ကိုယ်ချင်းစာစိတ် ခေါင်းပါးကြတဲ့ ရွှေမြန်မာတွေရဲ့ နောက်ကွယ်က ငြင်းပယ်လို့မရတဲ့ အမှန်တရား

“ကိုယ်ချင်းစာတရား” (သို့) ကိုယ်ချင်းစာစိတ် ခေါင်းပါးကြတဲ့ ရွှေမြန်မာတွေရဲ့ နောက်ကွယ်က ငြင်းပယ်လို့မရတဲ့ အမှန်တရား..

ခုလိုနိုင်ငံတော် ဓားပြတိုက်ခံရချိန်ကာလမှာ အကြားရအများဆုံး စကားကတော့ ဘယ်မှာတော့ ဘယ်ရွာတွေ မီးရှို့ခံနေရပြီ.. လူတွေ ‌တေနေကြပြီ.. နင်တို့က ဘားသွား ကလပ်တက် ကမ်ခြေသွားပြီး ပျော်နေကြလားဆိုတဲ့ ထေ့ငေါ့မှုနဲ့ အလားတူဆန်ဆန် မှတ်ချက်တွေပါပဲ..။ အထူးသဖြင့် ကိုယ်ချင်းစာပေးဖို့ တောင်းဆိုသံတွေ ညံလာကြတယ်ပေါ့..။

တဖက်က ပြန်တွေးကြည့်ရင် ဒီနိုင်ငံကလူတွေ ကိုယ်ချင်းစာတရား ဘာလို့ ခေါင်းပါးကြသလဲ..? ဆိုတဲ့ မေးခွန်းထွက်လာတယ်..။ အဖြေက မွေးမြူပေးမခံရလို့ဖြစ်တယ်..။ ဟုတ်ပါတယ်.. ကျွန်တော်တို့တွေရော ကျွန်တော်တို့ မိဘဘိုးဘွားတွေထိပါ ကိုယ်ချင်းစာတတ်ဖို့ မွေးမြူပေးခြင်း မခံရပါဘူး.. အာ့အစား တကိုယ်ကောင်းဆန်တတ်စေတဲ့ အဆိုအဆုံးမတွေနဲ့သာ ကြီးပြင်းလာရတာဖြစ်တယ်..။

အကြီးမလေးက ဘိုမရုပ်လိုချင်တယ်.. အငယ်ကောင်က ကားမရရင် ထမင်းမစားဘူး.. ဒီအခြေအနေမျိုးမှာ မိဘတွေဟာ နှစ်ယောက်စလုံးအလိုကို ဖြည့်ပေးဖို့ အခြေအနေအရ မလုံလောက်ဘူးဆိုပါ​တော့.. အကြီးမ မလို့ အလျော့ပေးလိုက်ပါ အငယ်မ မလို့ မမကို ဦးစားပေးလိုက်ပါ.. ဒီလိုမျိုး ဖြေရှင်းပေးခံရဖူးတယ်မလား..။ ဘယ်မလဲ.. မရတဲ့သူတစ်ယောက်အပေါ် ကိုယ်ချင်းစာတတ်ဖို့..?

ဘေးအိမ်က ချို့တဲ့လို့ ကစားစရာမဝယ်ပေးနိုင်တဲ့ မိသားစုအပေါ် ကိုယ်ချင်းစာတတ်အောင် သင်ပေးတာများလား.. အဖေတို့အမေတို့မို့ သားနဲ့သမီး လိုချင်တာဝယ်ပေးနိုင်တာ.. ဟိုအိမ်ကမိဘတွေဆို စတဲ့ ဂုဏ်ဆာစကားတွေသာ အပြောများကြတယ်မလား.. ကိုယ့်သားသမီးကို မုန့်ဖိုးများများပေးနိုင်တဲ့အခါ မရတဲ့ချို့တဲ့ကလေးတွေကို ဝေစားစေဖို့ပြောဖူးလား.. သွန်သင်ခံရဖူးလား.. စက်ဘီးကောင်းကောင်းဝယ်ပေးနိုင်လို့ သူများနဲ့မျှစီးစေသလား.. ဌားစေသလား.. လမ်းကြုံတင်ဖို့ သွန်သင်ခံရလား..

ကျူရှင်လခမပေးနိုင်လို့ ဆရာကန်တော့ကြေးအများကြီး မထည့်နိုင်လို့ စာရေးကိရိယာမပြည့်စုံလို့ အခြေအနေအမျိုးမျိုးနဲ့ ချို့တဲ့တဲ့ကလေးတွေအပေါ် ကိုယ်ချင်းစာတတ်ဖို့ ဘယ်ကျောင်း ဘယ်ဆရာတွေက အရေးလုပ်သင်ကြားခံရဖူးလို့တုန်း.. ဘာသာရေးအရ မရှိသူအချင်းချင်း ကူညီထောက်ပံ့သင့်တယ် အဟောများလား.. ငါတို့သာလှူ ဒီလိုလှူနိုင်တာက သင့်ကံ/သူတို့ချို့တဲ့တာ သူတို့ကံညံ့ဆိုတဲ့ အဟောအပြော ဘယ်ဟာပိုများလဲ..?

လုပ်ငန်းခွင်မှာရော.. အသစ်ဝင်လာတဲ့ လုပ်ဖော်ကိုင်ဖက်အခက်အခဲ ကိုယ်ချင်းစာစိတ်နဲ့ ကူညီဖေးမကြတာများလား.. ငါ့နေရာ ငါ့ရာထူး လုသွားမလားဆိုတဲ့ စိုးရိမ်စိတ် အငုံ့စိတ်နဲ့ အာဏာတည်ဆောက်မိတာများလား..?

ဒီမေးခွန်းတွေကို မလိမ်မညာတမ်းဖြေကြည့်ရင်ကို အသိသာကြီးပဲမလား.. ကျွန်တော်တို့ဟာ ကိုယ်ချင်းစာစိတ်ထက် ကိုယ်ကောင်းစားရေးကိုသာ အထူးတလည်အသင်ကြားခံခဲ့ရသူတွေ.. ကိုယ်ချင်းစာစိတ်ထွန်းကားဖို့ဆိုတာ ကောင်းမွန်စွာ သွန်သင်မွေးမြူခံခဲ့ရဖို့ သိပ်လိုပါတယ်..။

(Zar Ni Nyunt Lwin), Photo – Clean Yangon

Leave a Reply

Your email address will not be published. Required fields are marked *