မြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်အားလုံးကို ဒီနေ့ ဇန်နဝါရီ ၁၇ ရက်မှစတင်ကာ ယာယီရပ်ဆိုင်းထားမှာဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) က ပြည်ပအကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေထံ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ရပ်ဆိုင်းခဲ့တာဖြစ်ပြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ ခွင့်ပြုပြီး အလုပ်ခေါ်စာ (MOU) နဲ့ စေလွှတ်မယ့် အလုပ်သမားတွေအတွက်နဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးတွေအတွက်တော့ ချွန်းချက်အနေနဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ဆောင်ရွက်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေ့ ဇန်နဝါရီ ၁၇ ရက်ကစပြီး (MOU) စနစ်နဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း နဲ့ ဗုဒ္ဓဂါယာဘုရားဖူးခရီးသွား အေဂျင်စီတွေအတွက်ပါ ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
သဘောကတော့ ဘယ်သူဘယ်ဝါမှ အခုချိန်မှာ ပတ်စပို့စ် လုပ်လို့မရတော့ပါဘူး။ ဘယ်ချိန်လုပ်လို့ပြန်ရမလဲလည်း မသိပါဘူး။
နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ အွန်လိုင်းကနေ ကြိုတင်ရက်ချိန်းယူတဲ့ QR စနစ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လက စတင်ခဲ့ရာမှာ QR ကုဒ် ပြုလုပ်ပြီး တလ ကနေ သုံးလအထိ ရက်ချိန်းယူရတဲ့အတွက် QR ကုဒ်ကို ပွဲစားကတဆင့် ပြန်လည် ဝယ်ယူတဲ့အခါ ကျပ်သုံးသောင်းကနေ သိန်းချီအထိရှိလာတာကြောင့် ဝေဖန်မှုတွေရှိလာလို့ အဲ့ဒီစနစ်ကို ပြန်လည်ပြင်ဆင်ဖို့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၅ ရက်နေ့ကပဲ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
Online Booking စနစ် ရပ်နားထားချိန် နယ်ရုံးတွေမှာ ဆက်လက် ထုတ်ပေးနေပေမယ့်လည်း ဇန်နဝါရီ ၂ ရက်နေ့မှာတော့ တနိုင်ငံလုံးပိတ်လိုက်တာဖြစ်ပြီး ပြန်ဖွင့်မယ့်ရက်ကို Website ကနေ ပြန်လည် အသိပေးမယ်လို့ ကြေညာထားဝာာဖြစ်ပေမယ့် ဒီနေ့မှာတော့ နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်အားလုံးကို ထပ်မံပြီးတော့ ယာယီရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
“အခက်အခဲတော့ဖြစ်သွားတာပေါ့။ ဒီမှာကျတော့ ကျွန်တော်တို့လူငယ်တွေ တော်တော်များများက မနေချင်ကြတော့ဘူးလေ။ ပြည်ပကျတော့အလုပ်က ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေတဲ့အတွက် ထွက်ချင်ကြတယ်။ သူတို့က ဒီလိုပိတ်လိုက်တော့ အခက်အခဲဖြစ်သွားတာပေါ့။ အရင်ကတည်းက ထွက်ဖို့လုပ်ထားတဲ့သူတွေကျတော့ အခုမထွက်ရတော့ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်တာပေါ့” လို့ နိုင်ငံကူးလက်မှတ် ပြုလုပ်နေသူတဦးက ပြောပါတယ်။
နစက က ပြည်ပနိုင်ငံတွေကို လူငယ်တွေထွက်ခွာနေမှု များပြားနေတဲ့အတွက် တင်းကျပ် ကြပ်မတ်ဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးမှာ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
ပြည်ပနိုင်ငံတွေဆီ လူငယ်တွေ ဆက်တိုက် ထွက်ခွာနေတာကြောင့် နောင်တချိန် ပြည်တွင်းမှာ အလုပ်သမားရှားပါးမှု ပြဿနာ မဖြစ်ပေါ်စေရေးအတွက် ပြည်ပ ထွက်ခွာမှုတွေနဲ့ ပတ်သက်လို့ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။