Knowledge

ထူးထူးဆန်းဆန်း အပင်တွေ့ရင် လက်အုပ်လေးချီ ဖူးကြတဲ့ ရွှေမြန်မာများနှင့် ပဒုမ္မာ ငှက်ပျောပန်း

ထူးထူးဆန်းဆန်း အပင်တွေ့ရင် လက်အုပ်လေးချီ ဖူးကြတဲ့ ရွှေမြန်မာများနှင့် ပဒုမ္မာ ငှက်ပျောပန်း..

မိတ်ဆွေတယောက် ဒီအပင်ပုံနဲ့ မေးလာတယ်၊ သူ့အနေနဲ့ ထူးဆန်းလို့နေမှာ.. ကျနော့်အတွက်တော့ ငှက်ပြောပင်တပင်ထက်မပို.. မုံရွာမြို့နယ် သာစည်ရွာအနီး ဆည်တော်မြင် (ပေါ်တော်မူ) စေတီတော်ကြီး ရင်ပြင် တော်ပေါ်မှာ ဒီအပင်ကိုတွေ့ခဲ့ရသည်.. လူအများဝိုင်းအုံပြီး အထူးအဆန်းသဖွယ် ကြည့်နေကြသည်..

အပင်နဲ့အတူတူ ဓာတ်ပုံတွဲရိုက်ကြသည်.. အချို့က လက်အုပ်လေးတွေချီလို့ တရိုတသေ ဖူးကြသည်.. အပင်အမည်ကိုလည်း ဆင်လက်မောင်းတော် ငှက်ပျော ငှက်ပျောပဒေသာ စသည်ဖြင့် အဆင်ပြေသလို ခေါ်ဝေါ်ကြသည်..

Wikipedia ထဲတွင် အပင်၏ မူရင်းဒေသက တရုပ်ပြည် ယူနန်ဒေသကဖြစ်သည်.. အမြင့်ပေ ၂၅၀၀ မီတာ ရှိသည့် တောင်တန်းတွေအပေါ်မှာ ပေါက်သော အပင်ဖြစ်သည်.. မပွင့်မီ အဖူးဘဝတွင် ပဒုမ္မာကြာဖူးနှင့် တူလှသည်.. ငှက်ပျောပင်တွေလို ပန်းခိုင်က ဘေးကိုငိုက်မကျဘဲ ထိပ်က ထွက်နေလို့ အလွန်လှသည်..

စိုက်ပျိုးပြီး တနှစ်ကျော်မှပွင့်လေ့ရှိသည်.. ပန်းပွင့်လျှင် ရက်များစွာကြာသည်.. ဘုရားနှင့် လိုက်ဖက်လွန်းသည်.. ဒါ့ကြောင့်လည်း တရုပ်တွေက ရွှေဝါရောင် ပဒုမ္မာငှက်ပျော လို့ပေးခဲ့တာဖြစ်မည်..

Checklist 2003 ထဲမှာတော့ အပင်အမည် ကို Musella lasiocarpa ခေါ်ပြီး မန္တလေး တဝိုက်တွင်ပေါက်သည်လို့ ရေးသားမှတ်တမ်းပြုထားပါတယ်.. Taxonomist တယောက်အတွက်တော့ ဘုရားလည်းဖူးရင်း အပင်တပင်လည်းသိရင်းပေါ့..

ငှက်ပျောပညာရှင် တူမကတော့ “အမရပူရမှာ ရာဇမတ်ကာပြီးကို စိုက်ထားတာ.. ပွင့်ရင် လာဘ်လာဘကောင်းတယ် ဆိုပြီးအယူရှိပုံရတယ်” အချို့ ဘုရားတွေမှာ စိုက်ထားပြီး ပန်းပွင့်ရင် အမွှေးတိုင်နဲ့တောင် ပူဇော်ပသကြတယ်ဆိုတယ်..

ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့တော့ အလှစိုက်ပန်းပင်တပင်ကို မပူဇော်သင့်ပါဘူး.. မသိနားမလည်သော သူများအပေါ်လည်း အမြတ်မထုတ်သင့်ပါ.. ရုက္ခဗေဒပညာရှင်အမြင်နဲ့ ပြောရရင် ဒါက ငှက်ပြောပင်တပင်ပါ..

ကိုယ်တို့ဆီမှာသာ ရာဇမတ်ကာရတာနဲ့ ရွှေရည်ငွေရည်ဖြန်းရတာနဲ့၊ အမွှေးတိုင်ပတ်လယ်စိုက်ရတာနဲ့ တယုတယ လုပ်နေကြတာ၊ ယူနန်မှာတော့ ပေါလွန်းလို့ ခုတ်ပြီး ဝက်စာ ကျွေးပစ်တယ်ဆိုဘဲ၊ ကဲ.. မခက်ပေဘူးလား..

Leave a Comment

You cannot copy content of this page