Knowledge

“စီရင်ချက်” – ပစ္စည်းထက် လူ့သိက္ခာကို တန်ဖိုးပိုထားသူတဦးအား မထင်မှတ်စွာ တွေ့ဆုံရခြင်း

“စီရင်ချက်”

“ည ၉ နာရီအချိန်တွင် ထွက်ခွာမည့် ယာဉ်အမှတ် —- နှင့် လိုက်ပါမည့် ခရီးသည်များ ကားပေါ်သို့ တက်ရောက် နိုင်ပါပြီရှင်”

ကားဂိတ်တွင် ထိုင်စောင့်နေကြသည့် ခရီးသည်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ နောက်ဆုံးကား ဖြစ်သဖြင့် ခရီးသည်များ ထွက်သွားသော် လူလည်း ရှင်းသွားသည်။ ကျွန်တော်က နောက်ဆုံးမှ ကားပေါ်ကို တက်လိုက်သည်။

ကျွန်တော့်ထိုင်ခုံအရောက်တွင် အမျိုးသမီးတစ်ယောက်က ထိုင်နေသည်။

“ဒီထိုင်ခုံက ကျွန်တော့်ထိုင်ခုံ”

“ဟုတ်ပါတယ် … ဟိုဘက်မှာ ယောက်ျားဖြစ်နေလို့ အဲဒါ ခုံချင်းလဲပြီး ထိုင်ပေးပါလား”

“ဪ … ရပါတယ်”

ကျွန်တော်က တစ်ဖက်သို့လှည့်လိုက်ရာ လူကြီးတစ်ယောက် ထိုင်နေသည်။ သူက ကျွန်တော့်ကို ပြုံးပြသည်။ ကျွန်တော်က ကွန်ပျူတာ လက်ဆွဲအိတ်လေးကို အပေါ်သို့မတင်တော့ ကျွန်တော့်ရှေ့တွင်ချလိုက်သည်။

“နေသာသလို နေပါ” ဟု သူက ကျွန်တော့်ကို ပြောသည်။

ညဘက်ဖြင့်သဖြင့် အားလုံးလိုလို အိပ်ပြီး လိုက်ပါလာကြသည်။ ကျွန်တော်လည်း တက်ဘလက်ထုတ်ပြီး စာဖတ်လာသေးသည်။ ဘေးမှ ဦးလေးကြီးကလည်း စောင်ကို ခေါင်းမြီးခြုံကာ အိပ်နေပြီ။ တစ်နာရီ အကြာလောက်အထိ ကျွန်တော်စာဖတ်နိုင်သေးသည်။ ထို့နောက် ပေါင်ပေါ်တွင် တက်ဘလက်ကိုချကာ အိပ်ပျော်သွားသည်။

မှေးခနဲဖြစ်နေချိန်တွင်.. “ခရီးသည်များရှင် မကြာမီ အနားယူစခန်းကို ရောက်ပါတော့မယ်ရှင် … နာရီဝက် ရပ်နားပေးပါ့မယ်ရှင်။ အရေးကြီးသည့် စာရွက်စာတမ်းများ၊ အိတ်များ မိမိနှင့်အတူ ယူဆောင်ပေးသွားပါရန် မေတ္တာရပ်ခံပါတယ်ရှင်” ဟု သတိပေးသံကြားလိုက်ရသည်။

ထိုစဉ်

“ဟာ … လုပ်ကြပါဦး … ကျွန်မ ဆွဲကြိုး မရှိတော့ဘူး”

တစ်ကားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

“ဟာ … ဒါဆိုရင် ကားကို စခန်းမှာ ရပ်လို့ မဖြစ်တော့ဘူး … ရဲစခန်းကိုမောင်း”

တာဝန်ကျ ဧည့်ကြိုကောင်မလေးနှင့် ယာဉ်အကူတို့က ခုံများအောက်ကို လိုက်ရှာပေးသည်။ စခန်းတွင် ကားကို မရပ်တော့ဘဲ မြို့ထဲအထိ မောင်းလာကာ ရဲစခန်းထဲကသို့ ဝင်လိုက်သည်။

တာဝန်ရှိသူတစ်ဦးက “ခရီးသည်များခင်ဗျား ဘာမျှ မယူဘဲ တစ်ယောက်ချင်း ဆင်းလာကြပါခင်ဗျား”

ဆင်းလာသော ခရီးသည်များကို ယောက်ျားသပ်သပ်၊ မိန်းမသပ်သပ် ရှာဖွေကြသည်။ ထို့နောက် ကားပေါ်သို့ တာဝန်ရှိသူများကလည်း တက်ရှာကြသည်။ အိပ်များကို ဖွင့်ရှာရန်အတွက် ပိုင်ရှင်တစ်ဦးချင်းကိုလည်းခေါ်ကာ ကားပေါ်တွင်ပင် စစ်ဆေးကြသည်။

စခန်းတွင်ပင် အချိန်အတော်ကြာသွားသည်။

“အစ်မကြီး အိမ်ကရော ဆွဲလာလို့လားခင်ဗျာ”

“ပါလာပါတယ် … ကျွန်မဘယ်တော့မှ မချွတ်ပါဘူး … မင်္ဂလာဦးပစ္စည်းမို့လို့ နှမြောတာပါ”

နောက်ဆုံး ကျွန်တော်တို့ကားပြန်ထွက်လာခဲ့သည်။ အနားယူစခန်းသို့ ပြန်မသွားတော့ပါ။ အပေါ့အပါး သွားလို သူတွေက ရဲစခန်းမှာပင် ကိစ္စပြီးလိုက်ကြသဖြင့် ကားကို ဆက်ထွက်လာခဲ့ကြသည်။

နံနက် ၇ နာရီခန့်တွင် ကျွန်တော်တို့ ဂိတ်ဆုံးသို့ရောက်လာခဲ့ပါသည်။ ကားပေါ်မှ ဧည့်ကြိုကလေးမလေး ကလည်း ဆွဲကြိုးပျောက်သွားသည့် အမျိုးသမီးကြီးကို တောင်းပန်နေရှာသည်။

“ရပါတယ် သမီးရယ် … အန်တီ့ကြောင့် ကားကကြာသွားတာပဲ အားနာလိုက်တာ”

ကျွန်တော်က ကားပေါ်မှဆင်းလိုက်ပြီး တန်ဆာနေရာတွင် အပ်ထားသော အိတ်ကိုရွေးလိုက်သည်။ ကျွန်တော့်ဘေးကို တစ်ယောက်က ရောက်လာပြီး

“ဆရာကြီးက မြို့ထဲကို လမ်းကြုံတယ် လိုက်ခဲ့ပါလားလို့ ပြောခိုင်းလိုက်ပါတယ်ခင်ဗျာ”

“ဘယ်သူလဲ”

“ဟိုမှာပါခင်ဗျာ”

ကားအဖြူလေးပေါ်မှ လက်ပြနေသူမှာ ကျွန်တော့်ဘေးတွင် ထိုင်ခဲ့သော ဦးလေးကြီးဖြစ်သည်။ ကျွန်တော်က သူ့ထံသို့သွားကာ “ရပါတယ်ခင်ဗျာ … ကျွန်တော့်ကို ကြိုမယ့်ကားလည်း ရောက်လာပါလိမ့်မယ်”

“ဪ … ဟုတ်လား … ဒါဆိုလည်း သွားဦးမယ် … ခင်ဗျားကို တစ်ခုပြောချင်လို့”

“ဘာများလဲခင်ဗျာ”

“ညက ခင်ဗျားနဲ့ ထိုင်ခုံချင်း လဲထိုင်တဲ့ မိန်းမကို သိလား”

“မသိဘူးခင်ဗျ”

“အဲဒီ မိန်းမက ခင်ဗျား လက်ဆွဲအိတ်ထဲကို တစ်ခုခု ထည့်လိုက်ပြီး ပြန်အိပ်နေတာ”

“ဟင် … ဟုတ်ရဲ့လား”

“အင်း ကျုပ်လည်း ဘာလဲလို့ အသာလေး ထုတ်ကြည့်မိတယ်”

“ဘာလဲခင်ဗျာ”

“ဆွဲကြိုးပေါ့”

“ဟင် ဒါဆိုရင် စခန်းမှာ တက်ရှာတော့ ဘာဖြစ်လို့ မတွေ့သွားတာလဲ”

“ဘယ်တွေ့မလဲ … ကျုပ်က လွှင့်ပစ်ခဲ့တာ”

“ဟာ … ဘာဖြစ်လို့များလဲ”

“တကယ်လို့ ကျုပ်သာ အဲဒီဆွဲကြိုးကို လွှင့်မပစ်ခဲ့ဘူးဆိုရင် ခင်ဗျား စခန်းမှာ ရှင်းနေရပြီ”

“ရှင်းရပါစေဗျာ … ရှင်းမှာပေါ့ … တစ်ဖက်လူဆွဲကြိုးက နှမြောစရာ … သူက တန်ဖိုးထားတာတဲ့”

“လူ့သိက္ခာလောက် ဘာမှ တန်ဖိုးမရှိဘူး။ ဆွဲကြိုးကို တွေ့လိုက်တာနဲ့ ခင်ဗျားကလည်း မဟုတ်ကြောင်း ပြောမယ် … တစ်ဖက်ကလည်း ယုံချင်ယုံမယ် … ဒါပေမဲ့ ခင်ဗျား ရှင်းရတော့မယ် … အနည်းဆုံးတော့ ယုန်ထင် ကြောင်ထင် ဖြစ်သွားမယ်။ ခင်ဗျား အလုပ်အကိုင်ကြောင့် နောက်ဆုံး အရေးယူချင်မှ ယူမယ် … ဒါပေမဲ့ ကိုယ့်ပြဿနာ မဟုတ်တာကို ခင်ဗျား ရှင်းနေရမှာက မတန်ဘူး … အဲဒါကြောင့် ကျွန်တော် အကောင်းဆုံး စီစဉ်ပေးလိုက်တာ”

“ကောင်းပါတယ်ဗျာ … အလွန်ကောင်းတဲ့ စီရင်ချက်ပါ … ကျေးဇူးလည်း အထူးတင်ပါတယ်ဗျာ”

“ကဲသွားပြီ”

“ဟုတ်ကဲ့ပါခင်ဗျာ”

သူဘယ်သူမှန်းမသိ။ ဘယ်သူဟုလည်း မမေးမိ။ မေးစရာလည်းမလိုဟုထင်သည်။

ကျွန်တော့်ဘဝတွင် ပစ္စည်းထက် လူ့သိက္ခာကို တန်ဖိုးပိုထားသူတစ်ဦးအား မထင်မှတ်စွာဖြင့် တွေ့ဆုံခဲ့ရဖူး သည်မှာ မမေ့နိုင်စရာ။

တင်ညွန့် (၂၇.၁၁.၂၀၂၀)

Leave a Comment

You cannot copy content of this page