Knowledge

ဂရန်ဆိုတာ ဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူများအတွက်

ဂရန်ဆိုတာ ဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူတွေ အများကြီး တွေ့နေရပါတယ်။ မြေစာရင်းက ဂရန်ပေးခွင့် မရှိပါ။ တည်ဆဥပဒေများတွင် အာဏာ အပ်မထားပါ။ အ ကြောင်းတစ် ရပ်အတွက် သက်သေခံအဖြစ် ကူးပေးရတဲ့ သက်သေခံ မြေပုံ ၁၀၅ ကိုတောင် ဂရန်မှတ်နေတဲ့ သူက ၇ှိသေး… ဂရန် အ ကြောင်း သိချင် ရင် ဖတ်ပါ…ဂရန်

၁။ မြို့မြေများမှာ လူနေထိုင်ရန် (Residential Purposes) အတွက်ဖြစ်စေ၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင် သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံး ပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှါးရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။ မြေငှားစာချုပ်ကို ဂရန် (Lease) လို့ ခေါ်ပါတယ်။ အပိုင် သ ဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ဘဲ ခေါ်ကြပါတယ်။

ဂရန်လျှောက်ထားခြင်း

၂။ အစိုးရမြေကို (ငှါးရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဌာနဆိုင် ရာ၊ အဖွဲ့အစည်းများ၊ အသင်းများအနေနဲ့ သက်ဆိုင်ရာ ခရိုင် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရ ပါတယ်။ (ရန်ကုန် မန္တလေးမှာတော့ မြို့တော်စည်ပင်)။ အဲဒီအခါမှာ သက်ဆိုင် ရာ ခရိုင်/မြို့နယ်များရှိ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ထိုနောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ် နှင့် မြေရာဇဝင်ကို စီစစ် မှတ်ချက်ပြု ပြန်ကြားပေးရန် လွှဲပြောင်း ပေးပို့လေ့ရှိပါတယ်။ အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ် မြေစာရင်းဦးစီးဌာနက မိမိဌာနမှာ ရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း (1-A Register) တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖေါ်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်/မဟုတ် နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်/မဟုတ် မှတ် ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ မရှိ နဲ့ အစိုးရ အဆောက်အဦးနှင့် အခြားကိစ္စများ အသုံးပြု ရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ/မရှိ တို့ကို စီစစ်ပေးခြင်း၊ မြေတန်ဘိုးနဲ့ မြေငှားခများ တွက်ချက်ပေး ခြင်း၊ စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။

ဂရန်ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး မြေကို စိစစ်ပေးတာ က မြေစာရင်းဌာန ဖြစ်ပါတယ်။ ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာ၀န်ခံ ဆောင်ရွက်ပိုင် ခွင့်ရှိပြီး မြေစာရင်းဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေရာဇ၀င် (မြေစာရင်း-၁၀၆) နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေ အနေကိုသာ စိစစ်ပြန်ကြားရန် တာ၀န်ခံရတာဖြစ်ပါတယ်။ ဒါပေမဲ့ မြေဆိုရင် မြေစာရင်းက လုပ်တာဘဲဆိုတဲ့ အစွဲရှိလေတော့ ဂရန်ကိစ္စဆိုရင် မြေစာရင်းဌာနကိုချည်း ဦးတည်ပြီး မြေစာရင်းက မတရား ဂရန်ထုတ်ပေးထားပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင် တိုင်နေတာ တွေ့ရပါတယ်။ ဂရန်ချထားခြင်း လုပ်ငန်းအတွက် အောက်မြန်မာပြည် မြေနှင့်အခွန်တော် လက်စွဲဥပဒေ၊ အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ အောက်မြန်မာပြည် မြို့ နှင့်ကျေးရွာမြေများဥပဒေတို့က ပြဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဌာန ၂ ခုရဲ့ သမားစဉ် လုပ်ငန်းတွေကို သတ်မှတ်ထားပြီးသား ဖြစ်တာကို တိုင်တန်းတဲ့သူတွေ သေသေချာချာ သဘော မပေါက်ကြပါဘူး။ ဒါကြောင့် ဂရန် ဆို မြေစာရင်းက ထုတ်ပေးနေတယ် ထင်ကြလို့ ဖြစ်ပါတယ်။ ဂရန်ကိစ္စမှာ မြေစာရင်းတာ၀န်က မြေပုံရေးကူးပေး ခြင်းနဲ့ မြေရာဇ၀င် ပြန်ကြားခြင်းသာ ဖြစ်ပြီး အဓိက တာ၀န်ယူဆောင်ရွက်ရတာ GAD က ကော်လိပ်တော်တွေ ဆောင်ရွက်ရတယ်ဆိုတာ မသိတဲ့ လူ အများကြီးပါ။

ဂရန်လုပ်ငန်း၌ ကြေး/မြေ၏အခန်းကဏ္ဍ

၃။ အမှန်ကတော့ ဂရန်အမှုတွဲကို တာ၀န်ခံဆောင်ရွက်တာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကော်လိပ်တော် အရာရှိရုံးက ဖြစ်ပေမဲ့ ဂရန်လျှောက်မဲ့မြေကို မြေပုံရေးဆွဲပေးရတာ၊ မြေရာဇ၀င် ထုတ်ပြန်ပေးရတာအပြင် ဂရန်ပေး နိုင်တဲ့ မြေ ဟုတ်-မဟုတ်ကို ဌာနရှိ မြေပုံ၊ မြေရာဇ၀င်၊ မှတ်တမ်း၊ အထောက်အထားများ နဲ့ တိုက်ဆိုင်စိစစ် မှတ်ချက်ပြုရတာက မြေစာရင်းဌာနဖြစ်လေတော့ ဂရန်ထုတ်ပေးနိုင်ဘို့ မြေစာရင်းက တာ၀န်ယူထားရတဲ့ ကဏ္ဍ ကလည်း မသေးပါဘူး။ ဂရန်ပေးသင့်တဲ့မြေ မဟုတ်ရင် မဟုတ်ကြောင်း မြေစာရင်းဌာနအနေနဲ့ ထောက်ပြရမဲ့ တာ၀န် ရှိ်ပါတယ်။ ဒါပေမဲ့ ပေါင်းစားရင် အရိုးတောင်နူးတယ် ဆိုတဲ့ ခေတ်ကြီးမှာ သမားစဉ်တွေလည်း ပျက်သွား တယ်ထင်ပါတယ်။ ဒါ့အပြင် စစ်အုပ်ချုပ်ရေးဆိုတဲ့ တသွေး တသံ တမိန့်နဲ့ အာဏာရှင်ဆန်ဆန် တာ၀န်ပေးအပ်မှု ကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အောင့်အည်း ဆောင်ရွက်ပေးခဲ့ရတဲ့ ကာလတွေကလည်း တမေ့့တမော ဆိုတော့ အာဏာပိုင်တွေအကြိုက် လိုက်လုပ်ပေးရာက စာအုပ်ကြီးတွေ၊ လုပ်ထုံး လုပ်နည်းတွေကို အလေးမထား အဖတ်အရှု အလေ့အလာ မရှိတော့ဘဲ ကြုံသလို ဖြစ်သလို လုပ်ပေးတတ်သွားတဲ့ အကျင့်ဆိုး စွဲသွားကြတာ ဌာန တိုင်းလိုလို ဖြစ်တော့ကာ ထွေအုပ်နဲ့ မြေစာရင်းလည်း မိုးခါးရေသောက်တဲ့အထဲ ရောယောင်ပါသွားတာ မဆန်းပါ။

