Knowledge

မနက်ခင်း နေရောင်ခြည်ရဖို့၊ ကျန်းမာဖို့ဆိုပြီး လမ်းထွက်လျှောက်ခြင်းရဲ့ ဆိုးကျိုးများ

လူတွေသိကြတာက မနက်ခင်းနေရောင်ခြည်က ဗီတာမင် D ကိုရတယ်၊ ကျန်းမာရေးအတွက် ကောင်းတယ်၊ လမ်းထလျှောက်သင့်တယ်ပေါ့။ သို့သော်လည်း မနက်ခင်းနေရောင်ခြည်ကနေ ဗီတာမင် D ကို ရရှိတာမဟုတ်ပါဘူး။ မနက်ခင်း နေရောင်ခြည်က ဗီတာမင် D ထုတ်လုပ်နိုင်ဖို့အတွက် ကူညီ‌ပေးတဲ့ ဓါတ်ကူပစ္စည်းသဘော သာသာပါပဲ။ နေရောင်ခြည်က အရေပြားကိုထိတွေ့ရင် အရေပြားအောက်မှာရှိနေတဲ့ ကိုလက်စထရော (Cholesterol = သွေးတွင်းအဆီဓါတ်) ဟာ ဗီတာမင် D ထုတ်ဖို့အတွက် လုပ်ငန်းစလုပ်ပါတယ်။ ကိုလက်စ ထရောဆိုတာကလည်း ခန္ဓာကိုယ်ထဲမှာရှိနေသင့်သလောက်လိုအပ်ပေမယ့် များလာရင် အဆိပ်အတောက် ဖြစ်စေပါတယ်။

ဆိုတော့ လူတွေအသိများကြတဲ့ မနက်ခင်းနေရောင်ရဖို့ လမ်းထွက်လျှောက်ကြတာရဲ့ ဆိုးကျိုးကို ပြောပြချင်ပါတယ်။ လမ်းလျှောက်ချင်ကြတာရဲ့ အဓိကအကြောင်းရင်းက ကျန်းမာရေးကောင်းလို့ပေါ့။ ဒါပေမယ့် ဝိတ်ကျချင်လို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ လမ်းလျှောက်တယ်ဆိုရင်တော့ မှားနေပြီလို့ပဲဆိုရမှာပါ။ ဝိတ်ကျချင်တယ်ဆိုတာကလည်း အဆီပိုကျချင်လို့ ပြောနိုင်ပေမယ့် လမ်းလျှောက်ရတဲ့အခါ သုံးရတဲ့ ကြွက်သားများဟာ ခြေသလုံးကြွက်သားနဲ့ ပေါင်ကကြွက်သားများသာ အများစုဖြစ်ပါတယ်။ ဒါမို့ ဝိတ်ကျချင် တယ်ဆိုရင် မနက်ခင်းထလမ်းလျှောက်တာထက် ပိုပြီးအကျိုးရှိတဲ့လေ့ကျင့်ခန်းများကိုသာ လုပ်ဖို့လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း အစားအစာကို သင့်တင့်မျှတစွာ စားသုံးပြီး နေထိုင်မှုပုံစံမှန်ကန်ရင် ဝနေတဲ့သုအတွက်ဆို ဝိတ်ကမကျဘဲမနေပါဘူး၊ ကျကိုကျပါတယ်။

ပြီးတော့ မနက်ခင်းနေရောင်ခြည်ကိစ္စပါ။ ပုံမှန်အားဖြင့်တော့ အသားဖြူရင် ၁၅ မိနစ်လောက် နေရောင်ခံရင် ရပါပြီ။ အသားပိုညိုသူများအတွက်တော့ ၁ နာရီလောက်ဆိုရပါတယ်။ ဒါပေမယ့် အမြဲတမ်းသတိပြုရမယ့် အချက်က နေရောင်ကြာကြာခံရင် အရေပြားရဲ့အိုမင်းရင့်ရော်မှုကို ပိုမြန်စေတယ်ဆိုတဲ့အချက်ပါ။ အခုဆက်လက်ပြောပြမှာက မနက်ပိုင်းလမ်းလျှောက်ခြင်းရဲ့ ဆိုးကျိုးတချို့ကိုပါ။

(၁) အစားစားချင်စိတ်ပြဿနာ

ပထမဆုံးကတော့ အစားအသောက်ပြဿနာပါ။ မနက်လမ်းထလျှောက်ရင် တော်တော်များများက ဘာမှမစားဘဲ ထလျှောက်ကြတာများပါတယ်။ အဲဒီအခါကျခန္ဓာကိုယ်က ကိုယ်တွင်းမှာ သိမ်းဆည်းထားတဲ့ စွမ်းအင်ကို ထုတ်ယူသုံးစွဲရပြီး လူဟာ လေထိုးလေအောင့်၊ ဗိုက်ဆာနေတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအခါ ကျရင် သာမန်မနက်စာစားတဲ့ ပမာဏထက်ကို ပိုမိုစားသုံးမိတာ ဖြစ်သွားပြီး အစားစားတဲ့ပုံစံနဲ့ အစားစားချင်စိတ်ကို ဆိုးကျိုးသက်ရောက်တာမျိုးရှိနိုင်တာမို့ ဒီအချက်ကို သတိပြုသင့်ပါတယ်။

(၂) ကိုယ်လက်မအီမသာဖြစ်နိုင်မှု

သိတဲ့အတိုင်း မနက်လမ်းလျှောက်တာက တစ်နေလုံးစာအတွက်ဆို မောပန်းနိုင်ပါတယ်။ ကိုယ်ခန္ဓာက တစ်နေကုန်အလုပ်လုပ်ရဖို့ရှိတော့ အနားမယူဘဲ လမ်းလျှောက်မယ်ဆို တစ်နေကုန်နုန်းချိနေပြီး စိတ်ခံစားမှု အခြေအနေကိုလည်း အဆိုးဘက်ကနေ သက်ရောက်စေပါတယ်။ ၈ နာရီ အိပ်ရေးဝဝအိပ်ပြီး သက်တောင့် သက်သာဖြစ်တဲ့ မနက်ခင်းကိုရထားပါမှ ‌နေ့ရက်ကောင်းတစ်ခုကို ရရှိနိုင်ဖို့ အခွင့်ပိုသာပါမယ်။

(၃) သွေးဖိအားပြဿနာ

တချို့လူတွေ၊ အထူးသဖြင့် သက်ကြီးပိုင်းတချို့မှာ ဒီပြဿနာကိုကြုံရတတ်ပါတယ်။ ဘာမှမစားဘဲနဲ့ မနက်လမ်းထလျှောက်မယ်ဆိုရင် သွေးတွင်းသကြားဓါတ်က လျော့နည်းနေနိုင်ပြီး၊ သွေးဖိအားနဲ့ နှလုံးခုန် နှုန်းကို ပြဿနာတက်စေနိုင်ပါတယ်။ ဒါကြောင့်မို့ သက်ကြီးပိုင်းအဖို့ဆိုရင် ၁၀ မိနစ်လောက်ပဲ လမ်းလျှောက် တာမျိုးကို လုပ်သင့်ပြီး။ အဲဒီလိုမလျှောက်ခင်မှာကျ မနက်စာကို သေချာစားထားသင့်ပါတယ်။

(၄) ကြွက်သားနာကျင်မှုနှင့် ဒဏ်ရာပြဿနာ

မနက်ပိုင်းလမ်းလျှောက်တာကို ပြင်းပြင်ထန်ထန်လုပ်ရင် ဒဏ်ရာရနိုင်တဲ့ အခြေအနေရှိပါတယ်။ နိုးတာနဲ့ ခြေထောက်က နာကျင်နေတာကို စခံစားရနိုင်ပါတယ်။ ဒါကမနက်ပိုင်း လျှောက်မှမဟုတ်ဘူး၊ လမ်းလျှောက်ရများရင် အိပ်ရာနိုးချိန်မှာ အဲဒီလိုခံစားရတတ်ပါတယ်။ အဲဒါအပြင် ဒူးနာတာ၊ ကျောနာတာ၊ ပုခုံးနာတာတွေကို လည်း ကြုံရနိုင်ပါတယ်။

ဒီတော့ ဒီလိုအချက်တွေကိုသိရှိထားပြီး ဆောင်းတွင်း မနက်လမ်းလျှောက်မယ်ဆိုရင် မနက်စာကို အရင်စားပါ၊ ပြီးမှ ဖြည်းဖြည်းသက်သာ လျှောက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်တဲ့ဘဝဆိုတာ မဝေးနိုင်ပါ။ (ယုဝ)

Leave a Comment

You cannot copy content of this page