Knowledge

လိုင်းခွဲပေါင်းများစွာရှိတဲ့ ကျောက်စိမ်းလောကထဲ ဝင်မယ်ဆိုရင် သိထားသင့်တာလေးတွေ

ကျောက်လောကထဲ ဝင်မယ်ဆိုရင်…

သင်ကျောက်သမားတယောက် ဖြစ်လိုပါသလားလွယ်ပါသည် သို့သော် သင်ဝါသနာပါဖို့တော့ လိုပါသည် ပါရမီပါဖို့လဲ လိုပါသည် ဒါတွေမပါဘဲနှင့်တော့ သင်ကျောက်သမားတယောက် မဖြစ်နိုင်ပါ ဝါသနာနှင့်ပါရမီ ပါလျှင်ဖြစ်ပြီ။

ဝါသနာ ပါရုံနဲ့ ကျောက်လုပ်စား လို့တော့ မရသေးပါ ကျောက်လောကကြီးက သင့်ကို မူကြိုတန်းအဖြစ် လက်ခံလိုက်ခြင်းမျှသာပါ အဲဒီကနေ တဆင့်ပြီးတဆင့် သင် အတွေ့အကြုံပေါင်း များစွာသင်ကြားရပါလိမ့်မယ် သင်ပေါင်းသင်း ဆက်ဆံတဲ့နယ်ပယ်က သူတွေဟာ မင်းရဲ့ဆရာတွေ‌ပေါ့။

အဲဒီနေရာမှာ မင်း သန်ရာသန်ရာ လေ့လာလိုက်စားပါ ကျားတောထဲက သမင်တကောင်လို ပြေးဖို့လည်းပြင် အစာလည်စား မင်အနားကဟာတွေက ဆွဲစားသွားတတ်လို့ပါ ပြေးရင်း သွားရင်း စားရင်းနဲ့ အတွေ့အကြုံတွေသင်ကြား ကျောက်လောကသားတွေအကြောင်း ကောင်းကောင်းသိရင် မင်းပါရမီပါမယ် ထင်တဲ့ လိုင်း တလိုင်း လိုင်းထဲ ဝင်နွှဲလို့ ရပြီပေါ့။

ဘယ်အလုပ်ဖြစ်ဖြစ် အောက်ခြေကစတာကောင်းတယ် မင်းက ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ ကျင်လည်ကျက်စားရင် ပွဲစားလေးလုပ်ပေါ့ ကိုယ်ရွေးလိုက်တဲ့ ကိုယ့်ဝန်းကျင်က ဘာဂွင်တွေလုပ်စား တာလည်း အနဲဆုံးတော့သိမယ်။

ပုတီးလား ပန်းပုလား အချပ်လား အပွင့်လားအတစ်လား လက်ကောက်လား ဂွင်လား လုံးစွတ်လား အရေလား ဖြတ်သားလား ဖြတ်ရှုံးလား နန်းကျန်လား ဖြတ်ရှုံးပြန်လုံးလား အကျန်အဖန်လား အမှန်အကန်လား ဒီအခြေခံ လုပ်စားကြတဲ့ အထဲ မင်းဝင်နွဲလိုက် အုံးပေါ့ ဒါကို ဘောလုံးလိုပြောရင် ဂျူနီယာတန်း ခြေဝင်စမ်းရတဲ့ သဘော မင်းအစွမ်းနဲ့ သဘာက စီနီယာ ဖြစ်ခွင့်ရဖို့စွမ်းဆောင် ပေးလိမ့်မယ်။

ဘဝတခုတည်ဆောက်တဲ့အခါ နေသားတကျဖြစ်ဖို့ အချိန်ကုန်မယ် ကိုနုံရင် နုံသလို ငွေပါထပ်ကုန်မယ် အဲဒီအခါမှ အတွေ့အကြုံ ရင့်ကျက်တဲ့ ကျောက်သမားဘဝကို ရမှာပါ ဒါဆို စီနီယာဖြစ်ပြီ
ကိုယ်လုပ်မဲ့ လိုင်းကို ပိုင်ပိုင််နိုင်နိုင် ဂရုစိုက် လုပ်ပါ ဟိုဟာဟုတ် နိုးနိုး ဒီဟာဟုတ် နိုးနိုး ရိုးရိုးမလုပ်ရင်တော့ ကျားဆွဲတာ ခံရတတ်တယ်။

ကျောက်စိမ်း လောကကြီးဟာ လိုင်းခွဲပေါင်းများစွာရှိလို့ ဂျူနီယာဘဝ အတွေ့အကြုံယူကတည်းက ကိုယ်ဝါသနာပါရာ စိတ်တိုင်းကျ ရွေးချယ်ကြပါ နေရာ ဒေသ အလိုက် မှော်ထည်း ကလူနဲ့ မန္တလေးကလူ မူတော့ကွဲမယ်ပေါ့။

မှော်ထဲကကျောက်သမား ပွဲစားက စချင်စမယ် မြေစာပုံပြေးပြီး ရေမဆေးက စချင်စမယ် မန္တလေးက ကျတော့ ဖြတ်ရူံးပြန်လုံး အကျန်အဖန်လေးနဲ့စချင်စမယ် ပွဲစားဖြစ်ဖြစ် တနန်းဖွင့် လက်ကောက်သား အချပ်သမားဖြစ်ချင်လည်း ဖြစ်မယ်ပေါ့။

အချိန်ရယ် ငွေရယ် သဘာရယ် ရှိသွားရင်တော့ အပြောကျယ်လှတဲ့ ကျောက်စိမ်းနယ်ပယ်မှာ အပေါင်းအသင်းကောင်းသာ ရှာပါတော့ ဟိုလိုင်းဒီလိုင်း ဘာပေတန်တွေနဲ့မှ တိုင်းစရာမလိုတော့ပါဘူး ကြီးကြီးဖြစ်စေ သေးသေးဖြစ်စေ လက်လှမ်မှီသွားပြီမို့ ကျောက်စိမ်းအကြောင်း ကောင်းကောင်းသိနေပြီပေါ့ အဲလိုအချိန်က ကျောက်ပေါပြီး မိတ်ကောင်းဆွေကောင်း ရှားတဲ့ကာလပါ။

တကယ်တော့ ကျောက်လောကမှာ အလိုအပ်ဆုံး အရာဟာ ငွေက အဓိက မဟုတ်တော့ဘူး ရိုးသားမှု နဲ့သူငယ်ချင်းကောင်းပါ တဦးအပေါ် တဦး အပြန်အလှန် ယုံကြည်ရသော သစ္စာ ရှိသော ရလိုမှုနည်းပြီး ဝါသနာကို အရင်းခံသော သူငယ်ချင်းကောင်း မိတ်ဆွေ ကောင်းပါဘဲ။

ကျောက်လုပ်ပြီး ပျော်ပျော် နေချင်ရင်ရိုးသားပါ ဆင်းရဲတာ ချမ်းသာတာ ကံတရားက စီမံပေးပါလိမ့်မယ် စိတ်ကောင်းလေးတခုက သင့်ဘဝကို လှပစေမှာ အမှန်ပါ မိမိဘဝ ရေငုတ်ကျင်းခောတ် ကတည်းက ကျောက်ဝယ်ရောင်း လုပ်ခဲ့တာ အလိမ် အညာမပါခဲ့ဘူး။

ယနေ့အထိလည်း ကျောက်လုပ်ဆဲပျော်ပျော်ပါးပါးဘဲ စည်းစိမ် ဥစ္စာဆင်းရဲ ချမ်းသာဆိုတာ အတိတ်ကံ အကြောင်း တရားတွေလည်း ပါတယ် မဟုတ်လား လက်ရှိဘဝမှာ စိတ်ချမ်းသာ ဖို့ကလည်း အရေးကြီးတာဘဲမဟုတ်လား စိတ်ချမ်းသာ အောင်သာ နေသွားကြ စမ်းပါဗျာ။

“ဥစ္စာ ကံပေး မရသေး နှောင့်နှေး ဗျာပါ မရှိရာ” (ကိုစံမြန်မာ)

Leave a Comment

You cannot copy content of this page