News

ကမ္ဘာ့ရေနံစိမ်းစျေးကျ ဒေါ်လာစျေး ကျသော်လည်း ပြည်တွင်း စက်သုံးဆီစျေး ဆက်လက်မြင့်တက်

ကမ္ဘာ့ရေနံစိမ်းစျေးကျ ဒေါ်လာစျေး ကျသော်လည်း ပြည်တွင်း စက်သုံးဆီစျေး ဆက်လက်မြင့်တက်..

ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းမှာ ကျဆင်းလာသော်လည်း ပြည်တွင်းစက်သုံးဆီစျေးမှာ ဆက်လက်မြင့်တက်နေကြောင်း စျေးကွက်မှ သိရသည်။ ယနေ့တွင် ကမ္ဘာ့ရေနံစိမ်းစျေးမှာ တစ်စည်လျှင် (၈၂) ဒေါ်လာခန့်ရှိကာ နှစ်ရက်အတွင်း (၃) ဒေါ်လာကျဆင်းသွားသည်။

သို့သော် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ယနေ့တွင် ရန်ကုန်မြို့၌ အောက်တိန်း 92 တစ်လီတာလျှင် (၂၂၉၅) ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၃၇၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် (၂၇၉၀) ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၈၇၅ ကျပ်ရှိကြောင်းစျေးကွက်မှသိရသည်။ အဆိုပါစျေးနှုန်းမှာ စက်တင်ဘာ (၂၀) ရက်ကထက် အောက်တိန်း 92 မှာ တစ်လီတာ (၁၂၅) ကျပ်၊ အောက်တိန်း 95 မှာ (၁၁၅) ကျပ်နှင့် ဒီဇယ်ဆီနှစ်မျိုးမှာ (၂၀၅) ကျပ်စီမြင့်တက်ခဲ့ခြင်းဖြစ်သည်။

“ဒေါ်လာစျေးလည်း ဒီရက်ထဲငြိမ်နေတယ်၊ ရေနံစိမ်းစျေးကလည်းကျနေရဲ့နဲ့ စက်သုံးဆီစျေးက ပြန်ထိုးတက်လာတာ။ ဈေးကွက်ထဲလည်း ဂယက်ရိုက်နေတယ်” ဟု စက်သုံးဆီ အရောင်းဆိုင်ရှင်တစ်ဦးကပြောသည်။

ရုရှားနိုင်ငံမှ ဝယ်ယူထားသောစက်သုံးဆီများ ရက်ပိုင်းအတွင်းရောက်ရှိမည်ဟု စစ်ကောင်စီ​ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက စက်တင်ဘာ (၂၀) ရက်နေ့က ပြောပြီးနောက် ပြည်တွင်းစက်သုံးဆီစျေး ပြန်တက်လာခြင်းလည်းဖြစ်သည်။

ရုရှားမှ ရောက်ရှိမည့် ဒုတိယအသုတ် ဆီများကို အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ ခရီးသည်တင်ကား၊ ရထားလိုင်းတွေ၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေကို အဓိကထားဖြန့်ဖြူးပေးသွားမယ်လို့လည်း ဆိုပါတယ်။

ရုရှားမှ ပထမအသုတ်တင်သွင်းသည့် စက်သုံးဆီ တန်ချိန် (၃၀၀၀၀) မှာ ယခုလဆန်းတွင် ရောက်ရှိခဲ့ပြီး ယခုဒုတိယအသုတ် တင်သွင်းခြင်းဟုဆိုသည်။ ပထမအသုတ်တင်သွင်းခဲ့သည့်စက်သုံးဆီများကို ပြည်သူများအားဖြန့်ဝေရောင်းချခြင်းမရှိခဲ့ဘဲ စကစ တပ်နှင့် ယင်းလက်အောက်ခံဝန်ကြီးဌာနများသို့ ဦးစားပေးဖြန့်ဝေခဲ့ကြောင်း ဇော်မင်းထွန်းကဝန်ခံထားသည်။ (LNK)

Leave a Comment

You cannot copy content of this page