International News

ကိုဗစ်ရောဂါ ဖြစ်ပွားသူအချို့တွင် လွဲမှားသော ကိုယ်ခံစွမ်းအား တုံ့ပြန်မှုတွေ့၊ ရောဂါ ပိုမိုပြင်းထန်စေနိုင်

ကိုဗစ်ရောဂါ ဖြစ်ပွားပြီး အသက်ရှင်ကျန်ရစ်သူအချို့တွင် ဗိုင်းရပ်စ် မဟုတ်ဘဲ မိမိကိုယ်ခန္ဓာကို ပြန်လည်တိုက်ခိုက်သော ပဋိပစ္စည်းများ ပါရှိနေကြောင်း တွေ့ရှိ။ လွဲမှားသော ကိုယ်ခံစွမ်းအားတုံ့ပြန်မှုသည် ပြင်းထန်ကိုရိုနာဗိုင်းရပ်စ် ရောဂါအား ပိုမိုဆိုးရွားစေနိုင်။

ယခုနောက်ဆုံး လေ့လာမှုအသစ်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး အသက်ရှင်ကျန်သူအချို့၏ ကိုယ်ခံစွမ်းအားစနစ်သည် ခန္ဓာကိုယ်တွင် ပြောင်းလဲသွားပြီး Lupus ခေါ် ကိုယ်ခံအားယိုယွင်းမှုနှင့်ဆိုင်သော တွယ်ဆက်တစ်ရှုးရောဂါတစ်မျိုးနှင့် Rheumatoid arthritis ခေါ် အဆစ်ရောင် သွေးလေးဖက်နာကဲ့သို့ စိုးရိမ်ဖွယ် အားအင်ကုန်ခမ်းသည့် ရောဂါလက္ခဏာများအဖြစ် ပြသသည်ကို တွေ့ရှိရသည်ဟု The New York Times က ယမန်နေ့က ရေးသားသည်။

တစ်ချိန်ချိန်တွင် အဆိုပါလူနာများ၏ ကိုယ်ခန္ဓာအတွင်းရှိ ရောဂါကာကွယ်ရေးစနစ်သည် ဗိုင်းရပ်စ်ထက် မိမိကိုယ်မိမိ တိုက်ခိုက်သည့်အဖြစ်သို့ ပြောင်းလဲသွားသည်ဟု လေ့လာမှုက ဖော်ပြသည်။ လူနာများသည် ဗိုင်းရပ်စ်ပိုးမှမဟုတ်ဘဲ “autoantibodies” ခေါ် မိမိခန္ဓာကိုယ်မှ ပစ္စည်းများကို ပြန်လည်ဖျက်ဆီးနိုင်သည့် ပဋိပစ္စည်းများဖြစ်လာကြပြီး လူ့ဆဲလ်များမှ မျိုးရိုးဗီဇဆိုင်ရာပစ္စည်းများကို ပစ်မှတ်ထားကြောင်း တွေ့ရှိရသည်ဆို၏။

ထိုသို့ လွဲမှားသောကိုယ်ခံစွမ်းအားတုံ့ပြန်မှုသည် ပြင်းထန် ကိုဗစ် ရောဂါအား ပိုမိုဆိုးရွားစေနိုင်သည်။ ဤနည်းဖြင့် ကနဦး ဖျားနာမှု ပျောက်ကင်းသွား၍ ခန္ဓာကိုယ်တွင် ဗိုင်းရပ်စ်ပိုးကင်းရှင်းသွားပြီးနောက် လပေါင်းများစွာကြာအောင် နာတာရှည်ဖြစ်နေရခြင်းပြဿနာကို ရှင်းပြနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ယခုတွေ့ရှိချက်များအရ ကုသမှုအတွက်အရေးကြီးသော အကျိုးသက်ရောက်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ autoantibodies များကို စစ်ဆေးခြင်းဖြင့် အဆစ်ရောင် သွေးလေးဖက်နာနှင့် တွယ်ဆက်တစ်ရှုး ရောဂါကုသရမည့် လူနာများအား ခွဲခြားသတ်မှတ်နိုင်မည်။ ဤအတွက် ကုသမှု မရှိသေးသော်လည်း အချို့သော ကုသမှုများတွင် ရောဂါပြင်းထန်မှုနှင့် ကြိမ်ရေကို လျော့နည်းစေလိမ့်မည်ဖြစ်ကြောင်း အတ္တလန်တာရှိ အမ်မိုရီ တက္ကသိုလ်မှ ခန္ဓာကိုယ်ခုခံစွမ်းအားဗေဒပညာပါမောက္ခ မက်သရူးဝုဒ်ဒဖ်က ရှင်းပြသည်။

သောကြာနေ့တွင် ယခုတွေ့ရှိချက်ကို MedRxiv ၏ Preprint server ၌ သတင်းအဖြစ် ဖော်ပြပြီး သိပ္ပံဂျာနယ်များတွင် ဖော်ပြခြင်း မရှိသေးချေ။ သို့သော် အခြားကျွမ်းကျင်သူများကမူ မိမိခန္ဓာကိုယ်မှ ပစ္စည်းများကို ပြန်လည်ဖျက်ဆီးနိုင်သည့် ပဋိပစ္စည်းများနှင့်ပတ်သက်၍ အခြားဗိုင်းရပ်စ်များကြောင့်သာဖြစ်ပြီး သုတေသနပညာရှင်များ၏ ယခုတွေ့ရှိချက်မှာ အများမျှော်လင့်မထားသည့် အကြောင်းအရာဖြစ်ကြောင်း ပြောဆိုသည်။

လပေါင်းများစွာကြာမြင့်သည့် ယခုသုတေသနအရ ကိုရိုနာဗိုင်းရပ်စ်၏ ဂမူးရှူးထိုးတိုက်ခိုက်မှုကြောင့် လူအချို့တွင် ကိုယ်ခံအားစနစ်ကိုပျက်စီးစေနိုင်ပုံ၊ နောက်ဆုံးတွင် ရောဂါဗိုင်းရပ်စ်ပိုးများထက် ပိုမို၍ မိမိခန္ဓာကိုယ်ကို ပြန်လည်ပျက်စီးစေနိုင်ပုံတို့ကို ရှင်းလင်းစွာ သိရှိရသည်။

ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ရောဂါစွဲကပ်ခြင်းခံရသော လူ့ဆဲလ်များကို သေစေနိုင်သည်။ တစ်ခါတစ်ရံ အထူးသဖြင့် ပြင်းထန်သောကူးစက်ရောဂါများကြောင့် ဆဲလ်များမှာ ရုတ်ချည်းသေဆုံးသွားကြသည်။ ထိုအခါ ပုံမှန်အားဖြင့် နျူကလိယအတွင်းပိုင်း၌ အစုအဝေးအဖြစ် တည်ရှိနေသည့် ဒီအင်အေတွင် ဗိုင်းရပ်စ်မှာ လျှင်မြန်စွာ ပျံ့နှံ့သွားကြောင်း တွေ့မြင်ရသည်ဟု သတင်း၌ အသေးစိတ် ဆက်လက်ဖော်ပြသည်။

( Remdesivir ရမ်ဒက်ဆီဗာကို Covid-19 ရောဂါ ကုသဆေးအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ယခုတိုင် ထောက်ခံခြင်း မရှိသေးပါ။ အိန္ဒိယကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈-သန်းနီးပါးရှိပြီး လူ ၁-သိန်း ၂-သောင်းကျော် သေဆုံးခဲ့ပြီးဖြစ်သော နိုင်ငံကလည်း ရမ်ဒက်ဆီဗာမှာ Covid-19 ကုသရာတွင် ထိရောက်ခြင်း မရှိဟု ဆိုနေသည်။ သို့သော် အမေရိကန်ကဲ့သို့ ဆေးပညာရှေ့ပြေးနိုင်ငံ၏ FDA က ကုဆေးအဖြစ်အသိအမှတ် ပြုသည်။ ကမ္ဘာအရပ်ရပ်အခြားသောနိုင်ငံများတွင်လည်း လက်တွေ့ကုထုံးအဖြစ် ဂီလိယက်ကုမ္ပဏီထုတ် ရမ်ဒက်ဆီဗာကို အသုံးပြုလျှက်ရှိကြောင်း တွေ့ရှိရပါသည်။

အလားတူပင် ငှက်ဖျားဖြတ်ဆေးအဖြစ်လူသိများသည့် စတီးရွိုက်ပစ္စည်းဖြစ်သော Dexamethasone ဒက်ဆာမီသာဆုမ်းသည် ကိုရိုနာဗိုင်းရပ်ရောဂါတွင် ရုတ်ချည်းကိုယ်ခံအား မြင့်တက်လာခြင်းကို ထိန်းညှိကုသရန် အသုံးပြုသည်ဟု ဆိုကြပြီး ဆေးတုန့်ပြန်မှုကြောင့် အသက်ဆုံးရှုံးသည့်သတင်းများလည်း တွေ့ရပါသည်။

ပရိုတင်းခြုံလွှာဖြင့် လှည့်စားနိုင်သော ရောဂါဗိုင်းရပ်စ်ပိုးတို့သည် လူ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်၍ ကိုယ်ခံစွမ်းအားကို ဖျက်ဆီးခြင်းဖြင့် ရောဂါစွဲကပ်ကြရသည်။ လူ့ခန္ဓာကိုယ်တွင်း ခုခံအားစံနစ်မှာ လေ့ကျင့်သားနှင့် စစ်ရည်ဝနေသည့် စစ်တပ်ကြီး တစ်ခုထက်ပင် အကွက်စေ့ စွမ်းရည်ထက်မြက်သည်။ လူတစ်ဦးနှင့်တစ်ဦး ကိုယ်ခံအားမှာလည်း မတူနိုင်ပါ။ ထို့ကြောင့် မည်သည့်လူနာမှာ မည်သည့်ဝေဒနာလက္ခဏာပြသနေလျှင် မည့်သည့်ဆေးဝါး မည်သည့်ကုထုံးနှင့် ကုစားနိုင်ကြောင်း ကျွမ်းကျင်သည့် ဆေးပညာရှင်များကသာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

ဆေးရုံတစ်ရုံကို ရက်သတ္တပတ်နှင့် တည်ဆောက်နိုင်သော်လည်း ထိုသို့ ဆေးပညာရှင်တစ်ဦးဖြစ်လာရန် အနည်းဆုံး ၁၀-နှစ်မက မွေးမြူယူရမည်ဖြစ်ပါသည်။ ။ သတင်းဘာသာပြန်သူ )

Htay Oung (Oung Marine)

Leave a Comment

You cannot copy content of this page