“ဆောင်းအိပ်မက်” (အကြည်တော်၏ ခေတ်ကာလ မိန်းကလေးများအကြောင်း ရေးဖွဲ့ထားတဲ့ ဝတ္ထုတိုတပုဒ်)

“ဆောင်းအိပ်မက်” (အကြည်တော်)

တစ်ခါ တစ်ခါ မိဘနှစ်ပါးကို မြန် မာဗီဒီယိုဇာတ်ကားထဲ ထည့်ထားပေးချင်စိတ်ပေါက်တယ်။ ဟုတ်တယ်လေ။ ဒီတော့မှ မြန်မာဗီဒီယိုဇာတ်ကားထဲက မိဘတွေလို အလုပ်မရှိ၊ အကိုင်မရှိ၊ အားယားနေပြီး ကိုယ့်သားသမီး အိမ်ထောင်ချပေး ဖို့သိမှာ။ လူပျိုကြီးဖြစ်ရတာလည်း သိပ်တော့လွယ်လှတာမဟုတ်ဘူး။ လူတိုင်းက ရောင်းမထွက်တဲ့ရှေးဟောင်းလို ကြည့်သွားတာတစ်မျိုး။ တချို့ကလည်း လောကကြီးကို သေးပေါက်ဖို့လောက် ရောက်လာတယ်ကပြောသေး။ ဒီကြားထဲ ကိုယ့်ပတ်ဝန်းကျင်က မိန်းမတွေ၊ ကလေးမွေးရင် ကိုယ်နဲ့တူနေပြန်လည်း သိပ်အနေရ ခက်တာပဲသိလား။

“မိန်းမဆိုတာ ယူတတ်တဲ့လူမှ ရတာကွ” ကျွန်တော့်အစ်ကိုစကား မှန်သလားတော့ မသိဘူး။ တချို့ဆို ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျတာ။ ဖေ့စဘွတ် သုံးတဲ့အခါ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုယ် သေချင်စိတ်ပေါက်တယ်။ ကလေးငယ်ငယ်လေးတွေက အိမ်ထောင်ပြုကြတာ။ ဒီကြားထဲ တစ်လောကတွေ့သေး။ မျက်မမြင် ယောက်ျားတစ်ယောက်က မိန်းမနှစ် ယောက်ယူပြီး မွေးလာတဲ့ကလေး ငါးယောက် ရှင်ပြုတာတဲ့။ သေရော။ ကျုပ်အတွေ့အကြုံအရဆို စိတ်ကျန်းမာရေးဆရာဝန်တောင် လုပ်လို့ရနေပြီ။

ရည်းစားထားမယ်ဆိုတိုင်း၊ အရူးတွေနဲ့ချည်းပဲ ကြုံနေရတယ်။ ခေတ်ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျကြတာလည်း မပြောနဲ့။ သူတို့စံထားတာကိုက ရိုမီယိုနဲ့ ဂျူးလီယက်။ ဂဃဏန သိကြရဲ့လားတော့ မသိဘူး။ စာရေးရင်တောင် ကိုယ်တို့ အချစ်က ရိုမီယိုနဲ့ ဂျူးလီယက်လို မခွဲမခွာ ချစ်ကြမယ်ပေါ့။ ကောင်းပါတယ်။ တစ်ယောက်က အဆိပ်သောက်၊ တစ်ယောက်ကဓားနဲ့ထိုး အေးတာပဲ။ တစ်ခါတလေလည်း ကိုယ်မရလို့လား မသိဘူး။ ဂယောင်ဂယင်တွေက သိပ်တွေးမိတယ်။

ခုခေတ်မိန်းကလေးတွေက ပြောတယ်။ “စင်ဒရဲလားတောင် Nightout မထွက်ရင်၊ မင်းသားလေးနဲ့ မရဘူး” တဲ့။ သူတို့ Night Out က ချင်တိုင်း စင်ဒရဲလားနဲ့ နှိုင်းကြတယ်။ ကျုပ်ကလည်း ပြန်ပြောတယ်။ “စဉ်းစဉ်းစားစားလည်း ပြောပါ ဦး။ စင်ဒရဲလားက Night Out ထွက်လို့ မင်းသားလေးနဲ့ ညားတယ် ဟုတ်လား။ ပြန်လည်းစဉ်းစားပါဦး။ ညတုန်းကတော့ မူးမူးရူးရူးနဲ့ ချစ်လှပါချည်ရဲ့၊ ကြိုက်လှပါချည်ရဲ့ ဆိုပြီးပြော၊ မနက်ကျ ရူးကြောင်မူးကြောင်နဲ့ မျက်နှာတောင် မမှတ်မိဘဲ၊ ကျကျန်ခဲ့တဲ့ ဖိနပ်နဲ့ တော် မတော် လိုက်စမ်း ရှာယူနေရတဲ့ အရက်သမားနဲ့ အကြောင်းပါသွားတဲ့ အကြောင်းလေး” ဟုတ်တယ်လေ။ ညတုန်းကတော့ ချစ်လိုက်တာ၊ ချစ်လိုက်တာ ဆိုပြီး မနက်ကျ ရုပ်တောင်မမှတ်မိတော့လို့ ကျကျန်ခဲ့တဲ့ဖိနပ်နဲ့ လိုက်တိုင်းနေရတယ်တဲ့။ ဘယ်လိုငမူး ကောင်လဲဆိုတာ စဉ်းစားသာကြည့်။

မိန်းကလေးတွေကလည်း ခက်တော့ခက်သား။ မိန်းကလေးတွေရဲ့ စိတ်ကို စစ်တမ်းကောက်တဲ့ ပညာရှင်တွေက ပြောတယ်။ “မိန်းကလေး ကိုးဆယ်ရာခိုင်နှုန်းဟာ သူတို့က ဘဝမှာ သူတို့ မင်းသမီးတွေချည်းပဲ” တဲ့။ သူတို့စဉ်းစားပုံကိုက သူတို့ မင်းသမီးနေရာကစပြီး စဉ်းစားကြတယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် သူတို့တွေရဲ့ ဘဝမှာ မင်းသားတွေနဲ့ပဲ တွေ့ချင်ကြမှာပေါ့။ ဒါကြောင့် သူတို့ဘဝအတွက် အရေးကြီးတဲ့ ရွှေမင်းသားပဲ လိုက်ရှာကြတာပေါ့။ ဒါပေမဲ့ “ရုပ်တောင် မမှတ်မိအောင် မူးရူးနေပြီး ပါးစပ်ကတော့ တအားချစ်တယ်။ တအားချစ်တယ်၊ ပြောနေတဲ့ ရွှေမင်းသားနဲ့တွေ့တော့ အေးရော”

တချို့မိန်းကလေးတွေက ပြောသေး။ ရင်ကော့ပြီး “ကျွန်မဘဝမှာ မိဖုရားဖြစ်ချင် တာမဟုတ်ဘူး” “ဒါဆို ဘာဖြစ်ချင်တာလဲ” “ဘုရင်မရှင့်၊ ဘုရင်မဖြစ်ချင်တာ” ဒါနဲ့ ဆက်မေးရတာပေါ့။ “ဘယ်လိုဘုရင်မမျိုး ဖြစ်ချင်တာလဲ” ဆိုတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ ဘာပြောရမှန်း မသိဘူး။ နောက်မှ “ဟိုလေ ပျားဘုရင်မ” အေးရော။

ခုခေတ် ယောက်ျားလေး အတော်များများကလည်း ပါးနပ်ကုန်ပြီ။ ကျွန်တော်တို့လို လူထူထူထိုင်းထိုင်း ကောင်တွေ မပါတော့ဘူး။ ခေတ်ကာလ အခြေအနေအရ အရက်ကလေး၊ ဘီယာကလေး သောက်တတ်ကြတာပေါ့။ ဒါပေမဲ့ သူတို့ ကြိုက်တဲ့ ကောင်မလေးတွေ့တဲ့အခါ “အရက်နဲ့ကျွန်မ ဘယ်ဟာရွေးမလဲ။ ပြတ်ပြတ်သားသား ပြောစမ်း” ဆိုသွားကြီး အစွမ်းကုန်ဖြဲပြီး.. “ချစ်ကလည်း ချစ်ပဲရွေးမှာပေါ့။ အရက်က ဘာလုပ်ရမှာလဲ။ အလကား ကျန်းမာရေးတောင်ဆိုးနိုင်သေး” အဲဒါဆို ကောင်မလေးတွေက ကျေနပ်ရှာတယ်။ “သြော် ငါ့ကိုချစ်လို့ သူကြိုက်တဲ့ အရက်တောင် ဖြတ်ပေးရှာတယ်ပေါ့”

အမှန်တော့ ဘာမှမဟုတ်ဘူး။ အရက်သမားဆိုတာမျိုးက အရက်ကို ဘယ်လိုခိုးသောက်ရမယ်ဆိုတာ သိကိုသိပြီးသား။ ဒါကြောင့်တစ်ချက် ခုတ်၊ နှစ်ချက်ပြတ်လုပ်တာ။ ဒါပေမဲ့ လေ။ ဘာပဲပြောပြာ။ “ချစ်သူရည်းစားထားခြင်းသည်လည်း ရံဖန်ရံခါ၌ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်ပျက်စီးနိုင်ပါကြောင်း” ကိုယ်မှမရတာ။

အကြည်တော်၏ ဝတ္ထုတိုများမှ..

Leave a Reply

Your email address will not be published. Required fields are marked *