Reading

“ကျားရဲ ငါ” (ဟံသာဝတီ ဦးဝင်းတင်)

“ကျားရဲ ငါ” (ဟံသာဝတီ ဦးဝင်းတင်)

နေပြင်းလျှင် နှင်းမှုန်လျှင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း..

အခန်းကျဉ်းကျဉ်း
အလင်းမဝင် လေမဝင်
နေမမြင် လမမြင်
လူမမြင် သူမမြင်
ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး
အိပ်လျှင်အိပ် မအိပ်လျှင်တွေး..

သတင်းမေးဖို့ ဝေးရော
သီချင်းလေးမှ မဆိုရ
စာဖတ်ဖို့ ဝေးရော
ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ ဝေးရော
စကားလေးမှ မပြောရ..

အဟောသိက သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းလေး ပတ်လျှောက်လိုက်
သံတံခါးဝ ရပ်လိုက်
တမတ်တပ်တပ် တနေကုန်..

မနေ့ကလဲ တနေကုန်
ဒီနေ့လဲ တနေကုန်
နက်ဖြန်လဲ ကုန်အုန်းမယ်..

ကုန် ကုန် ကုန်
ကုန်ချင်သလောက် ကုန်စမ်း
တရက်ကုန်မလား တသက်ကုန်မလား
တလကုန်မလား တဘဝကုန်မလား
တနှစ်ကုန်မလား တခေတ်ကုန်မလား..

အားမလျှော့ဘူး မပျော့ဘူး
ပေဖြစ်တော့ခံမယ် တူဖြစ်တော့နှံမယ်..

အမှန်တရား ဒို့ဘက်မှာရှိတယ်
ပြည်သူအများ ဒို့ဘက်မှာရှိတယ်
ကာလယန္တရား ဒို့ဘက်မှာရှိတယ်
ရှင်တော်ဘုရား ဒို့ဘက်မှာရှိတယ်
သိကြရဲ့လား ဟား ဟား ဟား ဟား..

တိရစ္ဆာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်သလား..

မှားလိုက်တဲ့အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ..

မှတ်ထားဟေ့
အဝါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း
အရှင်းသား မလွဲသရွေ့
အထင်သား စွဲသရွေ့
ကျားရဲဟာ ကျားရဲ
ငါလဲ အဲဒီလိုပဲကွ.. ဟေ့..

ဟံသာဝတီဦးဝင်းတင် (အင်းစိန်အကျဉ်းထောင် ၊ ၁၉၉၁ ခုနှစ်)

Leave a Comment

You cannot copy content of this page