International News

ကိုဗစ်ဉပဒေကို လက်တစ်လုံးခြားလုပ်ဖို့ ကြိုးစားခဲ့တဲ့ ကနေဒါနိုင်ငံက လင်မယားရဲ့ အဖြစ်

ကိုဗစ်ဉပဒေကို လက်တစ်လုံးခြားလုပ်ဖို့ ကြိုးစားခဲ့တဲ့ ကနေဒါနိုင်ငံက လင်မယားရဲ့ အဖြစ်..

ကနေဒါနိုင်ငံက လင်မယားနှစ်ယောက်ဟာ ကိုဗစ်ကာလ ညမထွက်ရအမိန့်ကို ချိုးဖောက်ပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ကွက်က အဆန်းပါ။

ကနေဒါနိုင်ငံ ကူဘတ်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုတွေကို တားဆီးဖို့ ည ၈ နာရီကနေ နံနက် ၅ နာရီကြား အိမ်ပြင်မထွက်ရလို့ အမိန့်ထုတ်ထားပါတယ်။ ဒါပေမဲ့ ခြွင်းချက်တစ်ခုအနေနဲ့ အဲဒီအချိန်အပိုင်းအခြားအတွင်း ကိုယ့်ရဲ့ခွေးနဲ့အတူ အိမ်အနီးနားတစ်ဝိုက် အညောင်းညာပြေ လမ်းလျှောက်ထွက်တာမျိုးတော့ ခွင့်ပြုပေးထားပါတယ်။ အဲဒီဥပဒေက ပြီးခဲ့တဲ့စနေနေ့ည ၈ နာရီမှာ စတင်အကျုံးဝင်ခဲ့ပါတယ်။

ည ၉ နာရီဝန်းကျင်လောက်ကျတော့ ရွားဘရွတ်မြို့ ရဲတပ်ဖွဲ့က အပြင်ထွက်ပြီး လမ်းလျှောက်နေတဲ့ လင်မယားနှစ်ယောက်ကို တွေ့တယ်။ မိန်းမဖြစ်သူက ယောကျ်ားကို အိမ်မွေးခွေးလို ကြိုးနဲ့ဆွဲပြီး လမ်းလျှောက်နေတာပါ။ ရဲတပ်ဖွဲ့က သူတို့ကို မေးမြန်းစုံစမ်းချိန်မှာ မိန်းမဖြစ်သူက ခပ်တည်တည်ပဲ ပြန်ပြောတယ်။ “ကျွန်မခွေးနဲ့ လမ်းလျှောက်ထွက်နေတာတဲ့”။ “ကိုယ့်အိမ်နားမှာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ လမ်းလျှောက်ထွက်ခွင့်ရှိတယ်ဆိုတဲ့ စည်းမျဉ်းအတိုင်း ကျင့်သုံးနေတာပါတဲ့”။

ဒါပေမဲ့ ရဲတပ်ဖွဲ့က သူတို့လင်မယားကို စည်းမျဉ်းချိုးဖောက်မှုအတွက် ကနေဒါဒေါ်လာ ၁၅၄၆ (အမေရိကန်ဒေါ်လာ ၁၂၁၂) စီ ဒဏ်ရိုက်ခဲ့ပါတယ်။

ကနေဒါနိုင်ငံ ကူဘတ်ပြည်နယ်မှာ ညမထွက်ရအမိန့် စတင်အကျုံးဝင်တဲ့ ပထမတစ်ပတ်ထဲမှာပဲ စည်းမျဉ်းချိုးဖောက်သူ ၇၅၀ ရှိပြီး သူတို့အားလုံးကို ရဲတပ်ဖွဲ့က ဒဏ်ရိုက်ခဲ့ပါတယ်။

Leave a Comment

You cannot copy content of this page