အခုခေတ် ဂရန်တချို့ဥပဒေနဲ့ ညီရဲ့လား

၄။ လုပ်ထုံးလုပ်နည်းကို အလေးမထားခဲ့တဲ့ ကာလတွေရဲ့ အကျိုးဆက်အဖြစ် ယခုအခါမှာတော့ ဂရန်အမှုတွဲ တွေ မြေစာရင်းဌာနကို ပေးပို့လာတဲ့အခါ မြို့နယ်မြေစာရင်းဦးစီးဌာနရုံးတွေဟာ မြို့နဲ့ကျေးရွာမြေများ လက်စွဲဥပ ဒေမှာ ပြဌာန်းထားတဲ့ လုပ်ငန်းစဉ်များအတိုင်း မိမိတို့ ဆောင်ရွက်ပေးရမဲ့ ကိစ္စတွေကို ဥပဒေပြဌာန်းချက်နဲ့အညီ နည်းလမ်းတကျ၊ စနစ်ကျနစွာ ဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ ပြည့်စုံစွာ စီစစ် မှတ်ချက်မပြုတော့တာတွေကို တွေ့ရှိ လာရပါတယ်။ မြေစာရင်းဌာနအနေနဲ့ ပဲခူးဆားလို နေရာတကာ ပါနေရတော့ တခြားအလုပ်တွေ ပိလွန်းတဲ့ အခါ မြို့မြေကိစ္စတွေကို လှည့်မကြည့်နိုင်တာလဲ ပါပါတယ်။ စနစ်တကျ မစိစစ်တော့ဘဲ အလွယ်တကူ ဆောင်ရွက် လိုက်တဲ့အခါ အားနည်းချက်တွေ ရှိသွားပြီး အစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့ အခြားမြေများ (ဥပမာ- သစ်တော ကြိုးဝိုင်းမြေ၊ မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရ ဌာန/ ပုဂ္ဂလိကသို့ ချထား ပြီးမြေ) စတာတွေကို အစိုးရက ချထားပေးနိုင်သည့် မြေ Land at the disposal by Government လို့ မှားယွင်း မှတ်ချက်ပြုခြင်း၊ ယင်းမြေများကို ဂရန်ချထားပေးရန် ထောက်ခံခြင်း၊ စတဲ့ လွဲမှားတဲ့ မှတ်ချက်ပြု ပြန်ကြားမှုတွေ ဖြစ်လာရပြီး အခြား မသက်ဆိုင်သူတွေအတွက်၊ ချထား မပေးသင့်တဲ့ အစိုးရဌာနပိုင်မြေများ၊ အစိုးရ သီးသန့်ထား တဲ့ မြေများပေါ်မှာ ပုဂ္ဂလိကများကို ဂရန်ထုတ်ပေးရန်အထိ ထောက်ခံပေးခဲ့ခြင်းများ ရှိသွားကြပါတယ်။ မြေစာရင်း ဌာနရဲ့ မြေရာဇဝင်ကို လွဲမှားစွာ မှတ်ချက်ပြု ထောက်ခံပေးချက်အပေါ် မူတည်ပြီး မချထားသင့်တဲ့ မြေများ/ ဂရန်ချ ထား မပေးနိုင်တဲ့မြေများကို မြေငှါးဂရန် ထုတ်ပေးမိခဲ့လို့ ပြဿနာ ဖြစ်ပွါးရတဲ့ ကိစ္စရပ်တွေ၊ အရှုပ်အရှင်း ဖြစ်ရတာ တွေ အများကြီး ပေါ်ပေါက်လာပါတယ်။ မနေ့ တနေ့ကထိ မြေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဂရန်မြေ အရှုပ်အရှင်းအတွက် အရေးယူခဲ့ရ သူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မြေစာရင်းဝန်ထမ်းတွေကို မြေရာဇဝင် မှတ်တမ်း မှားယွင်းထုတ်ပေးမှု အတွက်နဲ့ မြေပုံအမှား ထုတ်ပေးမှုအတွက် အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း နားမဆန့်အောင် ကြားဘူးကြမှာပါ။ G.A နဲ့ အခြားဌာနက ဆရာတွေလည်း ထိတာပါဘဲ၊ စစ်ကိုင်းတိုင်းက ဂရန်မှား ပေးမိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မော်လမြိုင်ရဲတပ်ဖွဲ့မြေ အငှါးချတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တိုင်းအဆင့် တာဝန် ရှိသူတို့ စသည်ဖြင့် မြေကိုင်သွားတာတွေ အများကြီးပါ။ မြေဆိုတာ ဒီဖက်ခေတ်မှာ တန်ဘိုးမြင့် ပစ္စည်းတစ်ရပ် ဖြစ်လာနေတော့ အကိုင်အတွယ်မှားခဲ့ရင် တစ်ချိန်မှာ အရိုးတွန်တတ်ပါတယ်။ အဲဒါကြောင့်မို့ ဌာနက လူငယ် သွေး သစ်တွေအတွက်ရော ပြင်ပက ဗဟုသုတအဖြစ် သိမှတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်ပါ ဂရန်ချထားမှုနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်လေးတွေ၊ သမားစဉ် လုပ်ထုံး လုပ်နည်းလေးတွေကို တင်ပြ ပေးလိုက်ပါတယ်။

မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ

၅။ ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊ အစိုးရမှ စီမံချထားနိုင်သော မြေဆိုတာ ဘာလဲ ဆိုတာကို အစပြု ပြောရပါတယ်။ မြို့မြေ အ၀န်းအဝိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှ သာလျှင် ဂရန်ပေးလို့ ရပါတယ်။ ဒါကြောင့်မို့ မြို့မြေနဲ့ ပတ်သက်တဲ့ တည်ဆဲဥပဒေ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်း လမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရ ရှင်းလင်းချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖေါ်ပြလိုပါတယ်။

(က) အစိုးရစီမံချထားပိုင်ခွင့်ရှိသောမြေ (LAND AT THE DISPOSAL OF GOVERNMENT)

အစိုးရမှစီမံချထားပိုင်ခွင့်ရှိသောမြေ (Land at the disposal of Government) ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ဖေါ်ကြပါတယ်။ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မ (၃)၊ ပုဒ်မ (၄) တို့မှာ ဖေါ်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အစိုးရ အနေဖြင့် အပိုင်ဖြစ်စေ၊ အငှားဖြစ်စေ ပေးအပ်ချထားခြင်း၊ မြေပိုင်ဆိုင်ခွင့် (သို့) မြေရှင် ဆိုင်ရာဆိုင်ခွင့် အတွက် မည်သူ့ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။

အဲဒီ အစိုးရမှ ချထားပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက်လည်းကောင်း၊ စိုက်ပျိုး ရေးအတွက်လည်းကောင်း၊ အသုံးပြုခွင့် ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။ ထို့အတူ ရုံး၊ စက်ရုံ အလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊ မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း တံတားစတဲ့ အစိုးရဌာနများမှ အသုံး ပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီး မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှား ဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်း အဆိုပါ ထုတ်ပေးထားတဲ့ မြေငှား ဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်မြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါ ဘူး။ ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို (Land at the disposal of Government) အစိုးရမှ ချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက် တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍ မရပါ ဘူး။ ချထားလိုရင်တော့ မူလအမှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ (မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက် တစ်ယောက်ကို ချနိုင်ပါတယ်)။ သက်တန်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဥာဉ်ဥပဒေကို ဖေါက်ဖျက်ရာ ကျပါတယ်။

မြေတစ်ကွက်ကို ဂရန် ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနှိုင်တာဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်/မဟုတ်အတွက် မြေယာ မှတ်တမ်း ထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဌာနရဲ့ မှတ်ချက်ဟာ အလွန် အရေးပါတယ်ဆိုတာ သတိပြု ရပါမယ်။ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကို မြေစာရင်းရဲ့ ပြန်ကြားချက် မှာ တိတိကျကျ ဖေါ်ပြရန် လိုပါတယ်။ (မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင်တော့ မှတ်ချက်အမှားအယွင်းတွေကို ကော်လိပ်တော်အကြိုက် လိုက်လို့ဘဲဖြစ်ဖြစ်၊ မိမိ ကိုယ်တိုင် အဂတိတရား မကင်းလို့ဖြစ်ဖြစ် မှတ်ချက်ပြုမိနိုင်ပါတယ်)။ အစိုးရ ဌာနပိုင်မြေ၊ အခြား ပုဂ္ဂလိကမှ တရား ဝင်ဂရန် ရရှိ၍ လက်ရှိထားသောမြေ၊ သာသနာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေ မဟုတ်တဲ့ လ/န (၃၉) မရရှိသေးတဲ့ လယ်ယာမြေ၊ စသည်တို့ကို အစိုးရမှ ချထားပေးပိုင်ခွင့်ရှိ သောမြေ ဆိုပြီး မြေစာရင်းဌာန တာဝန်ရှိသူများ အနေနဲ့ လုံးဝမှတ်ချက် မပြုဘို့ သတိချပ်စေလိုပါတယ်။

(ခ) မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့် ( Right of Land)

မြို့များအတွင်းမှာ ရှိတဲ့မြေတွေကို အစိုးရက ချထားသတ်မှတ်ပေးတဲ့ မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာ မြေများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ-၇ နှင့် ၈ တို့မှာ အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်။ အဲဒီအချက်များနှင့် ညီညွတ်မှသာ မြေပေါ် နေထိုင် ပိုင်ဆိုင်ခွင့် ရှိပါတယ်။

ပုဒ်မ ၇ ။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပ အခြားမည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့် ကျေးရွာမြေများတွင် မရှိစေရ။

(က) အစိုးရမှ ချထားသည့် အပိုင်ဂရန်၊ အငှါးဂရန်အရ ရှိသည့် ပိုင်ဆိုင်ခွင့်၊

(ခ) ကာလစည်းကမ်းသတ်ဥပဒေ (Limitition Act) အရ ပိုင်ဆိုင်သောအခွင့်အရေး။

(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့တွင် သတ်မှတ် ဖေါ်ပြထားသော ပိုင်ဆိုင်ခွင့်၊

(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူခံစားခွင့်၊

ပုဒ်မ ၈ ။ စာရင်း၀င်မြို့များ (Scheduled Town) နှင့် အစိုးရမှ အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့် ပေးထား သော မြေများမှအပ အောက်ပါအချက်များနှင့် ညီညွတ်သူ မည်သူမဆို (Landholder’s right) မြေရှင် ဆိုင်ရာ အခွင့်အရေးကို ရရှိစေရမည်။

(က) မြို့နှင့်ကျေးရွာမြေများ ပြဌာန်းအတည်မဖြစ်မီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊ စက်တင် ဘာလ ၉ ရက်နေ့ထိ မြေကို တဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊

(ခ) သို့မဟုတ် ၁၈၉၉ ခုနှစ် စက်တင်ဘာလ-၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့် ယင်းနေ့ နောက်ပိုင်း လက်ရှိဖြစ်နေသော ကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလပြည့်အောင် မြေကို လက်ရှိ ထား ပိုင်ဆိုင်လာသောသူ၊

(ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ်ကာလတိုင် တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားလာပြီး ယင်းကာလများ၌ ၄င်းမြေနှင့်သက်ဆိုင်သည့် အရပ်ရပ်မြေခွန်တော်များ၊ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများ public demands ကို ထမ်း ဆောင်လာသူ၊ မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။

ပုဒ်မ ၉ ။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်

(က) စစ်တွေမြေများအတွက် ၁၈၅၂ ဧပြီလ ၁ ရက်မှစ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ် အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊

(ခ) ပုသိမ်မြို့တွင် ၁၈၇၆ ဇန်နဝါရီလ ၁ ရက်မှ စ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊

(ဂ) ပြည်မြို့တွင် ၁၈၇၀ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ် အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊ မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။ ဆိုပြီး မြို့မြေပေါ်မှာ ပိုင်ဆိုင်ရမဲ့ အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာ တွေ့ရပါတယ်။

မြို့မြေအတွင်း မြေချထားပေးမှု အမျိုးအစားများ

၆။ မြို့မြေလို့ သတ်မှတ်ထားတဲ့မြေတွေကို အစိုးရက ကော်လိပ်တော်မှတဆင့် အများပြည်သူနဲ့ မြေအသုံးချ လိုတဲ့ ဌာန/အဖွဲ့အစည်းများကို ချထားတဲ့အခါ အသုံးချမှုကိုမူတည်ပြီး အမျိုးအစား ခွဲခြားချထားပါတယ်။ လူနေ ထိုင်ရန်၊ အဆောက်အဦး ဆောက်လုပ်ရန်၊ စက်မှုလုပ်ငန်း၊ စီးပွါးရေးလုပ်ငန်း လုပ်ကိုင်ရန်၊ သုဿန်မြေအဖြစ် အသုံးပြုရန်၊ သာသနာမြေအသုံးပြုရန်၊ အများပြည်သူအကျိုးအတွက် ပန်းခြံ၊ အားကစားကွင်း၊ ဆေးရုံ၊ ကျောင်း၊ ကူးတို့ဆိပ်၊ စျေး၊ တပ်မြို့ဆောင်ရွက်ရန် စသည်ဖြင့် ချထားပေးနိုင်ပါတယ်။ အရင်ကတော့ မြို့မြေအတွင်း လယ် ယာ စိုက်ပျိုးရန်အတွက်ပါ ချထားပေးခဲ့ပေမဲ့ နောက်ပိုင်း စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုင်စင်/ဂရန် မချပေးတော့ ပါဘူး။ မြေကို ဘယ်လိုပုံစံနဲ့ချထားသလဲဆိုတော့ အငှါးပတ္တာ၊ ဂရန်၊ လိုင်စင် စတဲ့ နည်းလမ်းတွေနဲ့ ချထားပါတယ်။

Section 16 : Land at the disposal of Government may be disposed of –

(a) By grant or lease, conferring such interests therein and on such condition as the Governor may be by rule prescribe ;

(b) By license of the Revenue-officer.

(က) အပိုင်ဂရန် (Revenue free Grant)

