သေပြီထင်ပြီး သင်္ချိုင်းကုန်းမှာ မြေမြှုပ်ခံခဲ့ရသူ (ဖြစ်ရပ်မှန်)

” ငါမသေသေးဘူး ” (ဖြစ်ရပ်မှန်)

အေးစက်စက်ခံစားချက်တစ်ချို့ ……… ဖျာကြမ်းတစ်ချပ်က တစ်ကိုယ်လုံးကို ကျစ်ကျစ်ပါအောင် ထုပ်ပိုးထားရင်း ဖျာကြမ်းရဲ့အပေါ် .. စိုစွတ်နေတဲ့ မြေဆိုင်ခဲတွေက ကိုယ်တစ်ခုလုံးပေါ်မှာ ပိနေပြီး ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားရခတ်ခဲနေတဲ့အခြေအနေ ၊ ခြေထောက်ကို အသာအယာလှုပ်ကြည့်ပြန်တော့လည်း လှုပ်မရ… ၊ ခြေနှစ်ဖတ်လုံးရဲ့ ခြေမတွေကို ခြေမချင်းပူးတွဲပြီး ကြိုးတစ်ချောင်းက တင်းတင်းကြပ်ကြပ်နှောင်ထားတာကိုသိလိုက်ရတယ် ၊ တစ်ပြိုင်တည်းဆိုသလို မျက်နာပေါ်မှာလည်း ပြေးလွှားနေကြတဲ့ တွင်းအောင်းသတ္တဝါမျိုးနွယ်တစ်ချို့ကြောင့် ယားယံမှုကိုခံစားလိုက်ရတာမို့ လှမ်းကုပ်ဖို့အတွက် လက်ကို ဆန့်ထုတ်လိုက်ပြန်တော့လည်း လက်နှစ်ဖက်လုံး လှုပ်မရအောင် လက်မတွေကိုအချင်းချင်း ကြိုးတစ်ချောင်းနဲ့ ပူးတွဲချည်နှောင်ထားတာကိုသိလိုက်ရတယ် ၊

အကူအညီတစ်ချို့ရလိုရငြား အော်ဟစ်ဖို့ ပါးစပ်ဟလိုက်ပြန်တော့လည်း ပါးစပ်ထဲကနေ မတ်စေ့(အကြွေစေ့) လေး တစ်ပြားက လည်ချောင်းအတွင်းထဲကိုအရှိန်နဲ့လှိမ့်ဆင်းသွားတော့တယ် ၊ လည်ချောင်းပြွန်အဝအနား မတ်စေ့ရောက်ခါနီးမှအော်ဟစ်နေတာကို ချင်ချင်းရပ်လိုက်ရင်း ခေါင်းကို တစ်ခြမ်းစောင်းလိုက်ပြီး အကြွေစေ့ပြားကို ထွေးထုတ်ပစ်လိုက်ရတယ် ၊ ယာဘက်ခြေထောက်… ခြေဖမိုးအနားက သွေးပုတ်တွေအသားထဲကနေ ထိုးထွက်လာတဲ့အတွက် စပ်ဖျင်းဖျင်း ခံစားချက်တစ်ခုကို ရုတ်တစ်ရက်ဆိုသလိုခံစားလိုက်ရတော့ မှ ဝေဒနာရှင်က တစ်စုံတစ်ခုကို သတိရသွားပြီး … ၊ မျက်လုံးတွေပြူးကျယ်သွားရင်း အသည်းအသန် ရုန်းကန်လှုပ်ရှားလိုက်လို့ ဇောချွေးတွေပြန်လာတဲ့ကြားက ကယ်ပါ ယူပါအော်ဟစ်လိုက်တော့တယ်…. ၊

ရုန်းလေ ရုန်းလေခြေတွေလက်တွေကို ချည်နှောင်ထားတဲ့ ကြိုးတွေက တင်းလာလေပဲ… ၊ ဖျာကြမ်းအောက်ထဲကနေ ကိုယ်လုံးအား…. ဒူး ၊ တံတောင်အားတွေကိုအသုံးပြုပြီးအပေါ်ဘက် ၊ ဘေးနံရံတွေကို တအား တွန်းကန်ကြည့်လွန်းတော့အပေါ်က မြေသားတွေက ပိုပိုပြီး ပြိုကျလာလေလေဖြစ်… ၊ ကြောက်လန့်လာရင်း တဖြည်းဖြည်းအရှင်လတ်လတ်ကြီး သေရတော့မယ်ဆိုတဲ့ ခိုကိုးရာမဲ့ သောကတွေဝင်လာတဲ့ နောက်ဆုံး တောက်တစ်ချက်ပြင်းပြင်းကြီးခေါက်လိုက်ပြီး တင်းထားသမျှစိတ်တွေ လျော့ချလိုက်ရင်း…..အော်လည်းမအော်… ရုန်းလည်းမရုန်းနိုင်…အသက်ရှုမ၀ ၊ တစ်ချက်တစ်ချက်ရှိုက်သံတွေကိုတောင် မြေဆိုင်ခဲတွေရဲ့ သနားညှာတာမှုကို မရနိုင်ခဲ့တော့ပြီ……. ။ သုသာန်မြေမှာတော့အဖော်အသစ်တစ်ယောက်တိုးလာတာကို ကြိုဆိုတဲ့သဘောထားတွေနဲ့ ရယ်မောသံကြီးလိုလို လေအဝှေ့ သစ်ပင်ချင်း စကားပြောဟန်တွေက ခြောက်အက်အက်နဲ့ ။

မော်လမြိုင်အနီးအနားရှိ ရွာငယ်လေးတစ်ခု…. “ ဖိုးလုံး …နင်တို့ဘေးအိမ်က ကောင်လေးလေ.. ညီကျော်ဆိုလား..အဲ့ဒီကလေးကို မနေ့ကအားချင်း သဂြိုလ်လိုက်ကြတယ်ဆို ” အသက် ၂၀ကျော်အရွယ် ဖိုးလုံး ဆိုသူက မျက်နာလေး ညှိုးလို့… “ ဟုတ်တယ်ဗျ ညီကျော် သနားပါတယ်… သူပြန်သက်သာလာမယ်လို့ထင်ထားတာ… ၊အခုတော့ ညနေဘက်တွေမှာ သူရှိတုန်းက သူနဲ့အတူတူ ဘောလုံးကန်နေကျ…အခုတော့ ကျွန်တော်တစ်ယောက်တည်း ဒီကောင့်ကို တော်တော်လွမ်းမိတယ်… ”

ဖိုးလုံးစကားကို တစ်ဘက်ကအဒေါ်ကြီးတွေကလည်း “အေးကွယ်…အရွယ်ကောင်းလေးပါ…. ” “ ကောင်လေး သနားပါတယ် ” “ ညည်းတို့ကလည်း ကလေးကိုအိမ်မှာ ကျောပူအောင်တောင် မထားကြဘူး တန်းချလိုက်ကြတယ် ” “ ဒီမယ်အေးသွယ် ညည်းက တစ်ဘက်ရွာသူဆိုပေမယ့် တို့ရွာအကြောင်းမသိသေးတာလည်းမဟုတ်ဘူး… တို့ရွာမှာ ဝမ်းရောဂါတို့ ၊ ပုလိပ်ရောဂါ ၊ ကူးစပ်ရောဂါ ၊ ပိုးထိတာ… ဒါမှမဟုတ်အထိအခိုက်တစ်ခုခုနဲ့ ပဲဖြစ်ဖြစ် ၊ သမရိုးကျမဟုတ်ပဲ ဥပစ္ဆေဒကံတွေနဲ့ သေတဲ့ မသာတွေဆို ရွာမှာ ကျောပူအောင် ထားခွင့်မရှိတဲ့ ဓလေ့ရှိတယ်ဆိုတာ ညည်းမသိချင်ယောင်ဆောင်မနေနဲ့… ” “ တော်ကြပါတော့ နာရေးရှင်တွေ စိတ်ထိခိုက်အောင် ပြန်ပြန်မပြောကြပါနဲ့တော့ ကွယ်… ” တစ်ယောက်တစ်ပေါက် ပြောနေကြတဲ့ ညီကျော် ပိုးထိပြီး ဆုံးသွားတဲ့အကြောင်းလေးက တစ်ရွာလုံး နားရည်ကို ဝလို့…. ။

နွေရာသီရဲ့အပူဒဏ်ကို ဖိုးလုံးတို့ ရွာသားတွေလည်း အလူးအလဲ ခံစားနေကြရတယ် ၊ ညဘက်ဆို ပူအိုက်လွန်းလို့ ချွေးတစ်လုံးလုံးနဲ့ အိပ်ပျော်အောင် မနည်းကြိုးစားအိပ်နေကြရတဲ့အချိန်မဟုတ်လား ၊ ဖိုးလုံးတစ်ယောက်လည်းအိပ်ကမပျော် ၊ ရာသီဥတုကပူတော့ အိမ်အပြင်မှာ သစ်ရိပ်ဝါးရိပ်လေးအောက် ဖြတ်တိုက်လာတဲ့ လေညှင်းလေးတွေကများအေးချမ်းမှုရစေမလားလို့ တွေ့ရင်း အိမ်ရှေ့ ဝါးကွပ်ပျစ်လေးပေါ်မှာ တစ်ရေးတစ်မော အိပ်ပျော်ဖို့ကြိုးစားနေတုန်း ညည်းညူသံကြီးတစ်ချက်ကြားလိုက်ရတယ် ။

“ ဟင်း..ဟင်း..ဟင်း..ဟင်း..ဟင်း..ဟင်း.. ” ပတ်ဝန်းကျင်တစ်ခုလုံးအမှောင်အတိကျနေတဲ့ကြားက ရုတ်တရက် ခြံဝဘက်နားက ကြားလိုက်ရတဲ့ ညည်းသံကြီးကြောင့် ဖိုးလုံးတစ်ယောက် ခေါင်းနပမ်းကြီးသွားပြီး ခေါင်းရင်းက ငါးတောင့်ထိုး ဓါတ်မီးကို ဖွင့်လိုက်ရင်းအသံလာတဲ့နေရာဘက်ကို ထိုးပြီး လှမ်းမေးလိုက်တယ် … “ ဟေ့ ဘယ်သူလဲဟေ့ ဒီအချိန်ကြီး ” သူဓါတ်မီးထိုးလိုက်တဲ့နေရာမှာ မြင်ရတဲ့အရာက အဝတ်အစား ပေပေတေတေလူပုံစံဝိုးတဝါးလေး.. ၊ အဲ့ဒီလူက သူ့ခြေထောက်နားကဘယ်ကဘယ်လိုရောက်နေမှန်းမသိတဲ့ ဘောလုံးလေးကို ဖိုးလုံးအိပ်ဖို့ပြင်နေတဲ့ဘက်ကို အရောက်အောင်ဖြည်းဖြည်းလေး ကန်ပစ်လိုက်တယ် ၊ ဘောလုံးလေးက လိမ့်ရင်း လိမ့်ရင်း ဖိုးလုံးနားရောက်လာပြန်တော့ ဖိုးလုံးလည်း ဘောလုံးလေး လိမ့်လာတာကို ကြောင်ကြည့်နေတုန်း ဘောလုံးလေးသူ့ဆီအရောက် ဘောလုံးကို ကုန်းကောက်လိုက်ပြီး ပြန်အထ….

သူ့မျက်နာနားမှာမျက်နာချင်း ကပ်လျှက်အနေအထားနဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဘေးအိမ်က သူငယ်ချင်း ညီကျော် ရဲ့ ရုပ်ပျက်ဆင်းပျက် မျက်နာကြီးကို မြင်လိုက်ရတော့တယ် ၊ ညီကျော်မျက်နာ နဲ့ ဖိုးလုံးမျက်နာ ဘယ်လောက်နီးတယ်ဆိုရင် နှာခေါင်းထိပ်ချင်း ထိလုလုလေးဖြစ်နေလောက်အောင် နီးနီးကပ်ကပ်လေးဖြစ်နေကြတဲ့အနေအထား… ၊ ညီကျော်မျက်နာကြီးက လောက်ကောင်တွေ တစ်ရွရွနဲ့ မျက်နာတစ်ခုလုံးအညိုပုတ်ရောင်ဖြစ်နေပြီး မျက်လုံးတွေက မျက်ဆံ မဲမဲကြီးတွေမတွေ့ရတော့ပဲ မျက်လုံးနှစ်ခုလုံးက မျက်သားအဖြူထည်ကြီးအတိုင်းသား ၊ ပြီးတော့ ပလုံးပထွေး အသံဝါကြီးနဲ့ ညီကျော်က ပြောတယ်… “ ငါ..မ…ေ..သ…ေ..သ..း…ဘူး…. ” တဲ့ ဖိုးလုံးလည်း ကြောက်လွန်းလို့ တစ်ကိုယ်လုံးတုန်ယင်နေရင်းက ငယ်သံပါအောင် အော်ဟစ်လိုက်တော့တယ် “အား……. ”

“ ဟဲ့ ဖိုးလုံး ဘာဖြစ်တာလဲ… ဖိုးလုံး ” “ ဖိုးလုံး သတိထားဦးလေ.. ညဘက်ကြီးဘာဖြစ်တာလဲ ” အိမ်သားတွေအကုန်နိုးလာကြပြီးအကုန်လုံး ဖိုးလုံးကို နှာနှပ်ပေးကြရင်း ဘာဖြစ်တယ်ဆိုတာကို သေချာမေးကြည့်တော့ ဖိုးလုံးကတစ်ကိုယ်လုံး ချွေးတွေရွဲနေတဲ့ကြားက မျက်လုံးပြူးမျက်ဆံပြူးရင်း ကျောမလုံသလိုနဲ့ မိမ်ရှေ့အပေါက်ဝဆီကို တစ်ချက်လှမ်းကြည့်လိုက်ရင်း သူဘာတွေဖြစ်ခဲ့တယ်ဆိုတာကို အကြောင်းကုန်စင်ပြောပြလိုက်တော့ တစ်အိမ်လုံးလည်းအံ့သြသွားကြပြီး မအိပ်ရဲကြတော့ဘူး… ၊ ဖိုးလုံးပြောနေတာတွေကို မယုံတဲ့သူတစ်ယောက်ရှိသေးတယ် သူက…ဖိုးလုံးအဖေ…. “ မင်းအိပ်ချင်မူးတူးနဲ့ ကယောင်ကတမ်း ထအော်တာပါ ငါ့သားရာ… ဘာမှမရှိပါဘူးဟ ” ဒါကို ကိုယ်တွေ့ကြုံထားတဲ့ ဖိုးလုံးက မျက်ရည်တွေဝိုင်းနေရင်းက အကြောက်အကန်ငြင်းဆန်မိတယ် “ မဟုတ်သေးဘူးနော်အဖေ..သားကိုယ်တိုင်တွေ့ခဲ့တာ သားလုံးဝမလိမ်ဘူး…အဖေက ဘာကြောင့်သေချာပြောနိုင်ရတာလည်း သားအိပ်မက်ယောင်တာလုံးဝမဟုတ်ဘူး..အပြင်မှာတကယ်တွေ့လိုက်တာ ”

