News

အိမ်နီးချင်းကောင်း ပီသတဲ့ အိန္ဒိယ နှင့် မြန်မာနိုင်ငံအတွက် မင်္ဂလာရှိတဲ့နေ့ တနေ့

အိမ်နီးချင်းကောင်း ပီသတဲ့ အိန္ဒိယ နှင့် မြန်မာနိုင်ငံအတွက် မင်္ဂလာရှိတဲ့နေ့ တနေ့..

ဒီနေ့ ဇန်နဝါရီ ၂၂၊ ၂၀၂၁ ဟာ မြန်မာနိုင်ငံအတွက် မင်္ဂလာရှိတဲ့နေ့ပါ။ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ပေးပို့လှုဒါန်းတဲ့ “Covishield” ကာကွယ်ဆေး ၁.၅ သန်း (လူ ၇ သိန်း ၅ သောင်းစာ) ဟာ မြန်မာနိုင်ငံကို နေ့လည် ၂ နာရီလောက်မှာ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

Covishield ကိုဗစ်ကာကွယ်ဆေး ဟာ ဆိုရင် Oxford University and AstraZeneca ကနေ စမ်းသပ်ထုတ်ဖော်ပြီး အိန္ဒိယရဲ့ ကမ္ဘာ့အကြီးဆုံးကာကွယ်ဆေးထုတ်လုပ်သူ The Serum Institute ကနေ ထုတ်လုပ်တဲ့ “Make in India” (သူတို့ရေးသလို) ဆေး ဖြစ်ပါတယ်။ အအေးချိန် 2~8 C ပဲ လိုတဲ့အတွက် မြန်မာ ရာသီဥတုနဲ့ လုံးဝ ကိုက်ညီ အဆင်ပြေပါတယ်။

လက်ရှိ ပထမဦးစားပေး ကျန်းမာရေးဝန်ထမ်း ၁ သိန်း ၂ သောင်းခန့် ကို ထိုးပေးနိုင်မယ် ဆိုတာနဲ့တင် အရမ်းဝမ်းသာရပါတယ်။ ရှေ့တန်းက သူရဲကောင်းတွေ အန္တရာယ်ကင်းကင်း တာဝန်ထမ်းဆောင်နိုင်မယ်၊ ပြီးရင် အုပ်ချုပ်ရေး ယန္တရားက တာဝန်ရှိသူတွေ ထိုးမယ်၊ ဒါဆို နိုင်ငံရဲ့ ကျန်းမာရေး၊ အုပ်ချုပ်ရေး စနစ် မပြိုလဲနိုင်တော့ဘူးဆိုတဲ့ အသိနဲ့တင် စိတ် လုံခြုံရပါတယ်။ သက်ကြီးရွယ်အိုတွေ ထိုးပြီးရင် သေဆုံးမှုနှုန်းကလည်း ကျသွားမှာ ဖြစ်ပါတယ်။

အရမ်းဂုဏ်ယူစရာကောင်းတာက မြန်မာနိုင်ငံဟာ အာဆီယံမှာ တတိယမြောက် ကာကွယ်ဆေး ရရှိထိုးနှံနိုင်တဲ့ နိုင်ငံဖြစ်နေတာပါ။ စင်္ကာပူ၊ အင်ဒို ပြီးရင် တတိယဖြစ်တဲ့ မြန်မာနိုင်ငံဟာ ၂၀၂၁ ဖေဖော်ဝါရီမှာ လူ ၁၅ သန်းစာ ~ ကာကွယ်ဆေး သန်း ၃၀ ရရှိမှာ ဖြစ်ပါတယ်။ လူ ၁၅ သန်းစာ ထိုးပြီးရင် Crowd Immunity ဟာ အများကြီး ရသွားမှာပါ။ Mask တပ်၊ လက်ဆေးရင်း လုပ်ငန်းအကုန် ပြန်စလို့ ရတော့မှာပါ။

ဒါဟာ မြန်မာနိုင်ငံမှာ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့၊ ကမ္ဘာကအသိအမှတ်ပြုတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ကောင်း ရှိခြင်းရဲ့အကျိုးကျေးဇူး ပါပဲ။ “Neighbourhood First”, “Act East” အစရှိတဲ့ အရှေ့မျှော် အိမ်နီးခြင်းသာ ပထမ မူဝါဒ ထားရှိပြီး ကူညီပေးတဲ့ အိန္ဒိယလို အိမ်နီးချင်းကောင်း ရှိခြင်းအတွက် India ကိုလည်း ကျေးဇူးတင်ကြရမှာ ဖြစ်ပါတယ်။

လောလောဆယ်တော့ မြန်မာဟာ အိန္ဒိယကို ဆေးဖိုး US$75 million ပေးချေဖို့ ပြင်ထားပြီးပါပြီ။ ဒါဟာ ကာကွယ်ဆေး သန်း ၃၀ ရဲ့ တစ်ဝက်ဖိုးပဲ ရှိပါသေးတယ်။ အစိုးရဟာ US, UK, Russia, China တို့ဆီကနေလည်း ကာကွယ်ဆေးတွေ ရရှိဖို့ ကြိုးစားနေပါသေးတယ်။

ကျွန်တော်တို့လည်း နိုင်ငံကို ကိုယ့်တစ်နိုင်စာ တတ်စွမ်းသမျှ နည်းများမဆို လှုကြ၊ ကူကြ ရင် ကိုဗစ်ကို အမြန်ဆုံးတွန်းလှန်နိုင်ပြီး နိုင်ငံစီးပွားရေး အကောင်းဆုံး ပြန်နိုးထ နိုင်မှာ သေချာပါတယ်။ Acid သီချင်းလိုပါပဲ၊ အားလုံး စုစည်း နေရင် ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့ ကျော်လွှားနိုင်တော့မှာပါ။ မြန်မာနိုင်ငံအတွက် တကယ် မင်္ဂလာရှိသောနေ့ပါပဲ ခင်ဗျာ..။ (Aung Ko Ko)

Leave a Comment

You cannot copy content of this page