ခေါင်းစည်းကိုက Instrument of Grant for Religious / Public Purposes ဆိုတော့ သာသနာရေးကိစ္စ တွေ၊ အများပြည်သူအကျိုးငှါ ဆောင်ရွက်မဲ့ကိစ္စတွေအတွက် ချထားပေးရမဲ့ ဂရန်အမျိုးအစား ဆိုတာ ရှင်းပြဘို့ မလိုတော့ပါဘူး။ လျှောက်ထားချပေးတဲ့ ကိစ္စရပ်အတွက် အသုံးပြုနေသမျှ ကာလပတ်လုံး မြေခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားတဲ့ ဂရန် ဖြစ်ပါတယ်။ သက်တန်း မရှိပါဘူး။ ဒါပေမဲ့ ချထားခဲ့တဲ့ မြေတကွက်လုံးဖြစ်စေ၊ မြေ ကွက်ရဲ့ တစိတ်တပိုင်း ဖြစ်စေ၊ ချပေးတဲ့ လုပ်ငန်းရပ်ကို အသုံးမပြုဘဲ အခြားကိစ္စရပ် ပြောင်းလဲ အသုံးချထားခဲ့ရင် တော့ တကွက်လုံးကို မြေခွန် ထိုက်သင့်စေရမှာ ဖြစ်တယ်။ ဒါ့အပြင် မူရင်း ခွင့်ပြုထားတဲ့ ကိစ္စရပ်အတိုင်း မသုံးဘဲ အခြားကိစ္စကို ပြောင်းလဲ အသုံးပြုလျှင်ဖြစ်ဖြစ်၊ အသုံးပြုခွင့် ပေးထားတဲ့ မြေပေါ်က အဆောက်အဦး ကျောင်း ကန် ဇရပ်တွေက အသုံးမပြုနိုင်တော့ လောက်အောင်ကို ပျက်စီး ယိုယွင်းနေပြီး ပြင်ဆင်မှု မရှိ၊ လူသူ ကင်းမဲ့ ထိန်းသိမ်း စောင့်ရှောက်မှု မရှိတဲ့ အခြေအနေတိုင် ရောက်နေပြီဆိုရင်တော့ မြေပေါ်က အဆောက်အဦ တွေရော၊ မြေကိုပါ အစိုးရက ပြန်သိမ်းနိုင်ပါတယ်။ ဂရန်ချထားတဲ့ ပုံစံက Land Revenue II / Grant ပုံစံ ဖြစ်ပါတယ်။

(ခ) နှစ်ရှည်အငှားဂရန် ( Long Term Lease)

လျှောက်ထားသော မြေကွက်ပေါ်မှာ တာရှည်ခိုင်ခန့်တဲ့ တိုက်တာ၊ အိမ်၊ အဆောက်အဦးများ အခိုင်အမာ ဆောက်လုပ်ထားခဲ့မယ်ဆိုရင် နှစ်ရှည်ဂရန် ချထားပေးရမှာဖြစ်ပါတယ်။ ဂရန်ပုံစံက သက်တန်းကုန်ရင် အသစ်လဲ လှယ် ပေးခွင့်ရှိတဲ့ ဂရန်နဲ့ အသစ်လဲလှယ်ခွင့် မရှိတဲ့ ဂရန်အတွက် ပုံစံ ခွဲခြား ပေးရပါတယ်။ ဂရန်သက်တန်းက သာမန်အားဖြင့်တော့ တစ်ကြိမ်ခွင့်ပြုရင် နှစ်(၃ဝ) အထိ ဖြစ်ပါတယ်။ ရန်ကုန်မှာကျတော့ နှစ် (၆၀) ခွင့်ပြုပါတယ်။
နှစ်(၃ဝ) ဂရန်ကို အနှစ် (၃ဝ) သက်တမ်း ကုန်ဆုံးတိုင်း အသစ် လဲလှယ်ပိုင်ခွင့်ရှိသော (With the power of Renewal up to Ninety years) ဂရန်နဲ့ အနှစ်(၃ဝ) ပြည့်တာနဲ့ သက်တမ်းထပ်မံ၍ လဲလှယ်ခွင့်မရှိဘဲ သက်တန်းကုန်ဆုံးသော (Without the power of Renewal) အသစ်လဲလှယ်ပိုင်ခွင့် မရှိသောဂရန် ဆိုပြီး (၂) မျိုး ခွဲခြားပါတယ်။

အနှစ် (၃ဝ) သက်တမ်းကုန်ဆုံးတိုင်း (With the Power of Renewal up to Ninety Years) အသစ် လဲလှယ်ပိုင်ခွင့်ရှိသော ဂရန်ဖြစ်ရင်တော့ အနှစ်(၉ဝ)တိုင်အောင် သုံးကြိမ်သုံးခါအထိ လဲလှယ် ပိုင်ခွင့်ရှိပါတယ်။ ယင်းဂရန်မျိုးဟာ နှစ်(၉ဝ)ထိ ပေးတယ်လို့ ဆိုပေမဲ့လည်း တောက်လျှောက်ပေးခြင်း မဟုတ်ဘဲ နှစ်(၃ဝ)စီ လီ၍ ပေးခြင်းသာ ဖြစ်ပါတယ်။ နှစ် (၃ဝ) သက်တမ်း ကုန်ဆုံးပါက အသစ်ထပ်မံ လျှောက်ထားရန်မလိုဘဲ တစ်ကြိမ်လျှင် နောက်ထပ် နှစ်(၃ဝ) စီ သက်တမ်းတိုးခွင့်ကိုသာ လျှောက်ရပါမယ်။ သက်တန်းလာတိုးတာကို ငြင်းပယ်ခွင့် မရှိပါဘူး။ ဂရန်ချပေးတဲ့ ပုံစံက Land Revenue II / Lease I & I (a), Form of Lease of Town Land with the Power of Renewal up to Ninety Years ဖြစ်ပါတယ်။

အနှစ် (၃ဝ) သက်တမ်းကုန်ဆုံးတာနဲ့ သက်တမ်း ထပ်မံလဲခွင့် မရှိဘဲ ကုန်ဆုံးသွားတဲ့ (Without the Power of Renewal) အသစ်လဲလှယ်ပိုင်ခွင့်မရှိသော ဂရန်ဖြစ်ရင်တော့ သက်တန်းကုန်ဆုံးတဲ့ နှစ်(၃ဝ)ပြည့်တိုင်း ဂရန်အသစ် ပြန်လျှောက်ရမှာ ဖြစ်ပါတယ်။ ဂရန် သက်တန်းအသစ် လျှောက်ထားမှုကို မြေအငှါးချပိုင်ခွင့်ရှိသူက ငြင်းချင်လည်း ငြင်းနိုင်၊ အသစ်ထပ်ပေးချင်မှလည်း ပေးနိုင်တဲ့ ဂရန်ဖြစ်ပါတယ်။ (အောက်မြန်မာ ပြည်မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ – ၇ အရ )

(ဂ) နှစ်တိုအငှားဂရန် (Lease of Short Term)

မြေပေါ်မှာ အတော်အသင့် တောင့်တင်းခိုင်မာမှုရှိပြီး သင့်လျှော်တဲ့ သက်တမ်းပမာဏ နေထိုင် အသုံးပြု နိုင်မဲ့ အဆောက်အဦး ဆောက်လုပ်ထားခြင်း (သို့) ယင်းမြေကွက်ဟာ ယခင်က လိုင်စင် (သို့) ကျူးကျော်အဆင့် သာ သတ်မှတ်ထားခဲ့ရာက ယခုမှ ဂရန်စတင်ပေးရန် ကြံရွယ်ခြင်းဖြစ်ပါက နှစ်တိုဂရန်ပဲ ချထားပေးရန် ဖြစ်ပါ တယ်။ ခွင့်ပြုကာလ (၁ဝ) နှစ်မှ (၁၅) နှစ်အတွက် ကာလတို ချထားနိုင်ပါတယ်။ ယင်းအငှားဂရန်မှာလည်း ဂရန် သက်တမ်း ကုန်ဆုံးတိုင်း အသစ်ပြန်လျှောက်ရမည့် ဂရန် (Without power of Renewal ) ဂရန် အမျိုးအစား ဖြစ်ပါတယ်။ သက်တန်းကုန်ရင် အသစ်ထပ်ပေးမယ်လို့ အာမမခံပါဘူး။ အသုံးပြုရတဲ့ ပုံစံမှာ LandRevenue II / L.B Lease I & I (a) ; Form of Lease for Short Term without Power of Renewal under the Lower Burma Town and Village Lands Act ဖြစ်ပါတယ်။

(အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများနည်းဥပဒေ – ၈ နှင့် ၂၉ အရ)

(ဃ) လိုင်စင် (License)

မြို့မြေ တိုးချဲ့အကွက်အသစ်များ အတွက်လည်းကောင်း၊ မြို့ရွာများ စစ်ဘေး၊ မီးဘေး၊လေဘေး ဒဏ်သင့် လို့ ပျက်စီးရာက ပြန်လည်ထူထောင်ရေး ကာလမှာလည်းကောင်း၊ တည်ငြိမ်တဲ့ နေထိုင်မှု မရှိသေးတဲ့အပေါ် မူတည်ပြီး သက်တမ်းတို နေခွင့်ပြုထားတဲ့ မြို့မြေနေထိုင်ခွင့် ဖြစ်ပါတယ်။ မြို့ပြရပ်ကွက် တည်ငြိမ်မှုမရှိသေးတဲ့ နေရာတွေမှာ ယာယီအားဖြင့် မြေခေတ္တအသုံးပြုနိုင်ရန်အတွက် လိုင်စင်ချထားခြင်း ဖြစ်ပါတယ်။ သက်တမ်းအား ဖြင့် (၃)နှစ်ထက်ပိုပြီး ခွင့်မပြုနိုင်ပါဘူး။ အထက်မြန်မာပြည် မြေနှင့်အခွန်နည်းဥပဒေ ၅၁(က)(၁) (၂) နှင့် အောက် မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ လက်စွဲဥပဒေ၊ နည်းဥပဒေ (၇)၊ နည်းဥပဒေ (၈)တို့မှာ ဖော်ပြထားတဲ့ နှစ်ရှည်/ နှစ်တို ဂရန်ချပေးသင့်တဲ့ မြေများမှ အပဖြစ်သော စနစ်တကျ မြိုကွက်မရိုက်ရသေးတဲ့ နေရာတွေမှာ နှစ်ရှည် (သို့မ ဟုတ်) နှစ်တိုဂရန်များ ထုတ်မပေးရဘဲ (အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ လက်စွဲဥပဒေ၊ နည်း ဥပဒေ အပိုဒ် (၃ဝ) နှင့် (၃၄)အရ) ယာယီပါမစ်နဲ့ လိုင်စင်ကိုသာ ထုတ်ပေးရလေ့ ရှိပါတယ်။ လိုင်စင်ချပေးရတဲ့ အခွန်ပုံစံ ကတော့ Land Revenue II / L.B License 2 ဖြစ်ပါတယ်။

လိုင်စင်မှာ ထူးခြားတာက ဂရန်ချထားပေးသလောက် စိစစ်မှု မရှိတာ၊ တင်းကျပ်တဲ့ စည်းကမ်းမထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၁၆ (က)မှာ ဂရန်တွေ၊ အငှါးဂရန်တွေကို အစိုးရ (Governor) ဒါမှမဟုတ် အစိုးရ ကိုယ်စား ကော်လိပ်တော်အရာရှိ (အရေးပိုင်)က ချထားရန် နဲ့ လိုင်စင်ကိုတော့ ၁၆ (ခ) မှာ Notification B အရ တာ၀န်ပေးထားတဲ့ အခွန်အရာရှိက ပေးရန်လို့ ခွဲထားခြင်းကြောင့် ဖြစ်ပါတယ်။ ဘာကွာသလဲ မမေးပါနဲ့။ ကွာပါ့ ဗျား ။ ပုဒ်မ ၁၆ (ခ) အရ လိုင်စင်ပေးနိုင်တဲ့ အခွန်အရာရှိဆိုတာ နယ်ပိုင်၊ မြို့ပိုင်၊ ကနေ သူကြီးအထိတောင် အခွင့် အာဏာ အပ်ထားလို့ ဖြစ်ပါတယ်။ ဒီလို အလွယ်ချပေးနိုင်အောင် စီစဉ်ပေးသလို အချိန်တိုအတွင်း အလွယ်တကူ ပြန်သိမ်းနိုင်အောင် လုပ်ထားတဲ့ မြေပေါ့ဗျာ။ လိုင်စင်ပေးထားဆဲမှာကို (၃) လအတွင်း မြေမှ ထွက်ခွါရန် နို့တစ်စာ ချပြီး အချိန်မရွေး နှင်ထုတ်နိုင်ပါတယ်။

(င) ပါမစ် (Permit)

အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသော disposal land ကို အသုံးပြုနိုင်မည့်အခွင့်အရေး Right in land မှာ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ-၄ (၇)၊ ပုဒ်မ-၇ (က) နဲ့ ပုဒ်မ ၁၆ (က)၊ (ခ) တို့အရ Grant, Lease, License (၃)မျိုးဖြင့်သာ သုံးစွဲခွင့်ရရှိနိုင်ပါတယ်။ ဒါပေမဲ့ မြို့သစ်တွေ အကွက်ရိုက်တဲ့အခါ ချပေးလေ့ရှိတဲ့ ပါမစ်မြေဆိုတာ ရှိပြန်သေးတယ်။

ပါမစ်မြေကို သိနားလည်ဘို့ ခုခေတ်မှာ အရေးပါလာပါတယ်။ န.၀.တ တက်လာပြီး မြို့နယ်တိုင်း လိုလိုမှာ မြို့သစ်ရွာသစ်တွေ တည်ထောင်ကြတဲ့အခါ အကွက်ရိုက်ပြီး မြေပါမစ် ထုတ်ပေးကြတဲ့အတွက် မြို့သစ် မြေချပါမစ် Permit တွေ တပြည်လုံး ပလူပျံလာပါတယ်။

အားလုံးသော မိတ်ဆွေများ အဆင်ပြေကြပါစေ..

MyanmarLegalknowledge&legalsearchnews

Leave a Comment

You cannot copy content of this page