လေလံဆွဲမယ့်သူ မရှိခဲ့တဲ့ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ (၃) ပိဿာစီကို ယနေ့ ထပ်မံရောင်းချမည်

လေလံဆွဲမယ့်သူ မရှိခဲ့တဲ့ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ (၃) ပိဿာစီကို ရန်ကုန်နှင့် မန္တလေးတွင် ဈေးပြိုင်တင်ဒါစနစ်ဖြင့် ယနေ့နေ့လယ် ၁ နာရီမှာ ရောင်းချမယ်လို့ သယံဇာတနှင့် သဘာဝပတ်၀န်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထပ်မံ ကြေညာပါတယ်။

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ကျောက်မျက် ရတနာပြတိုက်နှင့် မန္တလေး ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ Star Mart Mandalay တို့တွင် ရွှေစင်တုံးနှင့် ရွှေစင်ခဲ (၃) ပိသာစီကို အောက်တိုဘာလ ၆ ရက် နေ့လည် ၁ နာရီမှ ၃ နာရီအတွင်း သတ်မှတ်ထားသော တင်ဒါပုံစံဖြည့်စွက်လျက် ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမယ်လို့ထပ်မံ ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က လည်း အဆိုပါနေရာတွေမှာ ဈေးပြိုင်တင်ဒါစနစ်နဲ့ ရွှေစင်တုံးနဲ့ရွှေခဲတွေကို ရောင်းချခဲ့ပေမယ့် လေလံဆွဲမယ့်သူမရှိလို့ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

ယင်းအပြင် ရွှေဒင်္ဂါးပြားများရောင်းချခြင်းကိုလည်း ယခင်အတိုင်းဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာမြန်မာ့ကျောက်မျက်ရတနာရောင်း၀ယ်ရေးလုပ်ငန်း နေပြည်တော် (ရုံးချုပ်)၊ မြန်မာ့ကျောက်မျက် ရတနာပြတိုက် (ရန်ကုန်) နှင့် မြန်မာ့ကျောက်မျက်ရတနာရောင်း၀ယ်ရေးလုပ်ငန်း (မန္တလေးစခန်း) တို့တွင် စုံစမ်းနိုင်သည်ဟု ဆိုသည်။

ထို့အတူ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဦးဆောင်ကာ နှစ်လယ်ကျောက်မျက်ပြပွဲကို အောက်တိုဘာလ ၁၉ ရက်မှ ၂၅ ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲအတွင်း ကျောက်စိမ်းအတွဲများ၊ ပုလဲနှင့် ကျောက်မျက်များ ခင်းကျင်းပြသကာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *