ်ဆိုရင်အသေမုန်းပေါ့။ မမုန်းလို့လဲမရဘူးလေ။ အင်္ဂလိပ်တွေဟာ မြန်မာပြည်ကို ကျူးကျော်စစ်သုံးကြိမ်တိုက်ပြီးသိမ်းပိုက်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ကုန်းဘောင်မင်းဆက်ကို ကလိမ်ကျပြီး ရတနာဂီရိကို ပို့ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ သစ်တောနဲ့ သယံဇာတတွေက အမြတ်ထုတ်ခဲ့တယ်။ မြန်မာလူမျိုးတွေကို နှိမ်တယ်။ ခွဲခြားတယ်။ လွတ်လပ်ရေးမပေးရအောင်နည်းမျိုးစုံနဲ့ ညစ်တယ်။ နောက်ဆုံးဗိုလ်ချုပ်အောင်ဆန်းကို သတ်တယ်။ ဒီလောက်မြန်မာလူမျိုးတွေကို ဒုက္ခပေးတဲ့ အင်္ဂလိပ်လူမျိုးကိုမှ ယူရသလားဆိုပြီး ဒေါသဖြစ်တယ်။ အခုလည်း အနောက်နိုင်ငံအလိုကျ ဒီမိုကရေစီပြောပြီး နိုင်ငံရေးလုပ်နေပြန်ပြီ။ တိုင်းပြည်အတွက် ဆူးညှောင့်ခလုတ် အန္တရာယ်လို့ပဲမြင်ခဲ့တာပါ။ နိုင်ငံရေးသမားတွေဟာ ကလိမ်ကကျစ်တွေ ကိုယ်ကျိုးရှာသူတွေအဖြစ်သာမြင်ခဲ့ပါတယ်။

တပ်မတော်အရာရှိငယ်ကာလအတွင်း ကျွန်တော်ရရှိခဲ့တဲ့ အခွင့်အရေးတစ်ခုက အင်္ဂလိပ်စာပေနှင့် ဥပဒေပညာကိုလေ့လာခွင့်ရခြင်းနှင့် ပြည်ပနိုင်ငံများသို့ သွားခွင့်ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံခြားကို တခါမှမရောက်ဖူးခဲ့တဲ့ ကျွန်တော် ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ အီတလီနိုင်ငံနဲ့ တောင်အာဖရိက နိုင်ငံများကို သွားရောက်ခဲ့ပါတယ်။ ဒီနိုင်ငံတွေရောက်တော့မှ ကိုယ့်နိုင်ငံဟာ ဘယ်လောက်နောက်ကျကျန်နေခဲ့သလဲဆိုတာ မချဉ့်မရဲဖြစ်ပါတယ်။ အတော်စိတ်မကောင်းဖြစ်ပါတယ်။

ဒါတွေဟာလည်း ဒေါ်အောင်ဆန်းစုကြည်က လုပ်နေလို့၊ စီးပွားရေးပိတ်ဆို့ခိုင်းလို့ မြန်မာနိုင်ငံဒုက္ခရောက်နေတယ်လို့ပဲ ထင်ပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို မကျေလည်သေးပါ။ ဒါပေမဲ့ နိုင်ငံတကာအခြေအနေနဲ့ တရားဥပဒေအရ တပ်မတော်စီးပွားရေးလုပ်ငန်းများကို မလုပ်ချင်တော့တဲ့အတွက် တပ်မတော်ကနုတ်ထွက်ခဲ့ခြင်းဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာတော့ အမေရိကန်အစိုးရက ကျွန်တော့်ကို နိုင်ငံတကာခေါင်းဆောင်မှုအစီအစဉ်ဖြင့် အမေရိကန်နိုင်ငံကို ဖိတ်ခေါ်ပါတယ်။ ဒီအစီအစဉ်မသွားခင် အမေရိကန်သံရုံးမှာ ကျွန်တော်ဒေါ်‌အောင်ဆန်းစုကြည်နဲ့ တစ်ကြိမ်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရနေရာများအကြောင်းပြေပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကဘာလို့ထွက်သလဲ ဆက်လုပ်တာကောင်းတာပေါ့ဟုသာပြောခဲ့ပါတယ်။ ကျွန်တော်ဟာ အမေရိကန်နိုင်ငံအနှံ့ တက္ကသိုလ်တွေ ကျောင်းတွေကို လေ့လာခွင့်ရခဲ့ပါတယ်။

အမေရိကန်ခရီးစဉ်အတွင်း တစ်ရက်မှာ ကျွန်တော့်ကို ဂျော့်ဆိုရိုစ် ထူထောင်ထားတဲ့ အိုးပင်းဆိုဆရိုင်တီ ရုံးကို ဖိတ်ပါတယ်။ နယူးယောက်၊ မန်ဟက်တန်မှာရှိပါတယ်။ ဒီရုံးထဲ ဝင်လိုက်တာနဲ့ ဗီနိုင်းအကြီးကြီး တစ်ခုချိတ်ထားတာရှိတယ်။ ဒီဗီနိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပုံကြီးနဲ့ ရေးထားတဲ့စာက မြန်မာနိုင်ငံက စစ်သားသုံးသိန်းဟာ ဒီအမျိုးသမီးတစ်ယောက်ပဲကြောက်တယ်လို့ရေးထားတာပါ။

ဒီစာကိုဖတ်ပြီး ကျွန်တော်ဟက်ဟက်ပက်ပက် ရယ်ပါတယ်။ ကျွန်တော်ဟာ စစ်သားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်တဲ့အထဲမှာ မပါကြောင်း၊ မြန်မာစစ်သားတွေဟာ အမိမြေအတွက် တိုက်ပွဲမှာ ကျည်ဆန်တွေကြားကတောင် တက်တိုက်ခဲ့တာ ဘယ်လိုနည်းနဲ့မှ ဒီအမျိုးသမီးတစ်ယောက်ကို ကြောက်စရာမရှိကြောင်း ပြောခဲ့ပါတယ်။ အမေရိကန်နိုင်ငံက ပြန်လာတော့ ကျွန်တော် Asia Masters လို့ခေါ်တဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ အသက်မွေးသင်တန်းကျောင်းတစ်ခု ထူထောင်ပါတယ်။

၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုပါတယ်။ ကျွန်တော် စိတ်မဝင်စားပါ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းဟာ ဥပဒေပညာရှင်တွေရဲ့အလုပ်လို့ပဲခံယူထားပါတယ်။ ကိုယ့်စီးပွားရေးကိုသာကိုယ်လုပ်နေပါတယ်။ သမာအာဇီဝစီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်ဖို့ဟာ မလွယ်ပါ။ ဆုံးရှုံးလိုက် လူးလဲထလိုက်နဲ့ လုံးချာလည်လိုက်နေတာပါ။ ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ဖတ်ပင်မကြည့်ဖူးပါ။ ဒီလိုနဲ့ ၂၀၁၀ မှ ဦးသိန်းစိန် သမ္မတဖြစ်လာပါသည်။ ထိုအချိန်ထိလည်း ဘာမှသေသေချာချာမသိပေးပါ။ ဦးသိန်းစိန် သမ္မတကာလအတွင်း ကျွန်တော့်ကို လွတ်တော်ကဖိတ်ပါသည်။ ဆန္နပြကျောင်းသားများနှင့်ပါတ်သက်၍ ပညာရေးဥပဒေများကို သွားရောက်ဆွေးနွေးခဲ့ပါတယ်။ ဒီမိုကရေစီဖြစ်စဉ်ဖြစ်သဖြင့် ကျွန်တော်ပျော်နေပါသည်။

၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရဖြစ်လာပါသည်။ ဒီအချိန်ထိလည်း ကျွန်တော့်မှာ သိပ်စိတ်မဝင်စားသေးပါ။ Diploma in Business Law ရပြီး ဒီအချိန်မှာတော့ အွန်လိုင်းဥပဒေဒီပလိုမာဖြစ်တဲ့ PGDL ကိုဆက်တက်နေပါတယ်။ များမကြာမီမှာ ဦးကိုနီ လေဆိပ်မှာသေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။ ကျွန်တော်က ဒီလုပ်လုပ်ရပ်ဟာ တရားမျှတမှုမရှိတဲ့အကြမ်းဖက်လုပ်ရပ်လို့ပြောတော့ ဒီလူတွေက ကျွန်တော့်ကို ဝိုင်းဝေဖန်ကြ၊ သမကြပေါ့။ ကျွန်တော်ကလည်း သိပ်ဂရုမစိုက်ပါဘူး။ နောက် ရခိုင်မှာတိုက်ခိုက်ခံရပြီး ဘင်္ဂါလီတွေကို ရိုက်ပုတ်နှိပ်စက်လုပ်ပြန်တယ်။ ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာဟာ ကမ္ဘာအလယ်မှာ ကျဆင်းသွားပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာ ကမ္ဘာအလည်မှာ ဘယ်လိုကျဆင်းပါစေ၊ ကျွန်တော့်ရင်ထဲမှာတော့ ထွန်းလင်းတောက်ပလာပါတယ်။ အင်္ဂလိပ်လူမျိုးတွေဟာ လူသားတွေပါ။ ကောင်းတဲ့လူရှိသလိုဆိုးတဲ့လူလည်းရှိပါတယ်။ တည်ကြည်ဖြောင့်မတ်တဲ့ အင်္ဂလိပ်လူမျိုးနဲ့ အကြောင်းပါခဲ့တဲ့အတွက် ကံကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။ အင်္ဂလိပ်တွေ တစ်ချိန်က မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကလည်း အခြားနိုင်ငံတွေကို တိုက်ခိုက်ခဲ့တာပါပဲ။ ကမ္ဘာပေါ်မှာ စစ်မက်တွေဖြစ်ကြတာပါပဲ။ ဒါပေမဲ့နောက်ပိုင်းတော့ ပြန်လည်ကူးလူးဆက်ဆံလာကြတာပါပဲ။ ထာဝရရန်သူဆိုတာမရှိပါ။ အရေးကြီးဆုံးမှာ လူသားတိုင်းအတွက် လူ့အခွင့်အရေး၊ တရားမျှတမှု၊ လွတ်လပ်မှု၊ ပြည်သူ့အာဏာ ဒီမိုကရေစီတွေဟာ လူသားအားလုံးအတွက် အရေးကြီးဆုံးဖြစ်တယ်ဆိုတာ နားလည်လာပါတော့တယ်။

PGDL ဥပဒေ ဒီပလိုမာအတွက် စာတမ်းကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေစာတမ်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ အခြေခံဥပဒေများကို လေ့လာဖြစ်ပါတယ်။ ဒီလိုလေ့လာတော့မှ ၂၀၀၈ အခြေခံဥပေဒဟာ ဘယ်လောက်အမြီးအမောက်မတည့်တာနဲ့ ဘယ်လောက်မမျှတလဲဆိုတာ သိလာပါတယ်။ ကျွန်တော့်လိုလူတောင်သိရင် ဒေါ်အောင်ဆန်းစုကြည်က မသိပဲနေမလား။ ဒါဆိုရင် သူဘာလို့ လက်ခံခဲ့သလဲ။ တကယ်တော့ သူအနစ်နာခံခဲ့တာပါ။ ဘယ်သူ့အတွက်အနစ်နာခံခဲ့သလဲဆိုရင် ပြည်သူလူထုအတွက်ပေါ့။ ထိပ်တိုက်ရင်ဆိုင်တဲ့ လမ်းကြောင်းပေါ်သွားရင် ဘယ်သူနာမလဲ။ ကမ္ဘာတစ်ခုလုံးကိုကြည့်ပါ။ စိစိညက်ညက်ကျေသွားတဲ့နိုင်ငံတွေ မနည်းပါ။ ဒီအချိန်ကျတော့ ကျွန်တော်ဒေါ်အောင်ဆန်းစုကြည်ဘက်က နာပါသည်။ မကျေနပ်ပါ။ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဒိလောက်ထိသည်းခံခဲ့သလဲ။

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည့်စကားများကား ကျွန်တော့နားတွင် ပဲ့တင်ထပ်နေပါသည်။ အခုဒီမိုကရေစီအပြည့်အဝ မဖြစ်ပေမဲ့ ဒီမိုကရေစီမျိုးစေ့ စရှင်သန်နေပါပြီ။ အကြမ်းမဖက်ပါနဲ့။ မျှတပါ။ အစရှိတဲ့စကားတွေဟာ ကျွန်တော်တို့ရင်ထဲကို မျိုးစေ့ချပေးခဲ့တာပါ။ ဒီမျိုးစေ့ကိုချပေးသူတွေဟာ မိခင်တွေပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာတစ်မျိုးသားလုံးအတွက် ထာဝရမိခင်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

ခင်မောင်လွင်-လွတ်လပ်သောလူသား

Leave a Comment

You cannot copy content of this page