Knowledge

“KTV က ရတဲ့ အသိပညာတစ်ခု” (အသက် အချိန် အတွေ့အကြုံက လွမ်းမိုးမှု ရှိနေပါတယ်)

KTV က ရတဲ့ အသိတစ်ခု မျှဝေချင်ပါတယ်။

ဆယ်စုနှစ် နှစ်ခုကျော် ကျင်လည်ခဲ့ရတဲ့ လုပ်ငန်းရှင် ဘဝ က ဖောက်သည်တွေ ပြည်တွင်းပြည်ပက ပစ္စည်းသွင်းသူတွေနဲ့ သွားခဲ့ကြတာ၊ ကွန်ပျူတာအသင်း​တွေ၊ ကုန်သည်စက်မှု့အသင်း၊ ကုန်စည်ဒိုင်၊ ဈေးအသိုင်းအဝိုင်း၊ စွန့်ဦးတီထွင်အသင်း ဘာညာ အသင်းတွေက သူတွေနဲ့ ပြည်တွင်းပြည်ပက ဧည့်သည်တွေ၊ အစိုးရအရာရှိတွေ စသူ​တွေနဲ့ သွားခဲ့ဘူးတာ။

လုပ်ငန်းအတွင်းက လုပ်ဖော်ကိုင်ဖက်တွေ နည်းပညာ နဲ့ ပတ်သက်တဲ့ ကျောင်းတွေက ဆရာကျောင်းသား ကအစ သွားခဲ့ကြဘူးတာ၊ တစ်ခါ MBA နဲ့ တက်လာခဲ့တဲ့ ​ကျောင်းတွေမှာ အတန်းထဲက သူငယ်ချင်းတွေ ဆရာဆရာမတွေနဲ့ သွားသမျှ​တွေ၊ ခရီးထွက်သမျှ နေရာ​တွေနဲ့ အဝေးက ဧည့်သည်ကိုယ့်ဆီ ပြန်လာချိန်တွေမှာ KTV တွေ နဲ့ နီးစပ်နေတယ်။ နောက်ဆုံး အခုဌာနမှာ ရှိတဲ့ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတွေနဲ့ ကအစပေါ့။

ပြောရရင် အသက်အရွယ်စုံ လုပ်ငန်းစုံ အနေအထားစုံ စတဲ့ မတူတဲ့ သူတွေနဲ့ ဆိုကြ ကဲကြ ကကြ ခုန်ကြ တာတွေ ကနေ သတိထားမိတာလေးတွေရှိလာခဲ့တယ်။

သူတို့ဆိုတဲ့ သီချင်းတွေ၊ သီချင်းရွှေးပုံတွေ၊ ကြိုက်နှစ်သက်ပုံတွေ၊ ကြိုက်ပုံ ခံစားပုံ စတာတွေကနေ သတိပြုမိတာတွေ အများကြီးရှိတဲ့ အထဲက တစ်ခုကိုပြောရရင် အများစုက သူတို့ဖြတ်သန်းလာခဲ့ကြတဲ့ ဘဝတွေရဲ့ ခံစားတဲ့ အရွယ်က ထိရှစူးဝင်တဲ့၊ ဂီတတွေကို စွဲနေတတ်ကြတယ်။ ငယ်ငယ်က ထူးအိမ်သင်ခေတ် ကျော်ဟိန်းခေတ် တူးတူးခေတ် ဇော်ဝင်းထွဋ်ခေတ် စတာတွေမှာ၊ လွမ်းမိုးခေတ် တင့်တင့်ထွန်းခေတ် စိုင်းထီးဆိုင်ခေတ် စတာတွေမှာ ဖြတ်သန်းခဲ့သူတွေကြားမှာ အကြိုက်မတူကြပေမဲ့ ခေတ်မတူကြပေမဲ့၊ ကိုယ့်ခေတ်က စွဲဖူးတဲ့ သီချင်းတွေကို ပိုခံတွင်းတွေ့ကြတာမျိုး သတိပြုမိတယ်။ အသက်အရွယ်အလိုက် အသိုင်းအဝိုင်း အလိုက် မတူကြပေမဲ့ လူတစ်ဦးချင်း ခံစားတာမတူကြပေမဲ့ သူတို့ခေတ်သီချင်းဆိုတာတွေက သူတို့ ရဲ့ ခံစားမှု့ လွတ်လပ်တဲ့ နက်ရှိုင်းစွာထိရှနိုင်တဲ့ အသက်အချိန် အတွေ့အကြုံက လွမ်းမိုးမှု့ရှိနေတယ်ဆိုတာတွေ့ရတယ်။

