အသားဈေး ကြီးမြင့်နေခြင်းကြောင့် ဟောင်ကောင်သား ဝယ်ယူမှု မြင့်တက်နေပြီး လမ်းဘေးခွေးများ လျော့နည်းလာ

အသားဈေး ကြီးမြင့်နေခြင်းကြောင့် ဟောင်ကောင်သား ဝယ်ယူမှု မြင့်တက်နေပြီး လမ်းဘေးခွေးများ လျော့နည်းလာ..

စစ်တပ်မှ အာဏာသိမ်းပြီး နှစ်နှစ်နီးပါးကြာမြင့်ချိန်တွင် ဒေသတွင်းကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေခြင်းကြောင့် အခြေခံလူတန်စားများမှာ စားဝတ်နေရေး အခက်အခဲများစွာဖြင့် ကြုံတွေ့နေကြရသည်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် အသားဈေးကြီးမြင့်နေခြင်းကြောင့် အသားအစားထိုးအနေဖြင့် တရားမဝင်ခွေးသားဝယ်မှု မြင့်တက်နေကြောင်း ဒေသခံများထံမှသိရသည်။

“အရင်က ခွေးသားဆိုတာ ဘုံဆိုင်က အရက်သမားတွေပဲ မြည်းဖို့ စားကြတာ၊ အခုက ဟင်းတစ်ခုအနေနဲ့ ဝယ်ယူစားသောက်နေကြသလို ဖြစ်နေပြီ၊ တချို့ရပ်ကွက်ထဲက ဆိုင်တွေမှာဆို ခွေးသားရောင်းနေကြတာ တွေ့တယ်” ဟု ရွာဘဲရပ်ကွက်နေ ပြည်သူတစ်ဦးမှ ပြောသည်။

ပြည်မြို့တွင် ကြက်သား တစ်ပိဿာ ၁၆,၀၀၀၊ အမဲသား တစ်ပိဿာ ၁၇,၀၀၀၊ ဝက်သား တစ်ပိဿာ ၁၆,၀၀၀ နှင့် ဆိတ်သား တစ်ပိဿာ ၂၀,၀၀၀ ကျော်ဈေး ပေါက်နေကြောင်း သိရသည်။ ခွေးသား တစ်ပိဿာ ၈,၀၀၀ ဝန်းကျင်ရှိပြီး ပုံမှန်စားနေကျ အသားဈေးတွေထက် သက်သာနေသည့်အတွက် ဝယ်ယူမှုများပြားနေကြောင်း သိရသည်။ စာသုံးသူ များပြားနေသည့်အတွက် လမ်းဘေးခွေးများကို ပစ်မှတ်ထား စီးပွားရှာနေခြင်းလည်း ဖြစ်ပေါ်လာနေသည်။

“အခုကြားတာက ဒိုင်ကိုသွင်းရင် အကောင်လိုက်ဆိုရင် ၄,၅၀၀ ကနေ ၅,၀၀၀ လောက်ဈေးပေါက်တာပေါ့၊ ရပ်ကွက်ထဲမှာ အဆိပ်ချခံနေရတဲ့ ခွေးတွေများလာတယ်၊ သူတို့က မနက်အစောကြီး ၄ နာရီလောက်ဆို လာပြီး ခွေးဖမ်းနေကျပြီး ရပ်ကွက်က မြင်ရင်တော့ ဝိုင်းလိုက်တာပေါ့၊ မမြင်တဲ့အချိန်ဆို ပါသွားကြတယ်” ဟု ပွင့်လှသိမ်းကုန်းရပ်ကွက်နေ ပြည်သူတစ်ဦးမှပြောသည်။

လမ်းဘေးခွေးတွေသာမက ပိုင်ရှင်ရှိ ခြံဝန်းထဲက ခွေးတွေကိုပါ ခွေးဖမ်းအဖွဲ့တွေက ပစ်မှတ်ထားလာနေကြသည်။ ခွေးဖမ်းအဖွဲ့များတွင် အနည်းဆုံး လူသုံးဦးမှ ငါးဦးအထိပါဝင်နေပြီး စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီးများကို အသုံးပြုကာ လိုက်လံဖမ်းဆီးနေကြကြောင်းသိရသည်။

“သားတို့ကို ဟိုတစ်နေ့က လူကြီးတစ်ယောက်က လာပြောတယ်၊ ခွေးဖမ်းပေးရင် တစ်ကောင်ကို ၂,၅၀၀ ရမယ်ပြောတယ်၊ ခွေးဖမ်းဖို့အတွက် သူတို့က အစာပေးမယ် အဲ့ဒါနဲ့ဖမ်းလို့ပြောတယ်၊ သားတို့က မဖမ်းပေးဘူးလို့ပြောလိုက်တယ်ဗျ။ သားဆီမှာ ခွေးလေး သုံးကောင်ရှိတယ်၊ သူတို့ကို သားချစ်တယ်၊ သားတို့ရဲ့ သူငယ်ချင်းပဲ သူတို့က” ဟု လေလွင့်ကလေးငယ်တစ်ဦးမှ သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ပြောပြသည်။

ယခင်က လမ်းတစ်လမ်းတွင် လမ်းဘေးခွေး ၁၀ ကောင်ရှိခဲ့လျှင် ယခုအခါတွင် နှစ်ကောင်သာ ကျန်တော့ကြောင်းသိရသည်။ “လမ်းဘေးခွေးတွေ ပျောက်နေတာက အတော်ကြာပြီ၊ ကျနော်က ဘယ်လမ်းမှာ ဘယ်ခွေးဘယ်နှစ်ကောင်ဆိုတာ အစ သိတယ်၊ အခု ဒီနှစ်ထဲမှာ ခွေးတွေ အတော်နည်းသွားတယ်၊ ရပ်ကွက်ထဲ လူစိမ်းဝင်တာတွေ ခိုးဆိုးလုနှိုက်တွေအတွက် ဒီလမ်းဘေးခွေးလေးတွေက အဟန့်အတားတစ်ခုဖြစ်တာပေါ့၊ အဲ့အတွက် ကျွေးမွေးစောင့်ရှောက်ပေးဖို့ မျိုးဆက်မပွားဖို့အတွက်လည်း ထိန်းသိမ်းပေးဖို့ ကိုယ့်လမ်းထဲမှာရှိနေတဲ့ ခွေးလေးတွေကိုလည်း မပပျောက်သွားဖို့ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုတယ်” ဟု အနန္တမေတ္တာ တိရစ္ဆာန်ကယ်ဆယ်စောင့်ရှောက်ရေး ပရဟိတဂေဟာမှ တည်ထောင်သူ ကိုအောင်ကျော်မိုးမှ ပြောသည်။

ပြည်မြို့တွင် စစ်တပ်မှ အာဏာမသိမ်းခင်အချိန်က လမ်းဘေးခွေး ၆၀၀ ကျော်ရှိခဲ့ပြီး ယခုအခါ ကောင်ရေ ၄၀၀ နီးပါးသာ ကျန်ရှိတော့ကြောင်း သိရသည်။ ယခုလို လမ်းဘေးခွေးများ အသားဈေးကွက်ထဲ ဝင်ရောက်လာခြင်းအပေါ် ဥပဒေအရ အရေးယူဆောင်ရွက်သင့်ကြောင်း တိရစ္ဆာန်ချစ်သူများမှ ဝေဖန်အကြံပြုကြသည်။ သန့်ဇော် (မဇ္ဈိမ)

ခွေးသားကို အာရှဒေသတွေဖြစ်တဲ့ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ အင်ဒိုနီးယားနိုင်ငံတို့မှာ စားသုံးကြပြီး တရုတ်၊ ကိုရီးယားက အရင်ကတည်းက ရာသီအလိုက် စားသုံးကြကာ အင်ဒိုနီးရှားကတော့ စီပွားရေးအခြေအနေ ကြပ်တည်းလာတာကြောင့် ၂၀၁၇ ခုနှစ်ကစလို့ အစားများလာကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *