ဂျပန်ဆိုတာ သူ့နိုင်ငံသားတွေအတွက်တော့ အရမ်းကောင်းတဲ့ နိုင်ငံ၊ ရွှေမြန်မာတွေအတွက်တော့

ဂျပန်ဆိုတာ မင်းထင်သလို မဟုတ်ဘူး သူငယ်ချင်း.. သူ့နိုင်ငံသားတွေအတွက်တော့ အရမ်းကောင်းတဲ့ နိုင်ငံလို့ပြောလို့ရတယ်။ ဂျပန်ရဲ့တိုးတတ်မှုတွေကြည့်ပြီး ငါလည်း ဂျပန်ရောက်ရင် အဲ့လိုဖြစ်မှာပဲမတွေးနဲ့။ အရာအားလုံးကို ဥပဒေနဲ့ထိန်းချုပ်ထားပြီးသား ကောင်းတယ် ကောင်းကိုကောင်းလွန်းနေတာ ပင်ပန်းမှုဒါဏ်နဲ့ စိတ်ဖိစီးမှုများလို့ ရှင်းဂျု့ခုလိုနေရာမျိုးမှာ ခဏခဏ ရထားလမ်းပေါ် ခုန်ချပြီး Tay နေတဲ့ဂျပန်တွေဆိုလည်း မကြာခဏကြားနေရတယ်။

ဂျပန်သွားမယ် ဂျပန်လိုနေထိုင်မယ်ဆိုတဲ့ စိတ်နဲ့တော့ မလာပါနဲ့လို့ပြောချင်တယ်။ ဂျပန်နိုင်ငံရဲ့ အတုယူစရာ အားကျစရာကတော့ အချိန်တိကျတယ် နည်းပညာကောင်းတယ် စည်းကမ်းရှိတယ် ဘာသာတရားနဲ့မဆိုင်တဲ့ ယဉ်ကျေးမှုကောင်းကောင်းရှိတယ်။ ဒါတွေကိုတော့ အတုယူသင့်တယ်လို့ထင်ပါတယ်။

အလှအပနဲ့ တစ်ခြားအရာဝတ္တုတွေ အားကျရင်တော့ မလာကြနဲ့။ အထီးကျန်မှုတွေကြား ရုန်းကန်နိုင်မယ် ဖြတ်သန်းနိုင်မယ်ဆိုမှလာပါ။ ဂျပန်ဆိုတာ နတ်ကြီးတယ်။ လာဖို့ခက်သလို ပြန်ဖို့လည်းအတော်မလွယ်ဘူး။ လာချင်သူတွေ အပုံကြီးကြား အိမ်ပြန် ချင်သူတွေလည်း မနည်းမနော။

ဂျပန်ဆိုတာ မျက်လှည့်ဆန်တယ်။ ရှာသလောက် ရတယ်။ ရသလောက် ကုန်တယ်။ လာမဲ့သူတွေက ရတာကိုပဲမြင်ပြီးပြန်မဲ့သူက ကုန်နေတာတွေကိုပဲ မြင်တော့တယ်။ ဂျပန်ဆိုတာ ခမ်းနားတယ်။ တိုက်မြင့်မြင့်ကြီးတွေရှိမယ်။ အိမ်သာလှလှကြီးတွေရှိမယ်။ အဖုအထစ်ကင်းပြီး သန့်ရှင်းတဲ့ လမ်းတွေရှိတယ်။

ဂျပန်ဆိုတာ အံ့သြဖွယ်ဘာသာမဲ့တယ်။ အင်မတန်ယဉ်ကျေးတယ် လောကနီတိ မသင်ဖူးပဲအပြစ်ကင်းကင်း ရှင်သန်ကြတယ်။ ဂျပန်ဆိုတာ ကျောင်းတစ်ကျောင်းနဲ့တူတယ်။ မယဉ်ကျေးသူတွေကို ယဉ်ကျေးတတ်စေပြီး ပျင်းရိသူတွေ ကိုယ့်အားကိုယ်ကိုးတတ်လာစေတယ်။ စာတွေရေးတတ်အောင် သင်ပေးသလိုအိမ်ကို တန်ဖိုးထားတတ်အောင်လည်း သင်ပေးတယ်။ လိမ္မာရင်မင်းအတွက်ကြီးပဲ မလိမ္မာရင်လည်း မင်းတိုက်နဲ့မင်းကံပဲ။

Leave a Reply

Your email address will not be published. Required fields are marked *