International News

တရုတ်ရန်ကာကွယ်မယ့် ထိုင်ဝမ်ရဲ့ မြွေပွေးအသစ်များကို ထုတ်ဖော်ပြသလိုက်ပြီ

တရုတ်ရဲ့လေကြောင်းကတိုက်ခိုက်မှုကို ကာကွယ်ဖို့ ထိုင်ဝမ်ရဲ့ အရေးပါတဲ့ အသစ်လွင်ဆုံးလက်နက်ဖြစ်တဲ့ F-16 ဂျက်တိုက်လေယာဉ်ကို အဆင့်မြှင့်ထားတဲ့ F-16V သို့မဟုတ် Viper မြွေပွေးတိုက်လေယာဉ်တွေကို နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။ ထိုင်ဝမ်ကျွန်း အနောက်မြောက်ဘက်က Chiayi လေတပ်စခန်းဝေဟင်မှာ Viper နှစ်ဒါဇင်လောက် ပျံသန်းအစွမ်းပြခဲ့တာ ဖြစ်ပါတယ်။

အခုပြသတဲ့ F-16V တွေဟာ ၁၉၉၀ ခုနှစ်တွေထဲက ထိုင်ဝမ်ဝယ်ယူထားတဲ့ F-16A/B တွေကို အဆင့်မြှင့်လိုက်တာ ဖြစ်ပြီး ခေတ်မီရေဒါနဲ့ စစ်ဆင်ရေး ကွန်ပျူတာသစ်တွေ တပ်ဆင်ထားပါတယ်။ F-16 တိုက်လေယာဉ် ၁၄၁ စင်းအထိ ၂၀၂၃ ခုနှစ်အပြီး အဆင့်မြှင့်သွားမှာပါ၊ လက်ရှိ အစင်း ၆၀ ကျော် ပြီးစီးသွားပြီလို့ သိရပါတယ်။

နောက်ထပ် အသစ်စက်စက် F-16V တိုက်လေယာဉ် ၆၆ စင်းလည်း ထုတ်လုပ်သူ အမေရိကန် လော့ခ်ဟိဒ်မာတင်ကနေ ထိုင်ဝမ်က ထပ်ဝယ်ထားသေးပြီး ၂၀၂၃ မှာ ရရှိတော့မှာပါ။

မနေ့က တပ်တော်ဝင်အခမ်းအနားမှာ ထိုင်ဝမ်သမ္မတ ဆိုင်အန်းဝန်က ခေတ်မှ F-16V တွေဟာ ထိုင်ဝမ်-အမေရိကန် ချစ်ကြည်ရေး တိုးတက်မှုရဲ့ လက္ခဏာသာမက ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေးအတွက် ခိုင်မာတဲ့ ကတိကဝတ်ကို ကိုယ်စားပြုတယ်လို့ ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ အောက်တိုဘာလတုန်းက ငါးရက်အတွင်း ထိုင်ဝမ်ကျွန်းနားကို စစ်လေယာဉ် အစင်း ၁၅၀ ကျော် စေလွှတ်ခဲ့ခြင်းအပါအဝင် စစ်ရေးဖိအားတွေ တိုးမြှင့်ခဲ့ပါတယ်- ထိုင်ဝမ်က ရေဒီယိုနဲ့ သတိပေးတုန့်ပြန်ခဲ့ရင်း လေကြောင်းကာကွယ်ရေးဒုံးကျည်တွေ ဖြန့်ချစောင့်ကြည့်ခဲ့ရပါတယ်။

ထိုင်ဝမ်ကို F-16V ဂျက်လေယာဉ် ၆၆ စင်း ရောင်းချဖို့ မနှစ်ကကြေညာခဲ့ချိန်မှာ လေ့လာသူတွေက တရုတ်နဲ့ယှဉ်ဖို့ အရည်အချင်းပြည့်ဝတဲ့ ဒီတိုက်လေယာဉ်က ထိုင်ဝမ်တိုက်လေသူရဲတွေကို စိတ်ဓာတ်မြှင့်တင်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

F-16V ဟာ သေးငယ်လျင်မြန်သလောက် ပျံသန်းရလွယ်ကူပြီး စွမ်းရည်အလွန်မြင့်မားတဲ့ လေသူရဲတွေအကြိုက် တိုက်လေယာဉ်ဖြစ်တယ်လို့ စင်္ကာပူအမျိုးသားတက္ကသိုလ် လီကွမ်ယူပြည်သူ့ရေးရာမူဝါဒဌာနက သုတေသန ဧည့်ပါမောက္ခ ဒရူးသွန်မဆင်က ပြောပါတယ်။

သင်္ဘောတွေနဲ့ ရန်သူ့ရေဒါတွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့နဲ့ ဝေဟင်မှာ လေယာဉ်ချင်းးထိပ်တိုက်တွေ့ဖို့ အပါအဝင် ကဏ္ဍမျိုးစုံ တိုက်ခိုက်နိုင်တဲ့ တိုက်လေယာဉ်လို့လည်း ဆိုပါတယ်။

ထိုင်ဝမ်ကို နောက်ထပ် F-16V ဂျက်လေယာဉ်တွေရောင်းချပေးမှုက ထိုင်ဝမ်အခြေအနေတည်ငြိမ်ဖို့၊ အနည်းဆုံးတော့ စစ်ရေးရှုထောင့်ကနေ ကူညီရာရောက်မယ်လို့ သြစတြေလျစစ်ရေးသုတေသီ ပီတာလေတွန်က ပြောပါတယ်- ထိုင်ဝမ်လေတပ်နဲ့ တရုတ်လေတပ်အကြား လေကြောင်းတိုက်ခိုက်ရေးချိန်ခွင်လျှာကို ၂၀၃၀ အစောပိုင်းနှစ်တွေအထိ ကျယ်ကျယ်ပြန့်ပြန့် ထိန်းပေးရာရောက်မယ် ဆိုပါတယ်။

တရုတ်လေတပ်က တိုက်လေယာဉ်အရေအတွက် သိသိသာသာ ပိုများပေမယ့် ထိုင်ဝမ်က မိမိမြေပေါ်မှ မိမိလေတပ်စခန်းတွေကနေ ခုခံကာကွယ်ရမှာဖြစ်တဲ့အတွက် အရေအတွက်ကွာခြားမှုကို နောက်ရောက်လာမယ့် F-16V တွေနဲ့ အထိုက်အလျောက် ထေမိစေမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။

ထိုင်ဝမ်ကို အမေရိကန်စစ်လက်နက် ရောင်းချမှုဟာ ၁၉၇၉ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေအရဖြစ်ပြီး ခုခံကာကွယ်ရတဲ့ အနေအထားရှိသမျှ တရားဝင်ရောင်းခွင့်ရထားတာပါ။ ထိုင်ဝမ်အနာဂတ်ကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆုံးဖြတ်မယ်လို့ သတိပေးချက်နဲ့ အတိတ်မှာ အမေရိကန်က တရုတ်ပြည်မကြီးကို တရားဝင် အသိအမှတ်ပြုလိုက်ပြီးတဲ့နောက်မှာ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေကို အမေရိကန်က ပြဌာန်းထားတာပါ။

နိုဝင်ဘာ ၂၂ ရက်က ယူအက်စ်သမ္မတဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ အွန်လိုင်းကနေ ထိပ်သီးချင်းတွေ့ဆုံခဲ့ရမှာလည်း ထိုင်ဝမ်အရေးက ဦးစားပေးဆွေးနွေးစရာ ဖြစ်ခဲ့ပါတယ်။ ဒေသတွင်းမှာ တရုတ်ရဲ့အပြုအမူကို စိုးရိမ်တယ်လို့ ဘိုင်ဒန်က ပြောဆိုရင်း တရုတ်တစ်နိုင်ငံထဲမူကို ထပ်လောင်းအတည်ပြုခဲ့သလို အမေရိကန်နဲ့ ထိုင်ဝမ် စစ်ရေးဆက်ဆံမှုကိုလည်း ကာကွယ်ပြောဆိုခဲ့ပါတယ်။

ရှီကျင့်ဖျင်ကလည်း ထိုင်ဝမ်ရေလက်ကြားက တင်းမာမှုကို အပြစ်တင်ရင်း ထိုင်ဝမ်ဟာ လွတ်လပ်ရေးရယူဖို့ အမေရိကန်ကို အားကိုးဖို့ ကြိုးစားနေတယ်၊ အမေရိကန်တချို့ကလည်း တရုတ်ကိုထိန်းချုပ်ဖို့ ထိုင်ဝမ်ကို အသုံးချနေတယ်လို့ စွပ်စွဲပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၈ ရက် မြွေပွေးတွေရဲ့မိတ်ဆက်ပွဲမှာ သမ္မတဆိုင်အန်းဝမ်က ထိုင်ဝမ်ကိုကာကွယ်ဖို့ နေ့ညတာဝန်ထမ်းနေတဲ့ ထိုင်ဝမ်လေတပ်ကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ် – ကျူးကျော်ဝင်ရောက်မှုတွေ ဘယ်လိုရှိရှိ ကျွန်မတို့လေတပ်က ကျူးကျော်သူတွေကို ကြားဖြတ် နှင်ထုတ်ဖို့ ကောင်းကင်ယံဆီ ချက်ချင်း တက်နိုင်တယ်၊ ဒါက ဝေဟင်ပိုင်နက်ကို ကာကွယ်ဖို့ သန္နိဋ္ဌာန်ကို ပြသတာပဲလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

လွတ်လပ်ပြီး ဒီမိုကရေစီစံနှုန်းတွေကို ဆက်လက်ကာကွယ်နေသရွေ့ အလားတူ အတွေးအခေါ်ရှိတဲ့ နိုင်ငံတွေ နောက်ထပ်လည်း ရပ်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်လို့ ပြောဆိုရင်း ဆိုင်အန်းဝမ်က F-16 Viper တိုက်လေယာဉ်တွေကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။

Min Myat San

Leave a Comment

You cannot copy content of this page