ထူးဆန်းလှပတဲ့ ပင်လယ်ပြင်အတွင်းမှ အပြာရောင် တွင်းပေါက်ကြီး အကြောင်း၊ ပင်လယ်ပြင်အတွင်းမှ အပြာရောင်တွင်းပေါက် (Great Blue Hole) ဟာ ဘလီဇ်နိုင်ငံရဲ့ ပင်လယ်ကမ်းရိုးတန်းမှာ သဘာဝအလျောက် ဖြစ်တည်နေတဲ့ တွင်းပေါက်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။
ဒီတွင်းပေါက်ကြီးဟာ ကမ္ဘာ့အံ့ဖွယ် ထူးဆန်းလှပတဲ့ နေရာ ၁၀ ခုတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ ဒါကြောင့်မို့လို့လည်း ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO) က ပင်လယ်ပြာ တွင်းပေါက်ကို သဘာဝတရားရဲ့ အလှတရားအဖြစ် အသိအမှတ် ပြုခဲ့ပါတယ်။
အပြာရောင်တွင်းပေါက် အပေါ်စီးမှ ကြည့်လျှင် ပင်လယ်ပြင်အတွင်း ကြီးမားကျယ်ဝန်းလှတဲ့ အဝိုင်းပုံစံ တွင်းပေါက်ကြီးတစ်ခုကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။ ဒီအပြာရောင် တွင်းပေါက်ကြီးကတော့ ဘလီဇ် ပင်လယ်ပြင်အတွင်း သန္တာကျောက်တန်းများ ဝိုင်းရံပြီး လှပစွာ တည်ရှိနေပါတယ်။
တနည်းအားဖြင့် ရှည်လျားလှတဲ့သန္တာ ကျောက်တန်းများရဲ့ အလယ်ဗဟိုချက်တွင် စက်ဝိုင်းပုံစံအဖြစ် သဘာဝအတိုင်း တည်ရှိနေတာကို မြင်တွေ့ နိုင်ပါတယ်။ ရုတ်တရက် ကြည့်ပါက ထိုတွင်းပေါက်ထဲသို့ ကျရောက်သွားပါက ပြန်လမ်းမရှိသောနေရာလို့ သတ်မှတ်ကောင်း သတ်မှတ်နိုင်သော်လည်း တကယ်တမ်းမှာမူ တွင်းပေါက်အောက်ခြေတွင် သန္တာကျောက်တန်းများဖြင့် လှပစွာတည်ရှိနေပြီး ရေအောက်ရဲ့ သဘာဝ အလှတရားများကို စူးစမ်းရှာဖွေ လေ့လာလိုသူများအတွက် စိတ်ဝင်စားစရာ နေရာတစ်ခုလည်း ဖြစ်ပေါ်နေတာကို တွေ့ရှိရပါတယ်။
တည်နေရာ အကျယ်အဝန်း ဘလီဇ်နိုင်ငံမြို့တော် ဘလီဇ်မြို့ရဲ့ ပင်မကုန်းပြင်မြင့်မှနေပြီး ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ၇၀ ကီလိုမီတာ (၄၃ မိုင်) အကွာမှာ တည်ရှိနေပါတယ်။ တိုင်းတာချက်များအရ တွင်းပေါက်ကြီးရဲ့ ကန့်လန့်ဖြတ် အကျယ်မှာ ၃၁၈ မီတာ (၁၀၄၃ ပေ) ကျယ်ဝန်းပြီး ရေအောက်အနက် ပေ ၁၂၄ မီတာ (၄ဝ၇ ပေ) နက်ပါတယ်။
တွင်းပေါက်ထဲက သဘာဝအလှတရား တွင်းပေါက်ရဲ့ အတွင်းပိုင်းကတော့ သန္တာကျောက်တန်း ကျောက်ဆောင်များဖြင့် တည်ရှိနေပြီး ၎င်းကျောက်တန်း ကျောက်ဆောင်များအတွင်း ကျင်လည်ကျက်စားလျက် ရှိနေကြတဲ့ ရေအောက်သတ္တဝါ မျိုးစုံတို့ကိုလည်းတွေ့ရှိရပါတယ်။ အဆိုပါ ရေအောက် သတ္တဝါများထဲတွင် Midnight Parrotfish ကဲ့သို့ ငါးမျိုး စိတ်များလည်း ရှိနေပါတယ်။ ဒါ့အပြင် ငါးမန်းမျိုးကွဲစိတ်များစွာကိုလည်းတွေ့ရှိ နေရပါတယ်။
သဘာဝတရားရဲ့ ရေအောက် အလှအပများကို စူးစမ်းလေ့လာသူများအတွက် ငါးမန်း အန္တရာယ်ကိုလည်း ဂရုပြုရမှာ ဖြစ်သလို ရေအောက် တွင်းပေါက်အတွင်း လိုဏ်ဂူများကလည်း ရှိနေသောကြောင့် ၎င်းဂူပေါက်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာတတ်တဲ့ ငါးမန်းများနှင့် အခြားအသားစား ရေအောက်အတ္တဝါများရဲ့ အန္တရာယ်ကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။
သဘာဝတွင်းပေါက် ဖြစ်တည်မှု သဘာဝပတ်ဝန်းကျင်ရေးရာ စူးစမ်းလေ့လာသူများရဲ့ အဆိုအရ ၎င်းတွင်းပေါက်ကြီးဟာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာထဲက ဖြစ်တည်လာခဲ့ကြတယ်လို့ ယူဆထားကြပါတယ်။ အဓိက ဖြစ်တည်မှုမှာ ရေခဲပြင်များ ပြိုကျမှုကြောင့် တိုက်စားခြင်းခံရမှုမှ တစ်ဆင့် ဖြစ်တည်ခဲ့တယ် ဆိုတာကိုလည်း လက်ခံထားကြပါတယ်။ ဒါပေမဲ့ ယနေ့အချိန်အထိတော့ အပြာရောင် တွင်းပေါက်ကြီး မည်သို့ ဖြစ်တည်လာတယ်ဆိုတာကိုတော့ မည်သူမျှတပ်အပ် မပြောနိုင်ကြပါဘူး။
ဒီတွင်းပေါက်ကြီးနဲ့ ပတ်သက်၍ ၁၉၉၇ ခုနှစ်တွင် ပင်လယ်ပြင် စူးစမ်း လေ့လာရေးသမား ဖြစ်တဲ့ Jacques-Yves Cousteau ဦးဆောင်တဲ့ Calypso အမည်ရှိ သင်္ဘောတစ်စင်းဖြင့် ဖြတ်သန်းစဉ် အဆိုပါ တွင်းပေါက်ကြီးကို သတိပြုတွေ့ ရှိလာရာမှ နောက်ပိုင်း လူသိများထင်ရှားလာခဲ့ပါတယ်။ အန္တရာယ်တွင်းပေါက် ပင်လယ်ပြင်အတွင်း သဘာဝအလျောက်ဖြစ်တည်နေတဲ့ အပြာရောင်တွင်းပေါက်ကြီးက အလှတရား ပြည့်စုံသလို အန္တရာယ်လည်း အလွန်ကြီးမားတယ်ဆိုတာကို လက်ခံထားကြပါတယ်။
ဘာကြောင့်လဲဆိုတော့ ရံဖန်ရံခါတွင် အပြာရောင်တွင်းပေါက်က အလွန်ကြီးမားတဲ့ ရေဝဲကြီးများ ဖြစ်ပေါ်လာပြီး တွင်းဝ ရေပြင်မှ ရုပ်ဝတ္ထုများကို ဆွဲယူ စုပ်ဆွဲတတ်ပါတယ်။ ထိုသို့သော အခြေအနေမျိုးတွင် အပြာရောင်တွင်းပေါက်အနီး ဖြတ်သန်းသွားလာမိတဲ့ သင်္ဘောများ အပါအဝင် ကျန်ရုပ်ဝတ္ထု ပစ္စည်းများရဲ့ဘေးအန္တရာယ်လည်း မတွေးဝံ့စရာ ဖြစ်ပါတယ်။
ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် မည်သို့ပင်ဆိုစေကာမူ သဘာဝကပေးတဲ့အလှတရားများဖြင့် ပြည့်စုံနေတဲ့ အပြာရောင် တွင်းပေါက်ကြီးကို ယူနက်စကိုက ရှေးဟောင်းယဉ်ကျေးမှု သဘာဝ အလှတရားအဖြစ် သတ်မှတ်ပေးထားပါတယ်။
ဒါ့အပြင် ရေနက်ပိုင်းဒေသအတွင်း စူးစမ်းလေ့လာလိုသူများက ရေငုပ်ဝတ်စုံ အပြည့်အစုံဖြင့် ရေငုပ် စူးစမ်းလာကြတဲ့ ကမ္ဘာ့အကောင်းဆုံး ရေငုပ်နိုင်တဲ့နေရာ တစ်ခုအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ ယနေ့ အချိန်မှာတော့ ကမ္ဘာလှည့်ခရီးသွားများဖြင့် စည်ကားလျက် ရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။ (ဆရာ ရဲမာန်ခ)