News

ရွှေလီမြို့တွင် အလုပ်ရှင်က တံခါးပိတ်ချုပ်နှောင်ထားသည့် မြန်မာ (၃၉) ဦးကို ကယ်တင်နိုင်ပြီ

တရုတ်နိုင်ငံ၊ ရွှေလီမြို့နယ်၊ ဂျယ်လယ်ရပ်ရှိ စက်ရုံတစ်ရုံတွင် အလုပ်ရှင်က တံခါးပိတ်ချုပ်နှောင်ထားသည့် မြန်မာနိုင်ငံသား အလုပ်သမ ၃၉ ဦးကို ဒေသခံရဲတပ်ဖွဲ့နှင့်ဆက်သွယ်ဆောင်ရွက်ကာ အောက်တိုဘာ ၂၇ ရက်ညပိုင်းက လွတ်မြောက်အောင် ကူညီနိုင်ခဲ့ကြောင်း ရွှေလီမြို့အခြေစိုက် မိုးမခဖောင်ဒေးရှင်းထံမှ သိရသည်။

ရွှေလီမြို့နယ်၊ ဂျယ်လယ်ရပ်၊ မနောကွင်းအနီးရှိ နားကြပ်စက်ရုံတွင် အလုပ်ထွက်ချင်သည့် အလုပ်သမ ၃၉ ဦးအား အလုပ်ရှင်က အလုပ်ထွက်ခွင့်မပြုဘဲ အောက်တိုဘာ ၂၆ ရက်တွင် အခန်းတွင်း တံခါးပိတ်လှောင်ကာ ထမင်းမကျွေး၊ ရေဖြတ်၊ မီးဖြတ်ထားသဖြင့် ကယ်တင်ပေးရန် အွန်လိုင်းပေါ်တင်သည့်အပြင် ဆက်သွယ်၍ အကူအညီတောင်းခံလာသဖြင့် ဂျယ်လယ်ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၇ ရက် ညနေ ၅နာရီခန့်တွင် အားလုံးလွတ်မြောက်လာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“၆ ယောက်ကတော့လာပြောတယ်။ အိမ်ပြန်မယ်ဆိုလို့ လူကုန်တားနဲ့ဆက်သွယ်ပြီး မနက်ဖန် မနက် ၁၀ နာရီမှာ အလယ်ပေါက်ကနေ ပို့ဆောင်ပေးမယ်လို့ ပြောထာတယ်။ ကျန်တဲ့သူတွေလည်း ထပ်ပြောမယ်ပြောတယ်။ တချို့ကလည်း အလုပ်ထပ်ရှာလုပ်မယ်ပြောကြတယ်” ဟု မိုးမခဖောင်ဒေးရှင်းမှ ဒေါ်မိုးမခက ပြောသည်။

အလုပ်သမများ အားလုံး အလုပ်ထွက်မည်ပြောသဖြင့် လူစားမရမှာစိုးရိမ်ပြီး စက်ရုံပိုင်ရှင်က ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ဖြေရှင်းချက်အရ အောက်တိုဘာ ၂၇ ရက် ညနေ ၅နာရီခန့် တွင် လွတ်မြောက်လာကြပြီး အလုပ်သမားရုံးတွင် ခေတ္တတည်းခိုနေထိုင်နေကြကြောင်း ၎င်းကပြောသည်။

“သူတို့က နေထိုင်ခွင့်တွေရှိပါတယ်။ အလုပ်ရှင်နဲ့စကားမပေါက်ရာကနေ အခုလိုဖြစ်တာ။ အခုတော့ အလုပ်သမားရုံးကအကုန်ပြန်ခေါ်ထားပါပြီ။ အဲဒီအထဲက ၁၃ ယောက် ကတော့ မြန်မာပြည် ပြန်မယ်ပြောတယ်။ လိုက်ပို့ဖို့ရှိပါ့မယ်။ ကျန်သူတွေကတော့ ဒီမှာပဲ ထပ်အလုပ်လုပ်ကြမယ်ပြောတယ်” ဟု အဆိုပါကိစ္စအား မိုးမခဖောင်ဒေးရှင်းဖြင့် ပူးပေါင်းကာ ချိတ်ဆက်ကူညီခဲ့သည့် ဒေါ်နန်းနန်းက ပြောသည်။

မူဆယ်အခြေစိုက် လူကုန်တားရဲတပ်ဖွဲ့မှ ရဲမှူး မင်းနိုင်ကလည်း ပြန်လာမည့်သူများအား အောက်တိုဘာ ၂၉ ရက် တွင် မူဆယ်နယ်စပ်ဂိတ်အလယ်ပေါက်၌ စောင့်ကြိုနေမည်ဖြစ်ပြီး ပြန်လည်ရောက်ရှိလာသူများ အား လိုအပ်သည်များ မေးမြန်းကူညီသွားမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

(ဦးပေါက်)

Leave a Comment

You cannot copy content of this page