“ ဟေ့ကောင် ဖိုးလုံး…တော်တော့ ညဘက်ကြီး ပေါက်ကရတွေ လျှောက်ပြောနေတယ်… ဒီကောင်ကွာ…ဘယ်မလဲ မင်းပြောတဲ့ သရဲက မင်းဆီကန်လိုက်တဲ့ ဘောလုံး.. မင်းတကယ်ဖြစ်တာဆို အိမ်အပြင်မှာ ဘောလုံးရှိနေရမှာပေါ့…ဟော့အခုကြည့်စမ်း ဘောလုံးကအိမ်ထဲရောက်နေတယ် ဟောဟိုမှာ တွေ့လား ” ဖိုးလုံးအဖေအသံက ဒေါသသံနည်းနည်းပါလာသလိုပဲ အိမ်မှာအမျိုးသမီးတွေပါကြောက်ကုန်မှာစိုးလို့ သူ…. ရဲပြတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ…. ၊ ဖိုးလုံးကတော့အဖေဖြစ်သူ ညွှန်ပြတဲ့ နေရာကိုတစ်ချက်ကြည့်လိုက်တယ် ၊အိမ် ဧည့်ခန်းထောင့်လေးမှာ သူကန်နေကျ တစ်အိမ်လုံးမှာ တစ်ခုတည်းရှိတဲ့ ဘောလုံးလေ… သူ့ဆီ ညီကျော် ကန်ပေးလိုက်တဲ့ ဘောလုံးလေးဖြစ်နေတာကို အံ့သြသင့်စရာကောင်းလောက်အောင် မြင်လိုက်ရတယ်…

ဖိုးလုံးအတော်လေးအံ့ာသြသွားရင်း “ မ..မ..မ..မဟုတ်သေးဘူးနဲ့တူတယ်နော် ဒ..ဒ..ဒ.ဒီဘော်လုံးက ဒီနေရာမှာ ဘာလို့ရောက်..ရောက် ” ဖိုးလုံးက မကျေနပ်သေးတဲ့ပုံနဲ့ ဆက်ပြောလိုက်သေးတယ် “ မှားနေပြီနော်…သားသေချာတွေ့လိုက်တယ် ညီကျော်က သူ..မ..မ..မသေသေးဘူးလို့တောင် ပြောသွားသေးတယ် ” ဖိုးလုံးအဖေ ပေါက်ကွဲပြီလေ…. “ ကဲ ဒီကောင် စိတ်စွဲတာတွေများပြီးတော့အိပ်မက်တွေယောင် ပေါက်ကရတွေ ထအော်နေတာ မိန်းမရေ ညည်းသားကို ပရိတ်ရည်လေး တိုက်ပြီးအိမ်ထဲမှာပဲအိပ်ခိုင်းချေ ” “ မဟုတ်သေးဘူးနော်.. ညီကျော်က သူမသေသေးဘူးတဲ့….. ” “ ဒီမယ် ငါ့သား..သားသူငယ်ချင်းက လွန်ခဲ့တဲ့ရက်က ပိုးထိပြီး ဆုံးသွားလို့အိမ်မှာ ၃ရက်ထားပြီး အလောင်ကို ဖျာလိပ်နဲ့ ပတ်ပြီး မြေချလိုက်တာကို သားလည်းသိသားပဲ… ၊ ညဘက်ကြီး ပေါက်ကရတွေ မပြောနဲ့ ညီကျော်လည်း ကောင်းရာမွန်ရာရောက်နေလောက်ပါပြီကွယ်…. ” နားဝင်ချိုအောင်အေးအေးလူလူပြောတတ်တဲ့ အမေစကားကြောင့် ဖိုးလုံး သိပ်မကျေနပ်သေးပေမယ့် လက်ခံပြီးခေါင်းညိမ့်လိုက်ရင်းအိပ်ယာပြန်ဝင်ဖြစ်ခဲ့ပြန်တယ် ၊ ညလေးတစ်ညကတော့အနက်ရောင်ကြယ်မှုံတွေ မင်းမူလို့ ။

