တလုံးကို မြန်မာငွေသိန်း (၁၇၀) ခန့် တန်ဖိုးရှိတဲ့ ဖင်အုန်းသီး ဘာလို့ ဈေးကြီးရတာလဲ

ဖင်အုန်းသီးကို ပင်လယ်အုန်းသီးလို့လည်း ခေါ်ဝေါ်ကြပါတယ်။ အမွှာအုန်းသီး (LODOICEA MALDIVICA) လို့လည်း ခေါ်ဝေါ်ကြပြန်ပါတယ်။ ဆီအုန်းမျိုးနွယ်ဝင်တစ်မျိုးဖြစ်တဲ့ ဖင်အုန်းသီးကို ပြင်သစ်ဘာသာ စကားမှာတော့ Coco de mer လို့ခေါ်ဝေါ်ကြပါတယ်။ ပင်လယ်အုန်းသီးလို့ အဓိပ္ပာယ်ရပါတယ်။

ပင်လယ်အုန်းသီးလို့ ခေါ်ဝေါ်ရတဲ့အကြောင်းရင်းကတော့ ရှေးယခင်က ပင်လယ်ကူးရွက်သင်္ဘောကြီးတွေဟာ သမုဒ္ဒရာထဲမှာမျောနေတဲ့ ဖင်အုန်းသီးတွေကို တွေ့ရပေမဲ့ အပင်ကိုမမြင်ဖူးကြတဲ့အတွက် ဒီအသီးတွေရဲ့ အပင်ဟာ ပင်လယ်ကြမ်းပြင်မှာရှိတယ်လို့ ယူဆခဲ့ကြတဲ့အတွက် ဖြစ်ပါတယ်။

ဒါ့အပြင် ဖင်အုန်းသီးတွေဟာ အာဒံရဲ့ဇနီးဖြစ်သူ ဧဝ လိမ်ကျွေးခံရတဲ့ နတ်ဘုံကဆင်းသက်လာတဲ့ အမတ (မသေခြင်း) အသီးတစ်မျိုးလို့လည်း ဒဏ္ဍာရီဆန်ဆန် နှုတ်သမိုင်းရှိပါတယ်။ ဒီအုန်းသီးတွေဟာ ကာလအတန်ကြာမှသာ ကမ်းခြေမှာမျောပါလာတာကို တွေ့ရနိုင်လို့ အင်မတန်မဟေဠိဆန်စေပါတယ်။ ရှေးယခင်က ဖင်အုန်းသီးတွေကို ပြည့်ရှင်မင်းတွေကသာ ပိုင်စိုးကြပါတယ်။

ဖင်အုန်းသီးတွေရဲ့ မူလပေါက်ရောက်ရာဒေသကတော့ အိန္ဒိယသမုဒ္ဒရာထဲက Seychelles ကျွန်းကြီး ကျွန်းငယ် တွေအပါအဝင် အာရေဗျပင်လယ်၊ သီရိလင်္ကာပင်လယ်၊ အိန္ဒိယတောင်ပိုင်းပင်လယ်၊ စုမတ်တြာကျွန်းနဲ့ မလေးကျွန်းဆွယ် ကမ်းရိုးတန်းဒေသတွေ ဖြစ်ပါတယ်။

ဖင်အုန်းသီးတွေဟာ အပင်ဖောက်ရခက်ခဲတဲ့အတွက် ရှာပါးစေပါတယ်။ အခုလိုရှားပါးတဲ့အတွက်ကြောင့် ဖင်အုန်းသီးတစ်လုံးကို ဘတ်သိန်းဂဏန်းအထိ ဈေးပေါက်စေတာဖြစ်ပါတယ်။ အပင်ဖောက်လို့မရတဲ့ ဖင်အုန်းသီး အုန်းမှုတ်ခွက်ခြောက်တစ်လုံးကို ဘတ် ၂၆၀၀၀ အထိ ဈေးသတ်မှတ်ခံရဖူးပါတယ်။

ထိုင်းနိုင်ငံ ပတ္တရား နွန်နုဥယျာဉ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘတ် ၁ သိန်းတန် ဖင်အုန်းသီး ၇ လုံးနဲ့ ဘတ် ၂ သိန်းတန် အမွှာဖင်အုန်းသီး ၄ လုံးကို ထုတ်ပြခဲ့ပါတယ်။ လက်ရှိတွင် အဆိုပါ နွန်နုဥယျာဉ်အတွင်း ဖင်အုန်းသီးပင် ၃၈ ပင်ရှိပြီး ၎င်းတို့အနက် အမပင် ၄ ပင်နှင့် အဖိုပင် ၉ ပင် ပါဝင်ပြီး ကျန် ၂၅ ပင်မှာ အဖိုအမ မသိရသေးဟု သိရပါတယ်။ (ဘတ် ၁ သိန်း = မြန်မာငွေ ၈၅ သိန်းခန့်၊ အမွှာဖင်အုန်းသီးဆို ဘတ် ၂ သိန်း မြန်မာငွေ သိန်း ၁၇၀ ခန့်)

ဖင်အုန်းသီးတွေဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၄၀၀ အထိရှင်သန်နိုင်ပြီး ပင်စည်ကတော့ ၈၂ ပေ ကနေ ၁၁၅ ပေအထိမြင့်ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံးသစ်သီးစေ့လို့ သတ်မှတ်ခံထားရပါတယ်။ အသီးတစ်လုံးရဲ့ အလေးချိန်ဟာ ၂၀ ကီလိုဂရမ်အထိရှိပါတယ်။ အသီးသီးဖို့အတွက် နှစ်ပေါင်း ၂၀ ကနေ နှစ်ပေါင်း ၄၀ အထိကြာမြင့်ပြီး အသီးမှည့် (ခြောက်) ဖို့အတွက် ၇ နှစ်အထိကြာမြင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *