မြန်မာပြည်က ကိုယ်တွေနေတဲ့မြို့ရဲ့ မုန့်လင်မယားလမ်း (သို့) လကမ္ဘာသို့ အလည်တစ်ခေါက်

မြန်မာပြည်က ကိုယ်တွေနေတဲ့မြို့ရဲ့ မုန့်လင်မယားလမ်း (သို့) လကမ္ဘာသို့ အလည်တစ်ခေါက်..

တာချီလိတ်မြို့.. ပြောရရင်မကောင်းဘူး ၊ လိုင်းပေါ်မှာတော်တော်ကလေးပြန့်နေပြီ ၊ (ရှက်စရာ) ၊ မိုးကလေးများဆက်တိုက်ရွာလိုက်တာနဲ့ စားထားတဲ့ဗိုက်ကို ခွဲပြီးလှန်လိုက်သလို မုန့်ပြားသလက်လောက်ရှိတဲ့ ကတ္တာရာတွေက ရေစီးအားကို မခံနိုင်တော့ဘူး ၊ အဆီတစ်ထပ် အသားတစ်ထပ် အရွတ်တစ်ထပ်နဲ့ နောက်ဆုံးပုံပါအတိုင်း 3D ချိုင့်ခွက်လေးတွေလိုလို မုန့်လင်မယားဒယ်အိုးခွက်လေးတွေလိုလိုက သေသေချာချာတီထွင်ထားသလို ညီညီညာလေးတွေနဲ့ ချစ်စရာကောင်းလွန်းနေသလိုလိုဘဲ..

လေယာဉ်ကွင်း ၊ ပုံလို့လမ်း ၊ အဆိုးဆုံးပါဘဲ ၊ မိုင်းဖုန်းဆရာတော်ပြန်မကြွလာကခင်းကတည်းက ပျက်စီးယိုယွင်းနေတဲ့လမ်း ၊ တကယ့်လူကြီးခရီးစဉ်တွေသွားနေတဲ့လမ်း ၊ တစ်ချို့ချိုင့်တွေများ အသူရာချောက်ထက်ပင်နက်၏ ။ ချိုင့်တွေရှောင်ရ ရှားရတာကအန္တရာယ်များလွန်း၏ ။

တစ်ခါတစ်လေ ရင်တွေ ပန်းတွေ ရှိသမျှအူသိမ် ကလီစာတွေကအစ ခုန်ထွက်လာမတတ် ချိုင့်တွေက အစွမ်းထက်လှသည် ။ ဦးဏှောက်တွေ ၊ နားရွက်တွေပါခါထွက်ကုန်သလိုခံစားရသည် ၊ ဒီကြားထဲ ကောင်းပေ့ဆိုတဲ့ 4 Wheel တွေက ဂျိန်းစ်ဘွန်းလို အရှိန်မလျှော့ဘဲပြိုင်မောင်းလာကြရင် ဂျိုင့်ထဲကရေတွေ ကျောက်ခဲတွေက လမ်းဘေးအိမ်တွေ ၊ အနှေးယဉ်တွေ ၊ လမ်းလျှောက်လာတဲ့သူတွေကို အရှိန်နဲ့ စင်မိသေးတယ် ၊ ခေါင်းမကွဲရင်ကံကောင်းပေါ့ ၊ အဲ့တော့လမ်းကပိုပျက်ကုန်ရော ။

စီးပွါးရေးက မကောင်းပါဘူးဆိုမှ အဲ့ဒီလမ်းတွေကနေဖြတ်မောင်းပြီး အိမ်ပြန်ရောက်ရင် ဗိုက်ကထပ်ဆာတော့ ဆန်ကပိုကုန်ရတယ် ၊ ထို့ကြောင့် ဆန်ကုန်မြေလေးလမ်းလို့လည်း ခေါ်တွင်နိုင်ပါသည် ၊ လကမ္ဘာမရောက်ဖူးသေးရင်တော့ ညအချိန်အခါ ဓါတ်မီးနဲ့လမ်းလျှောက်ကြည့်ခံစားကြည့်နိုင်ပါသည် ။

“ပျက်အစဉ်ပြင်ခဏ” ဆိုတဲ့စကားပုံက ၊ တစ်ချို့တွေအတွက်ဟန်ကျလွန်းလှ၏ ။ တစ်ခါတည်းကောင်းအောင်မလုပ်ကြတော့ဘူး ၊ အစဉ်ထာဝရ ခဏခဏပျက်မှ ၊ ပြင်ဘို့အတွက် ခဏခဏ ဘတ်ဂျက်တင်တောင်းရမည် ၊ အမြီးဖြတ် ခေါင်းဖြတ် ဟိုမရောက် ဒီမရောက်ဘတ်ဂျက်နဲ့ လမ်းပေါ်လမ်းထပ်ခင်းရင်း ပြင်လိုက်ပျက်လိုက်နဲ့ ကံကြမ္မာက မိုးရွာရင်လမ်းပေါ်ရေလျှံမယ် ၊ ရေလျှံရင် ရေပိတ်လွှာနည်း၍လမ်းပျက်ချင်ပျက်မည် “ ဒါသဘာဝဘဲလို့ ကံက်ိုပုံချကြမည်သာ ။

မပျက်တဲ့လမ်းတွေလည်းရှိပါသည် ၊ စံချိန်မှီထုထည်ကောင်းတဲ့လမ်းတွေတော့ မပျက်ဘူးပေါ့ဗျာ ၊ QC ကောင်းလို့ပေါ့.. ဆိုင်ကယ်စီးသူတွေနဲ့ လမ်းလျှောက်တဲ့သူတွေ သတိဝရိယနဲ့သာ စီးကြပါလို့.. ကျန်တဲ့မြို့က ဘဝတူမြို့တွေရှိနေမယ်ဆိုရင်လည်း ကိုယ်ချင်းစာမိပါသည် ။ Si Thu Maung (တာချီလိတ်မြို့)

Leave a Reply

Your email address will not be published. Required fields are marked *