( ညီကျော်ဆုံးပြီး တစ်ပတ်အကြာ ) “ ချစ်ယောက်ဖကြီးထွန်းလွင်ရေ… ” “ ဝေ့ ဘာလဲကွ လင်းမြိုင် ..ဂေ့…. ” အရက်သမားနှစ်ယောက်အရက်သောက်ပြီးအပြန် အရှိန်ကောင်းကောင်းလေးနဲ့ တစ်ယောက်ပုခုံးပေါ်တစ်ယောက်လက်တင်ထားလို့ ခန္ဓာကိုယ် ဟန်ချက်ကိုအပြန်အလှန်ထိန်းထားကြရင်း ရွာအနောက်ဘက်က သချိ ုင်္င်းကုန်းဘက်လမ်းကနေ ရွာထဲကို လှောက်လာကြတယ် ၊ အချိန်က ညီအစ်ကိုမသိတစ်သိအချိန်…. “ ငါဒီနားမှာ ဝိတ်လျော့လိုက်ဦးမယ် ငထွန်း ” “ ဟေ့ယောင် ငလင်း မင်းသတိထားသွားဦး ဆိုင်ရာလည်းတောင်းပန်…ဒီနားက နည်းနည်းကြမ်းတယ်ဟ ဟိုနစ်နေ့ကမှ ကောင်လေးတစ်ယောက် လောလောလတ်လတ်ဆုံးလို့ အလောင်းချထားတာ မကြာသေးဘူး… ”

“ ဟင်…ဟုတ်လား ဆုံးသွားတယ်ပြောတော့ ပြန်မရွေးဘူးလား ” “ ဟေ့ယောင် ပေါက်ပေါက်ရှာရှာကွာ… ဒီက ကောင်လေးက ဆုံးသွားတယ်ဆိုတာ ရှောသွားတာကိုပြောတာ..ဂိသွားတာကွာ…. ဘဝကူးသွားတာ..ဂန့်သွားတာ..ဟား..ဟား.. မင်းပြောသလိုအပေါင်ဆုံးသလို ဆုံးတာမဟုတ်ဘူး.. ပြန်ရွေးလို့မရဘူးကွ…နားလည်လား… သောက်ပေါ ” “ ဒီမယ် ငထွန်း ငါက သရဲတွေ တစ္ဆေတွေ ကြောက်တတ်တဲ့ကောင် မဟုတ်ဘူး..ဟေ့ယောင် ငါက မူးဝေဝေလေး ရီဝေဝေလေးဖြစ်နေတာကို သဘောကျလို့အရက်သောက်တာကွ…ဒီ သရဲဆိုတဲ့ကောင်တွေကို ကြောက်လည်းမကြောက်ဘူး..စိတ်လည်းမဝင်စားဘူး.. လုံးဝပဲ…ဒီကောင်တွေ ငါ့ကိုလာခြောက်လို့ ငါအရက်မူးပြေသွားရင် ဒီကောင်တွေ ငါ့ကိုအရက်ဖိုးပြန်ပေးရလိမ့်မယ်….ငါပြန်ကိုတောင်းမှာ ဟား… ”

ရွာ သုသာန်ကြီးက သားကောင်ချောင်းနေတဲ့ မုဆိုးတစ်ကောင်လို ငြိမ်သက်နေရင်း တစ်ခါတစ်ခါအဝေးက ခွေးအူသံသဲ့သဲ့လေးကိုပဲကြားနေရတယ် ၊ ပြောရင်းဆိုရင်း လင်းမြုင်တစ်ယောက် ရွာပြန်နေကျအတိုင်း သူငယ်ချင်းကို ပုခုံးဖက်ပြီး လမ်းဆက်လျှောက်သွားခဲ့တယ် ၊ တစ်ဘက်က ထွန်းလွင်ဆိုတဲ့သူက စကားပြန်မပြော…. စကားမပြောတဲ့အပြင် ထွန်းလွင်ကို ဖက်ထားရတာလည်း ခံစားချက်တစ်မျိုးကြီးပဲ ထွန်းလွင် ကိုယ်လုံးကြီးက တစ်ခုလုံးအေးတိအေးစက်ကြီးနဲ့ ရေခဲတုံးကြီးကျနေတာပဲ… ဒါနဲ့ သင်္ကာမကင်းဖြစ်နေတုန်းမှာ လင်းမြိုင်ရဲ့အနောက်ကအသံတစ်သံထွက်လာတယ် “ ဟေ့ယောင် ယောက်ဖ…ငလင်း… မင်းကွာ..အမျိုးအရင်းတွေလို့မပြောရဘူး သစ္စာဖောက်တယ်ကြည့်စမ်း… ငါ့ကိုတောင်မစောင့်ဘူး သရဲမကြောက်ဘူးလည်းပြောသေး… ရွာကို ပြန်တာ လောလှချည်လား ” တဲ့လေ… ၊