ငယ်ငယ်က အဖိုးနဲ့ ၃၈လမ်းနဲ့ ၇၉ သံလမ်းဘေးနားက ရွှေပါတီမှာ အုန်းမလက်ဆိုတာ လိုက်စား​လေ့ရှိတယ် သူကြိုက်တယ်လို့ဆိုတယ်၊ အဖွားခေတ်ကလည်း ၂၉လမ်း ရုံတော်ကြီး ကိန်ကြည်ကြက်ဥခေါက်ဆွဲ တန်ဘိုးထား စားတယ်၊ ဆွမ်းကပ်တယ်။ နောက်ပိုင်းခေတ်ထိ သူတို့ ငယ်ငယ်က ကြိုက်တဲ့ ဟာကို ကောင်းတယ်ဆိုပြီး လက်ခံထားကြတယ်၊ ကြီးလာတဲ့ထိ ​နောက်ဆိုင်​တွေ ဘာလာလာ တစ်ခုခု အသိအမှတ်ပြုကျွေးမွှေးဖို့ ရှိလာရင် အဲဒါတွေ ကျွေးမွေးချင်ကြတယ်။ ခုနက သီချင်းလိုဘဲ သူတို့ ငယ်စဉ်က စွဲခဲ့တာကို ပိုမက်မောတယ်ပေါ့လေ။

နောက်ပိုင်း ကြီးလာမှ သတိထားမိတာတစ်ခုက လူတွေရဲ့ အာရုံခံစားမှု့က အသက်အရွယ်အပေါ်လိုက်ပြောင်းတယ်၊ သူတို့ငယ်ရွယ် တက်ကြွချိန်မှာ အပြည့်ခံစားထားတဲ့ ဂီတ သီချင်း ရုပ်ရှင်တွေ၊ သူတို့ရဲ့ရသာရုံ ကို အပြည့်စုတ်ယူနိုင်တဲ့ အရသာ အကုန်ရတဲ့ အသက် အရွယ်က စားသောက်ခဲ့ရတာတွေ၊ တစ်ခါ ခံစားလွယ်စဥ်က ဖတ်ခဲ့ရတဲ့ ကဗျာတွေ၊ ဝတ္ထုတွေ၊ ကာတွန်းတွေ၊ ရုပ်ရှင်တွေ၊ ဇာတ်တွေ ကအစ ၏အကုန် အရသာ မမှတ်မိတော့ပေမဲ့ အဲဒီတုန်းက ကောင်းခဲ့တာလို့ သူတို့က မှတ်ထားမိတော့ အဲဒါတွေကို ဘဲ စွဲလန်းနေတတ်ကြတယ်။

တကယ်တော့ လူသားတွေတင်မကပါဘူး သတ္တဝါအတော်များများ ဖြတ်သန်း ကျော်ဖြတ်ကြီးထွားလာတဲ့၊ အသားသေနေတဲ့၊ ဝန်းကျင်မှာ နေရတဲ့ခံစားမှု့တွေ၊ အသိတွေ၊ ထိတွေ့တာတွေနဲ့ အသားကျတာတွေဟာ၊ သူတို့ရဲ့ ကြီးလာတဲ့ ဘဝမှာ အဲဒီတုန်းကလောက် ခံစားနိုင်စွမ်း အရသာ စုတ်ယူနိုင်စွမ်း စီးမျှောနိုင်စွမ်း မရှိတဲ့ အချိန်မှာ အဲဒီတုန်းက အဲဒါက ပိုသာတယ်၊ ပိုကောင်းခဲ့တယ်ဆိုတဲ့ အစွဲတွေ ဖြစ်လာတတ်ကြတာပါဘဲ။

ပြဿနာက မတူတဲ့ အသိုင်းအဝိုင်းတွေကနေ ဖြတ်သန်း ကြီးပြင်းလာကြသူတွေ စုမိကြတဲ့ အခါ၊ သူတို့ ကိုယ်စီရဲ့ အစွဲတွေက သူတို့ ရဲ့ ငယ်ဘဝအပေါ်တည်နေတတ်တော့ သူတို့ ကိုယ်မှာဖြစ်တည်နေတဲ့ အကျင့် စရိုက် ဝါသနာတွေ အစွဲတွေနဲ့ အသားကျနေတာတွေဟာ အမှန်လို့ ဘဲ ယူဆလိုက်ကြပြီး အခြားသူတွေနဲ့ အတူလိုက်ခံစားလို့မရ၊ လိုက်နားလည်ပေးလို့ မရတာတွေ ဖြစ်ပြီး။ တစ်ခါ အရင် အဟောင်း ပြန်ခံစားပြန်​တော့လည်း ငယ်ငယ်က အရသာပြန်မပေါ်တာကို အားမလိုအားမရတွေ ဖြစ်ကြလေ့ ရှိတယ်ဆိုတာ သတိပြုမိလာတယ်။ ဟုတ်မဟုတ်တော့ မိတ်ဆွေတို့ တွေဆွေးနွေးကြည့်ပေးပါ။

တကယ်တော့ Generation X Y Z တွေ၊ တောနဲ့ မြို့ကွာတာတွေ၊ ယဉ်ကျေးမှု့ ပွတ်တိုက်တာတွေ၊ မတူတာတွေ၊ ဘာသာရေး၊ လူမှု့ရေး၊ ဓလေစရိုက်၊ မတူကြတာတွေ၊ စတဲ့ မတူတာတွေရဲ့ကြားမှာ ငါတို့ ဖြတ်သန်းရတာက၊ ဆိုတာတွေရဲ့ နောက်မှာ၊ အခြားဟာတွေကို အားမရတာ၊ အစွဲတွေများနေတာ၊ ခေတ်အရပြောင်းလဲတာတွေကို လက်မခံချင်တာ၊ နေရာဌာန အချိန်ကာလ အဝန်းအဝိုင်း တွေအလိုက် ခံယူချက်တွေမတူကြတာနဲ့ ဒါမျိုးတွေကို ရင်ကြားစေ့ဖို့ လိုတဲ့ Diversify ဖြစ်ပြီး မတူတာတွေ ပေါင်းလာနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။

အားကစားလေ့ကျင့်သလို မတူတာတွေ ကျင့်ပေးသလို ကျင့်ဖို့ လူတွေမှာ လိုတယ်လို့မြင်လာမိတယ်၊ ဒါကြောင့် မိသားစုတွေက ကလေးတွေ ကျောင်းကိုသွားတာ တက္ကသိုလ်တွေကို မြို့ရွာနိုင်ငံ နယ်ပယ်စုံကသူတွေ အဆောင်မှာစု နေစေပြီး စာမေးပွဲတွေကို အတူရင်ဆိုင်ခိုင်းတာ၊ မတူသူတွေ စာသင့်ခန်းတွေကအစ အလုပ်ဝန်းကျင်အဆုံး နေတတ်အောင် ဖန်တီးပေးတာတွေဟာ တကယ်တော့ ကကြီးခကွေး ရေးတတ်ဖို့ ကျင့်သလို၊ သင်္ချာပေါင်းနှုပ်မြှောက်စား တွက်တတ်ဖို့ ကျင့်သလို ကျင့်ပေးရမည့် အရာတွေလို မြင်ပြီး မတူတဲ့ အတွေးအခေါ်စာအုပ်တွေ မတူတဲ့ သီအိုရီတွေကို ဖတ်ခိုင်း ငြင်းခိုင်းပြီး စနစ်တကျ ဆွေးနွေးနားလည်စေတဲ့ လေ့ကျင့်ခန်း တွေကို ပညာရေးလို့ သတ်မှတ် သင်ကြားကြတာ သတိထားမိတယ်။

အာရုံငါးပါးနဲ့ ခံစားတာတွေ တောင် ဟောင်းနွမ်း ညောင်းညာ လာချိန်မှာ အစွဲတွေနဲ့ ခံစားကြရတာတွေကို KTV တွေမှာ သီချင်းကြိုက်သူများအဖြစ်တွေ့ရသလို၊ အခုချိန်ထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်က ကျင့်​ပေးခဲ့တာတွေ အသားကျနေသူတွေ ၊ စစ်ပြီးခေတ်မှာ တက္ကသိုလ်တွေတက်၊ စာတွေသင်၊ လေ့လာပြီး အဲဒီတုန်းက စီးပွားရေး နိုင်ငံရေး လူမှု့ရေးစနစ်ကို ဘဲ အရသာတွေ့နေသူတွေ၊ တစ်သက်လုံး အမိန့်ပေး၊ အမိန့်နာခံလာပြီး ခိုင်းတဲ့ သူမရှိဘဲ ဖာသာလုပ်ဖို့ နဲ့၊ ခိုင်းတာမလုပ်သူကို အားမလိုအားမရဖြစ်နေသူတွေ၊ တစ်သက်လုံး ကြိုးနီဘောင်ထဲမှာ ပုံသွင်းလုပ်ရှားလာတဲ့ တရုပ်ခြေသေးမ လမ်း​လျှောက်သလိုနေလာခဲ့သူတွေက အလွှာတွေ များစွာကြားမှာ တက်တာဆင်းတာကို ဘဝလို့ ထင်မှတ်ပြီး ဂုဏ်ယူ ခန့်ငြားနေသူတွေ ကိုတွေ့တော့ နားလည်ပေးလို့ ရသလိုလို ရှိပေမဲ့ ကိုယ်လည်း အသားကျပြီးသား တစ်ခုခုတော့ ဖြစ်တန်ကောင်းပါရဲ့ဆိုပြီး သတိထားမိ နေသော်လည်း စရိုက်ဆိုတာ ဖျောက်ဖို့ မလွယ်တတ်ဘူးဆိုတော့၊ ခေါက်ရိုးကျိုး အထုံပါနေတတ်တဲ့ အာသေဝန သတ္တိ နဲ့ ကျေးဇူးပြုခံရတယ်လို့ ဘဲ တွေးမိလိုက်ပါတယ်။

KTV က ရတဲ့ ပညာတစ်ခုပါဘဲ။ နောက်ပညာတွေ ထပ်ရဖို့ ကိုဗစ်ပြီး မှာ KTV ထပ်သွား ပညာထပ်ရှာပါဦးမယ်လို့ ပြောရင်း လက်ဆေးပါ Mask တပ်ပါ ၆ ပေခွာက နေကြပါခင်ဗျာ။

Ye Myat Thu (Founder of Zaw Gyi Font)

Leave a Comment

You cannot copy content of this page