Knowledge

“စနစ်ဆိုးကြီးက လူတွေရဲ့ စိတ်ထားတွေကို ချွတ်ခြုံကျသွားစေခဲ့တယ်” (ဒေါက်တာစိုးလွင်)

“စနစ်ဆိုးကြီးက လူတွေရဲ့ ရုပ်ဝတ္ထုတွေ ဆင်းရဲသွားစေရုံသာမကဘဲ လူတွေရဲ့စိတ်ထားတွေ၊ နှလုံးသားတွေကိုပါ ချွတ်ခြုံကျသွားစေခဲ့တယ်” (ဒေါက်တာစိုးလွင်)

Q. နှလုံးသားမလှတဲ့သူတွေ၊ ဉာဏ်ပညာအမြော်အမြင် နည်းတဲ့သူတွေနဲ့ရော ဆရာ့ဘဝမှာ ကြုံဆုံဖူးပါသလားဆရာ။ ဘယ်လိုအခြေအနေမျိုးတွေလဲ သိပါရစေဆရာ။

A. လူ့ဘဝခရီးကိုဖြတ်သန်းရင်း လူတွေအများကြီးနဲ့ ဆုံဖူးတာပေါ့။ တကယ်တမ်းကျတော့ နှလုံးသားလှတဲ့၊ ဉာဏ်ပညာကြီးမားတဲ့သူတွေဆိုတာ လူနည်းစုပေါ့၊ ပြည့်စုံတဲ့လူဆိုတာ နည်းနည်းပဲရှိတယ်။ အဲဒီတော့လည်း နှလုံးသားမလှတဲ့သူတွေ၊ ဉာဏ်ပညာအမြော်အမြင်နည်းတဲ့သူတွေ အများကြီးနဲ့ ဆုံဖူးတာပေါ့။ ဆရာတို့နိုင်ငံကလူတွေဟာ အာဏာရှင် စနစ်ဆိုးကြီးထဲမှာ ကြီးပြင်းလာခဲ့ရတော့ နိုင်ငံတစ်နိုင်ငံလုံးမှာလည်း တဖြည်းဖြည်းနဲ့ ချွတ်ခြုံကျသွားခဲ့တာကို မြင်တွေ့ခဲ့ရတယ်။ ဆင်းရဲတွင်းနက်နက်ကြီးထဲ ကျသွားခဲ့တာပေါ့။ ဆင်းရဲတယ်ဆိုတာ ပိုက်ဆံဆင်းရဲတာတစ်ခုတည်းကို ပြောတာမဟုတ်ဘူး။ လူတွေရဲ့စိတ်ထားတွေ၊ ဉာဏ်ပညာတွေမှာ နိမ့်ကျသွားတာ၊ နှလုံးသားတွေ အရုပ်ဆိုးအကျည်းတန်သွားတာဆိုတဲ့ ဆင်းရဲခြင်းက ပိုဆိုးတယ်။

ရုပ်ဝတ္ထုဆင်းရဲတာက သိပ်စိတ်ပူစရာမလိုဘူး။ ဒုတိယကမ္ဘာစစ်ပြီးစ ဂျပန်ပြည်ကို ဥပမာကြည့်လိုက်လေ။ စစ်ဒဏ်ကြောင့် ပြာပုံအတိဖြစ်သွားခဲ့တယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ ဘယ်လောက်ဆင်းရဲသွားပေမယ့် ဂျပန်လူမျိုးတွေရဲ့စိတ်ဓာတ်က မဆင်းရဲသွားဘူး။ ပိုပြီးတော့တောင် ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဆထက်ထမ်းပိုးကြိုးစားလိုက်တာ အချိန်တိုလေးအတွင်းမှာပဲ မယုံကြည်နိုင်စရာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးတစ်ခုအဖြစ် ပြန်တည်ဆောက်နိုင်ခဲ့ကြတယ်မဟုတ်လား။

ဆရာတို့ မြန်မာနိုင်ငံက အဲဒီလိုမျိုးမဟုတ်ဘူး။ အဲဒီစနစ်ဆိုးကြီးက လူတွေရဲ့ ရုပ်ဝတ္ထုတွေ ဆင်းရဲသွားစေရုံသာမကဘဲ လူတွေရဲ့စိတ်ထားတွေ၊ နှလုံးသားတွေကိုပါ ချွတ်ခြုံကျသွားစေခဲ့တာဖြစ်တယ်။ စနစ်ဆိုးမှာ အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲဖို့အတွက် မလုပ်မဖြစ်တဲ့အလုပ်တွေ တိုင်းပြည်ပေါ်မှာ လုပ်ခဲ့ကြတယ်။ လက်ထဲမှာ အာဏာတည်မြဲဖို့အတွက် ပြည်သူလူထု ဉာဏ်ပညာနည်းအောင် လုပ်ခဲ့ကြတယ်။ ဉာဏ်ပညာမြင့်မားလာတဲ့နေ့ကျရင် သူတို့ကို ပြန်တော်လှန်မှာစိုးလို့ပေါ့။

ခိုင်းတာလုပ်၊ ဘာမှပြန်မပြောနဲ့၊ စဉ်းစားတွေးခေါ်တာတွေ ဝေဖန်ပြောဆိုတာတွေ မလိုချင်ဘူး၊ လက်မခံဘူး။ ပညာရေးစနစ်တစ်ခုလုံးကိုလည်း လက်ညှိုးထောင်ခေါင်းညိတ် ပညာရေးစနစ်ထဲ သွတ်သွင်းခဲ့တယ်။ စာကို ကြက်တူရွေးလို အလွတ်ကျက်၊ စဉ်းစားတွေးခေါ်ဖို့ အားမပေး၊ ဘွဲ့လက်မှတ်တွေပဲ ပေါပေါလောလောထုတ်ပေးပြီး ပညာတကယ်မတတ်တဲ့ ပညာရေးစနစ်ကို ဖော်ဆောင်ခဲ့တယ်။ အဲဒီအခါကျတော့ လူတွေဟာ တဖြည်းဖြည်းနဲ့ ဉာဏ်ပညာတွေ နည်းပါးလာတယ်။ လွတ်လွတ်လပ်လပ်နဲ့ စဉ်းစားတွေးခေါ်တာမျိုးလည်း အလွန်နည်းပါးလာတယ်။ ပညာတကယ်တတ်မြောက်တဲ့သူလည်း နည်းပါးသွားတယ်။

အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို ကိုယ့်လက်အောက်မှာပဲ ကြာကြာအုပ်ချုပ်ချင်တော့ လွတ်လွတ်လပ်လပ်ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဟောပြောခွင့်တွေအားလုံးကို ပိတ်ပင်ပစ်လိုက်တယ်။ မိမိရဲ့အာဏာတည်မြဲမှုကို မတော်လှန်ရင်၊ မထိခိုက်ရင်ပြီးရော၊ ပြည်သူတွေကို အကျင့်စာရိတ္တပျက်ချင်သလောက်ပျက် လွှတ်ပေးထားတယ်။ နေရာတိုင်းမှာ အဂတိလိုက်စားမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကို မလုပ်လုပ်အောင် တမင်ဖန်တီးပေးခဲ့သလိုပဲ။

ဝန်ထမ်းတွေကိုလည်း လစာကို မလောက်မငဖြစ်အောင်ပေးတယ်။ ကိုယ့်ခွင်ထဲ လည်သလိုပိုက်ဆံရှာစားဖို့ တစ်နည်းပြောရရင် မဟုတ်တာတွေ မလုပ်မဖြစ်အောင် လမ်းဖွင့်ပေးသလိုဖြစ်သွားတယ်။ လူတွေကို တမင်တကာ ငတ်ပြတ်အောင် လုပ်ပစ်လိုက်တယ်။ လစာဆိုရင်လည်း ဘယ်သူ့ကိုမှ လောက်ငအောင်မပေးတော့ ဒီလူတွေက ကိုယ့်စားဝတ်နေရေးဖူလုံဖို့ကို လိုက်ရှာနေရတာနဲ့ သူတို့ကို ပြန်မတော်လှန်နိုင်တော့ဘူး။

နောက်ပြီးတော့ လစာမလောက်ဘူးဆိုတော့ အဂတိလိုက်စားကြတော့တာပေါ့။ လူတိုင်း ဘယ်သူမဆို အူမမတောင့်ရင် သီလမစောင့်နိုင်ဘူးလေ။ ပေးတဲ့လစာက ဘယ်လိုမှမလောက်တော့ ထမင်းနပ်မှန်ဖို့အတွက် မဟုတ်တာတွေ အကုန်လုပ်ကြပြီး နှလုံးသားတွေလည်း မလှကြတော့ဘူး။ လူတိုင်းက မဟုတ်တာတွေလုပ်နေကြတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ကြတော့ဘူး။

အားလုံးက မဟုတ်တာတွေ ဝိုင်းလုပ်နေရင်းနဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးက မကောင်းတာတွေလုပ်တာ၊ နှလုံးသားတွေ မလှတာ၊ ဉာဏ်ပညာတွေမကြီးတာ အကုန်လုံးကို ရှက်စရာကြောက်စရာအပြစ်တွေလို့ မထင်တော့ဘဲ အကုန်လုံးအတူတူဆိုတော့ ပုံမှန်လိုဖြစ်သွားတယ်။ နှလုံးသားလှပပြီး ဉာဏ်ပညာကြီးတဲ့သူဆိုတာ အင်မတန်ရှားသွားတယ်။ တစ်တိုင်းပြည်လုံးက လူတွေဟာ ဒီပုတ်ထဲက ဒီပဲလို ဖြစ်သွားကြတယ်။

အဲဒီလိုလုပ်ခဲ့ကြရင်းနဲ့ တိုင်းပြည်ဟာ အကျင့်စာရိတ္တတွေ၊ ဉာဏ်ပညာတွေ၊ ကိုယ်ကျင့်တရားတွေ၊ နှလုံးသားတွေ အကုန်လုံး ချွတ်ခြုံကျသွားတယ်။ “အသိဉာဏ်ပညာ မြင့်မားမှုနဲ့ နှလုံးသားလှပမှုက လူတစ်ယောက်ရဲ့အဆင့်အတန်းကိုပြတယ်”

ဒေါက်တာစိုးလွင် အင်တာဗျူးဆောင်းပါးမှ

Leave a Comment

You cannot copy content of this page