လင်းမြိုင်လည်း ပုံမှန်ဆိုရင် ဒီလောက် ထိတ်လန့်မှာမဟုတ်ဘူး.. အခုက ထွန်းလွင် ကအနောက်ဘက်မှာ ကျန်ခဲ့တာ သေချာနေပြီ… ဒါဆို သူစကားပြောနေတဲ့သူ…သူပုခုံးဖက်ထားတဲ့သူကရော အေးစက်စက်ကိုယ်လုံးပိုင်ရှင်ကြီးက ဘယ်သူလဲ….. ၊ သိချင်စိတ်တွေနဲ့ ကြောက်လန့်စိတ်တွေ ရောထွေးလာရင်း သောက်ထားသမျှအရက်တွေက မူးတာမှန်သမျှအကုန် ယူပစ်သလို လွင့်စင်ကုန်ပြီး ဘေးကပုဂ္ဂိုလ်ကို လှည့်ကြည့်ဖို့ကြိုးစားလိုက်တော့တယ် သူ့ဘေးနားက လူက သူတို့ရွာထဲက ဆုံးသွားတာမကြာသေးတဲ့ ညီကျော်ဆိုတဲ့ လူပျိုပေါက်ကလေး… ၊ မြင်လိုက်ရတဲ့ မြင်ကွင်းက ညီကျော်ရဲ့ ရုပ်ပျက်ဆင်းပျက်မျက်နာကြီး… ညီကျော်ကိုအနီးကပ်မြင်လိုက်ရတော့ လင်းမြိုင်လည်း ခေါင်းကြီးတစ်ခုလုံး သုံးလေးဆလောက် ကြီးသွားသလို ခံစားလိုက်ရပြီးအော်တောင်မအော်နိုင်တော့ပဲ ချက်ချင်း သူ့ပုခုံးပေါ်က ညီကျော့်လက်ကို ပုတ်ချလိုက်ရင်း ရွာဆီကို ဦးတည်ပြီး ခြေကုန်ထွက်ပြေးသွားတော့တယ် ၊

ဒါကို ဖြစ်စဉ်အစအဆုံး မတွေ့လိုက်ပဲ သူငယ်ချင်း လင်းမြိုင် ထွက်ပြေးသွားတာကိုပဲ မြင်လိုက်သူ …. ကျန်ရစ်ခဲ့တဲ့အရက်သမား ထွန်းလွင် တစ်ယောက်…. ထွက်ပြေးသွားတဲ့သူငယ်ချင်းကို နားမလည်သလိုကြည့်နေမိတုန်း ၊ တစ်ဆက်တည်းဆိုသလို သူအနောက်ဘက် သချိ င်္င်းဘက်နားမှာ ပြေးလွှားနေတဲ့ ခြေသံတွေကိုလည်းအတိုင်းသား ကြားလိုက်ရပြီး ခြေသံတွေအဆုံးက သူ့ကျောဘက်နားမှာ ရပ်တန့်သွားပြီး နွေရာသီကြီးဖြစ်ပေမယ့် ကျောရိုးတစ်ခုလုံးအေးစိမ့်သွားလောက်တဲ့အထိ ခံစားချက်တစ်ခုကို ခံစားမိလိုက်တုန်း… ၊ အသံရှတတ လေသံလေးတစ်ခုက သူ့နားအနားကို ကပ်ပြောလိုက်တာကို ကြားလိုက်ရတယ်… “ ငါ မသေသေးဘူး… ” တဲ့…. ၊အရင်ကတည်းက ကြောက်တတ်သူမို့ ထွန်းလွင်လည်း လင်းမြိုင်နည်းတူ ထွက်ပြေးသွားခဲ့ရပြန်ပြီ ။ ခွေးအူသံတွေရုတ်တရက်ကြီးကျယ်လောင်လာရင်း တညံညံနဲ့ သြဘာပေးနေသလားမှတ်ရလောက်အောင်ပါပဲ ။

လူပြောများလာလို့ ပိုးထိပြီး ဆုံးသွားတဲ့ ညီကျော်တစ်ယောက် မကျွတ်ဘူးဆိုတာကို ကာယကံရှင် မိသားစုဝင်တွေကြားသိကြတော့ ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြတယ် ၊ ရွာကလူတွေလည်း ညဘက်ဆို ကြောက်လန့်နေကြရတဲ့အတွက်အများကတိုက်တွန်းပြီး ညီကျော်အတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးပါလို့ ဆိုလာတော့ ညီကျော့် မိသားစုဝင်တွေလည်း ညီကျော် ကွယ်လွန်ပြီး ၃လပြည့်အထိမ်းအမှတ်နဲ့ ရွာထဲက ဘုန်းတော်ကြီးတွေကို အိမ်မှာပင့်ဖိတ်လို့ ကွယ်လွန်သူ ညီကျော့်အတွက် ရည်စူးကုသိုလ် ပြုလုပ်ပေးဖြစ်ကြတယ် ၊ ကုသိုလ်တွေလုပ်ပြီး… အမျှအတမ်းဝေခါနီး ရေစက်ချမယ်လုပ်တဲ့အခါမှာ…. ညီကျော်တို့မိသားစုဝင်ထဲက ညီကျော့်အဒေါ်တော်စပ်သူ တစ်ယောက်ကအကောင်းကြီးကနေ တငိုငိုတရယ်ရယ်လုပ်ရင်း တစ်ကိုယ်လုံးလည်းတုန်နေတာကိုအားလုံးသတိထားမိလိုက်တယ် ၊ ဒါကို ရိပ်စားမိတဲ့ ဘုန်းတော်ကြီးတစ်ပါးက… “ ဒကာလေး ညီကျော်ရောက်လာတာလားကွဲ့ ” ဘုန်းတော်ကြီးမေးလိုက်တော့ တစ်ဘက်က ညီကျော်သရဲပူးကပ်နေတဲ့အမျိုးသမီးက ပြန်ဖြေတယ်

“ တင်ပါ့ဘုရား..တပည့်တော် ညီကျော်ပါဘုရား… ” “ ဒကာလေး မကျွတ်သေးဘူးလား…ကွဲ့… ဦးဇင်းတို့ ပြုလုပ်ပေးနေတဲ့ ကုသိုလ်တွေ မရလို့လား… မိသားစုတွေကလည်း မကြာမကြာလုပ်ပေးနေတာပဲလေ… ဒကာလေး ဒီကုသိုလ်တွေ မရလို့ မကျွတ်သေးတာများလား ” ဘုန်းကြီးနဲ့ ညီကျော်သရဲတို့အပြန်အလှန်ပြောနေကြတာကို ရေစက်ချပွဲရောက်နေကြတဲ့ ရွာကလူတွေကလည်း ပွဲတော်ကြီးတစ်ခုလိုမျိုး ဝိုင်းအုံကြည့်နေကြတယ်… ၊ ဘုန်းကြီးကမေးလိုက် ညီကျော်ကဖြေလိုက်နဲ့ တစ်ခါတစ်လေ ညီကျော်က ဒေါသသံပါပါစကားပြောတတ်သလို တစ်ခါတစ်လေ ဝမ်းနည်းတဲ့လေသံနဲ့ပြန်ဖြေတတ်သေးတယ် ၊ “ မဟုတ်ပါဘူး ဘုရား.. အီ..ဟီး… တပည့်တော် တပည့်တော်… မသေပဲအသတ်ခံရတာပါ ဘုရား… ” “ ဟင်.. ” ညီကျော်ပြန်ဖြေလိုက်တဲ့အဖြေကြောင့် တစ်ရွာလုံး မှင်သက်သွားကြတုန်း ဆရာတော်က ဆက်ပြီးမေးတယ် “ ပြောစမ်းပါဦး ဒကာလေးကို ဘယ်သူသတ်တာလဲ ”

ညီကျော်က ဒေါသတကြီး တုန်ယင်နေရင်း သူ့ပတ်ဝန်းကျင်က အမျိုးတွေကို လက်ညှိးထိုးပြပါလေရော..ညီကျော် လက်ညှိုးထိုးပြတာ ခံရတဲ့ လူတွေကလည်း သူတို့တွေ ဘာမှားခဲ့မှန်း မသိကြပဲအလိုလိုနေရင်း တုန်လှုပ်သွားကြတာအမှန်ပဲ… ဘာဖြစ်လို့လဲဆိုတော့ တစ်ရွာလုံးအကြည့်တွေ…သံသယမျက်လုံးတွေအများကြီးက သူတို့အပေါ်ရစ်သိုင်းလာပြီလေ ၊ “ သူတို့..သူတို့..သူတို့တွေ သတ်ခဲ့တာ… ” ညီကျော်စကားအဆုံး တစ်ဘက်က လက်ညှိုးအထိုးခံရတဲ့သူတွေကလည်း အကြောက်အကန်ငြင်းကြပြန်တာပေါ့ “ မ..မ..မဟုတ်ပါဘူး….တပည့်တော်တို့..ကျွန်တော်တို့ ညီကျော့်ကို လုံးဝမသတ်ပါဘူး… ” “ မဟုတ်ဘူး. မင်းတို့တွေ ငါ့ကို သတ်ခဲ့တာ… ” ညီကျော့် ဟန်ကအတော်လေး ဒေါသဖြစ်နေပုံပဲ “ မင်းတို့သတ်လို့ ငါသေခဲ့ရတာ…အီးဟီး.. တကယ်ဆို ငါမသေသင့်သေးဘူး..ငါလုပ်စရာတွေအများကြီး ရှိသေးတယ်..ငါငယ်ငယ်လေးပဲရှိသေးတာ.. ငါမသေချင်သေးဘူး..မင်းတို့တွေ ရက်စက်တယ် ” စကားပြောနေရင်းက ညီကျော် ငိုသံတွေပါ ပါလာတယ် ၊

ဒါကို ဆရာတော်က “ ကဲ ပါ ဒကာလေး ပြောပါ ဦးဇင်း ဒီကိစ္စကို တာဝန်ယူပါတယ်.. ၊အမှန်တရားအတိုင်း တရားမျှတစေရမယ်..ကဲပြောပါဦး ဒကာလေးဘယ်လို သေခဲ့ရတယ် သူတို့ ဘယ်လိုမျိုးနည်းနဲ့ ဒကာလေးကို သတ်ခဲ့ကြတယ်ဆိုတာ ဦးဇင်းသိချင်တယ် ” “ ဒီလိုပါအရှင်ဘုရား တပည့်တော် မမျှော်လင့်ပဲ ပိုးထိခဲ့ (မြွေကိုက်ခံ) ရတယ် ၊ မြွေကိုက်ခံရပြီး တပည့်တော် မေ့မျောနေတုန်း သုံးရက်မြောက်နေ့ညမှာ တပည့်တော်အိမ်က သူတို့..သူတို့..သူတို့တွေက တပည့်တော် ကို သေပြီအထင်နဲ့ ဖျာနဲ့လိပ်ပြီးအရှင်လတ်လတ် မြေမြှုပ်လိုက်ကြတယ်… ၊ မြေကြီးထဲရောက်မှ မြွေဆိပ်နဲ့ မြေဓါတ်နဲ့ ထိတွေကလို့လားမသိဘူး…တပည့်တော် သတိပြန်လည်လာတယ် ၊ တပည့်တော် မသေသေးဘူးဆိုတာ သူတို့မသိကြဘူး..အီးဟီး… ၊ သူတို့တပည့်တော်ကို သတ်တာ … ” ညီကျော်ပြောပြတဲ့ စကားကိုကြားတော့ တစ်ရွာလုံး အံ့သြသလို ဝမ်းလည်းနည်းသွားကြတယ်

“ ဒီမယ် ဒကာလေး… ဒီရွာရဲ့ဓလေ့ကိုက (………)ကိစ္စတွေနဲ့ ကွယ်လွန်ခဲ့ရင် အိမ်မှာ ကျောပူအောင်မထားရဘူးဆိုတဲ့အယူအဆတွေနဲ့ ကြီးပျင်းလာတဲ့ရွာလေးလေ… ၊အခုဖြစ်စဉ်မှာ ဒကာလေးဘက်ကအများကြီးနစ်နာသွားတာ ဦးဇင်းသိပါတယ်.. ၊ ဒါပေမယ့် ဒီလူတွေက ဒကာလေးပြောတာ နားထောင်ရသလောက် သူတို့တွေက ဒကာလေးအပေါ်မှာ သေစေချင်တဲ့စိတ်နဲ့ ပြုလုပ်ခဲ့တာ မဟုတ်ဘူးလေ… ၊အရာရာက ဖြစ်ချိန်တန်လို့ဖြစ်လာတာပါပဲ ဒကာလေး… ၊ ဟိုးရှေးတုန်းကလည်းအခု ဒကာလေးကြုံခဲ့တဲ့ အဖြစ်ဆိုးမျိုးနဲ့ တိုက်တိုက်ဆိုင်ဆိုင် ထပ်တူကျခဲ့တဲ့ အဖြစ်အပျက်လေးတွေရှိသေးတယ် ” ပြောပြောဆိုဆိုနဲ့ မေတ္တာတရားကို ရှေးရှုထားတဲ့ ဗုဒ္ဓတရားတော်တွေကိုအထိရောက်ဆုံးနဲ့မြန်မြန်လေး နားဝင်လွယ်အောင် ရှင်းပြ ဟောပြခဲ့ပါတော့တယ် ၊

ဆရာတော် တရားကိုလည်း ညီကျော်က မျက်ရည်တွဲလွဲနဲ့ လေးလေးစားစား နာယူပြီးတော့ ဆရာတော်က ညီကျော်အပါအဝင် ၃၁ဘုံကို ရည်စူးပြီး အမျှအတမ်း ပေးဝေတာတွေကိုပြုလုပ်ပေးပြီး ညီကျော်ကိုယ်တိုင် ရေစက်ချစေခဲ့တယ် ၊ ရေစက်ချ အမျှအတမ်းဝေပြီးတဲ့နောက်မှာတော့ ညီကျော်တစ်ယောက်လည်း သူဝင်ပူးထားတဲ့ ခဏကိုယ်က ထွက်သွားတော့တယ် … ညီကျော် ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်သွားပြီလို့လည်း အားလုံးက ယုံကြည့်ခဲ့ကြတယ် ၊အဲ့ဒီနောက်ပိုင်းမှာတော့ ညီကျော့်အကြောင်း ထပ်မကြားကြတော့တာအခုချိန်ထိပါပဲ…. ။ ညီကျော် တကယ်ရော ကျွတ်လွတ်သွားခဲ့ပြီလား ဒါမှမဟုတ် သူ့အကြောင်းကိုဖတ်နေကြတဲ့သူတွေအနားမှာပဲ ရောက်နေမလားဆိုတာကတော့….. ။

(မိုးစွေ)

Leave a Reply

Your email address will not be published. Required fields are marked *