Knowledge

သာမန်လူများ မသိရှိနိုင်သော ထပ်ထည် (သို့) ရွှေထည် အတု

သာမန်လူများ မသိရှိနိုင်သော ထပ်ထည် (သို့) ရွှေထည် အတု..

လူအများမသိနိုင်သော လှပဆန်းသစ်သည့် အထည်များရှိသည်။ သို့ရာတွင် ထိုရွှေထည်မျိုးတွင် မသမာသူ ဝိသမလောဘသားများက ပြုလုပ်ထားသော ရွှေထည်များဖြစ်သဖြင့် တကယ်တမ်းတွင် အတွင်း၌ ရွှေမဟုတ်သော သတ္တုတစ်မျိုးမျိုးကို အပေါ်မှ ရွှေပါးပါးလေးကွပ်၍ ရွှေဟုထင်ရအောင်ပြုလုပ်ထားခြင်းမျိုး ဖြစ်သည်။ သာမန်လူများ မသိရှိနိုင်ပေ။

တစ်ခါတုန်းက မိတ်ဆွေတစ်ယောက် ဆွဲကြိုးတစ်ကုံးလာပြပါသည်။ ဆွဲကြိုးမှာ တော်တော်လှသော ဆွဲကြိုးဖြစ်သည်။ ထိုမိတ်ဆွေကို ဘယ်မှာဝယ်ခဲ့တာလဲလို့မေးတော့ အိမ်ကိုလာတတ်တဲ့အသိ တစ်ယောက်ဆီက ဝယ်ထားတာလို့ ဖြေပါတယ်။ ကျွန်တော်လည်းသေချာကြည့်ရင်း ဘယ်လောက်သားရှိလဲလို့ မေးလိုက်တဲ့အခါ ကျွန်တော်သိလိုက်ပါသည်။ တစ်ခုခုတော့မှားနေပြီဟူ၍..။

ဟုတ်ပါသည် ထိုဆွဲကြိုးသည် အပေါ်ယံသာရွှေပါသော စျေးကွက်၌ ထပ်ထည်ဟုခေါ်သော အမျိုးအစားဖြစ်ပါသည်။ ထိုအထည်မျိုးသည် သူ့အလေးချိန်နှင့်ရွှေရည်ပေါ်မူတည်၍ သူရှိရမည့်ထုထည်ထက် ပိုကြီးနေပါသည်။ (အကြောင်းမှာ ရွှေသည်ကျစ်လစ်၍ သိပ်သည်းဆမြင့်သော သတ္တုဖြစ်ပြီး ကျန်သတ္တုများမှာ ရွှေထက်ပွသော သတ္တုများဖြစ်ပါသည်။ (ဥပမာ- ငွေ၊ ကြေး စသည်..)

အရိုးရှင်းအလွယ်ကူဆုံး ဥပမာတစ်ခုပေးပါမည်။ စာရှုသူအနေနှင့် ရွှေကိုချိန်တွယ်သောအခါ သေချာလေ့လာကြည့်စေချင်ပါသည်။ တစ်ကျပ်သားအလေး နှင့် ညီမျှသော ရွှေတုံးသည် တစ်ကျပ်သားအလေးထက် အရွယ်အစားသိသာစွာ သေးငယ်နေသည်ကို တွေ့ရပါမည်။ အထက်ဖော်ပြပါဆွဲကြိုးကို ကျွန်တော်မသင်္ကာဘူးဟုပြောပြီး သေချာစစ်ဆေးကြည့်သည့်အခါ ကျွန်တော်ထင်သည့်အတိုင်း ရွှေအနည်းငယ်သာပါသော ဆွဲကြိုးဖြစ်နေပါသည်။ ထိုမိတ်ဆွေဝယ်ယူခဲ့သောအလေးချိန်မှာ တစ်ကျပ်ခွဲသားဖြစ်ပြီး အရွယ်အစားမှာ နှစ်ကျပ်သားကျော်ခန့်ဟုမှန်းဆရသော ဆွဲကြိုးဖြစ်နေပါသည်။

တကယ်တမ်းမသင်္ကာ၍ ရွှေပြန်လည်ချွတ်ယူသောအခါ နှစ်ပဲခန့်သာရှိသောရွှေကို ရရှိလေတော့သည်။ လူလိမ်တို့ အသုံးချလေ့ရှိသော ရိုးရှင်းသော မှန်းဆရခက်သော ရွှေထည်မှာ ထပ်ထည်ပင်ဖြစ်သည်။ ထိုထပ်ထည်မျိုးကို ပြည်တွင်းရွှေများတင်သာမက နိုင်ငံခြားမှလာသော ရွှေထည်များတွင်ပါ ထိုကဲ့သို့အထည်မျိုးပါဝင်လာတတ်သည်ကို မျက်မြင်တွေ့ဖူးပါသည်။

ထို့ကြောင့် အာမခံရွှေဆိုင်များမှမဟုတ်ဘဲ အပြင်မှ လာရောင်းချသော ရွှေထည်များကို အထူးသတိထားဝယ်ယူရန်နှင့် တတ်ကျွမ်းနားလည်သောပညာသည်ကို ပြသပြီးမှသာ ဝယ်ယူကြပါရန် မိတ်ဆွေတို့၏ အကျိုးစီးပွားအလို့ငှာ တိုက်တွန်းဖော်ပြလိုက်ရပါသည်။ (YMA)

Leave a Comment

You cannot copy content of this page